Maprotiline (မာပရိုတယ်လ်လိုင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Maprotiline (မာပရိုတယ်လ်လိုင်း) Brand Name(s): Maprotiline (မာပရိုတယ်လ်လိုင်း).

အသုံးပြုပုံများ

Maprotiline (မာပရိုတယ်လ်လိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Maprotiline ကို စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း အမျိုးမျိုးကို ကုသရန် အတွက်သုံးသည်။ ၎င်းသည် စိတ် ခံစားမှုကို ကောင်းစေသည်။ ဤဆေးသည် tetracyclic antidepressants ဟုခေါ်သော ဆေးအမျိုးအစားတွင် ပါဝင်သည်။ ဤဆေးသည် ဦးနှောက်ရှိ သဘာဝ ဓာတုပစ္စည်းများ (neurotransmitters) ကို မျှတအောင် လုပ်ပေးသည်။

Maprotiline (မာပရိုတယ်လ်လိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ပါးစပ်မှ သောက်ပါ။ တစ်နေ့လျှင် ၁ ကြိမ်မှ ၃ ကြိမ် သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ တစ်နေ့ တစ်ကြိမ်သာ သောက်ပါက နေ့ပိုင်း အိပ်ငိုက်ခြင်း မဖြစ်အောင် အိပ်ယာဝင်ချိန်တွင် သောက်ပါ။ ဆေးညွှန်းသည် သင်၏ ကျန်းမာရေး အခြေအနေ နှင့် ကုသမှုအား တုံ့ပြန်ခြင်း အပေါ် မူတည်သည်။

ဘေးထွက်ဆိုးကျိုးများ နည်းအောင် ဆရာဝန်သည် ဤဆေးကို ပမာဏ နည်းနည်းဖြင့် စပေးနိုင်သည်။ တဖြည်းဖြည်း ဆေးပမာဏကို တိုးသွားသည်။ ဆရာဝန်၏ ညွှန်ကြားချက်များကို သေချာ လိုက်နာပါ။

သင် သက်သာသွား သော်လည်း ဤဆေးကို ဆက်သောက်ရန် အရေးကြီးသည်။ ဆရာဝန်ကို မတိုင်ပင်ဘဲ ဤဆေးကို မဖြတ်ပါနှင့်။ ဤဆေးကို ရုတ်တရက် ဖြတ်လိုက်သောအခါ အချို့ အခြေအနေများသည် ပိုဆိုးလာ နိုင်သည်။ စိတ်ခံစားမှု ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း စသော လက္ခဏာများ ခံစားရနိုင်သည်။ ထို လက္ခဏာများ မဖြစ်အောင် ဤဆေးကို ဖြတ်သောအခါ ဆရာဝန်သည် ဆေးပမာဏကို ဖြည်းဖြည်းချင်း လျော့ပေးသည်။

Maprotiline (မာပရိုတယ်လ်လိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Maprotiline ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Maprotiline ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Maprotiline တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Maprotiline ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Maprotiline (မာပရိုတယ်လ်လိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Maprotiline မသောက်မီ သင်သည် tricyclic antidepressants နှင့် ဓာတ်မတည့်ပါက ဆရာဝန်အား ပြောပါ။

ဤဆေးကို မသုံးခင် သင်၏ ကျန်းမာရေး ရာဇဝင် အထူးသဖြင့် သွေးထွက်သော ပြဿနာများ၊ အသက်ရှူ ပြဿနာများ၊ ကျောက်ကပ် ပြဿနာများ၊ အသည်း ပြဿနာများ ကို ဆရာဝန်အား ပြောပြပါ။

Maprotiline သည် နှလုံးခုန်သံ စည်းချက် (QT prolongation) ကို ထိခိုက်စေနိုင်သည်။ QT prolongation သည် ရှားသော်လည်း ပြင်းထန်သည်။ နှလုံးခုန်သံ မြန်ခြင်း နှင့် အခြား လက္ခဏာများ ( မူးဝေခြင်း၊ သတိလစ်ခြင်း) ကို ဖြစ်စေသည်။ ကျန်းမာရေး စောင့်ရှောက်မှု အမြန် လိုအပ်သည်။

သွေးထဲတွင် ပိုတက်စီယမ် သို့မဟုတ် မဂ္ဂနီစီယမ် နည်းပါက QT prolongation ဖြစ်နိုင်ချေ ပိုများသည်။ အချို့ ဆေးများ ( ဥပမာ ဆီးဆေး) သုံးပါက သို့မဟုတ် အလွန် ချွေးထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း ဖြစ်ပါက QT prolongation ပိုဖြစ်နိုင်သည်။ Maprotiline ကို ဘေးကင်းစွာ သုံးနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။

သင့်တွင် ဆီးချိုသွေးချို ရှိပါက ဤဆေးသည် သွေးတွင်း သကြား ပမာဏကို ထိန်းရာတွင် ပိုပြီး ခက်ခဲစေသည်။ သွေးတွင်း သကြားကို ပုံမှန် စောင့်ကြည့်ပြီး ဆရာဝန်အား ပြောပါ။ ဆရာဝန်သည် သင်၏ ဆီးချိုဆေး၊ လေ့ကျင့်ခန်းနှင့် စားသောက်ပုံကို ချိန်ညိရန် လိုအပ်နိုင်သည်။

ကိုယ်ဝန်ဆောင်စဉ် အတွင်း ဤဆေးကို အမှန်တကယ် လိုအပ်မှသာ သုံးသင့်သည်။ သင်သည် ကိုယ်ဝန်ရလာပါက၊ ကိုယ်ဝန်ယူရန် စီစဉ်ထားပါက ကိုယ်ဝန်ဆောင်စဉ် ဤဆေး သုံးခြင်း၏ ကောင်းကျိုး နှင့် ဆိုးကျိုးများကို ဆရာဝန်နှင့် ဆွေးနွေးပါ။

ဤဆေးသည် မိခင်နို့မှ ဖြတ်သွားသည်။ နို့စို့ ကလေးငယ် အပေါ် ဘယ်လိုသက်ရောက်သလဲ မသိရှိပါ။ ကလေး နို့မတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Maprotiline (မာပရိုတယ်လ်လိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Maprotiline သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Maprotiline မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Maprotiline သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Maprotiline (မာပရိုတယ်လ်လိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ ပါးစပ် ခြောက်ခြင်း၊ အမြင် ဝေဝါးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးသွားရ ခက်ခြင်းတို့ ဖြစ်နိုင်သည်။ ထို လက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်အား အသိပေးပါ။

မူးဝေခြင်း မဖြစ်အောင် ထိုင်နေရာ၊ လဲလျောင်းနေရာမှ ထသောအခါ ဖြည်းဖြည်း ထပါ။

ဝမ်းမချုပ်အောင် အမျှင်ဓာတ် များများ စားပါ။ ရေများများ သောက်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ဤဆေး သောက်နေစဉ် ဝမ်းချုပ်လာပါက ဝမ်းပျော့ဆေး သောက်ရန် ဆေးဝါးပညာရှင် နှင့် တိုင်ပင်ပါ။

သင့်အတွက် အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးများ ထက် ပိုများသည်ဟု ဆရာဝန်က ဆုံးဖြတ်သောကြောင့် ဤဆေးကို ပေးခြင်း ဖြစ်သည်။ ဤဆေး သုံးနေသော လူများစွာသည် ပြင်းထန်သော ဘေးထွက် ဆိုးကျိုးများ မခံစားရပါ။

အလွန်ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဥပမာ အလွန် မူးဝေခြင်း၊ နှလုံးခုန်သံ မြန်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ မျက်လုံး နာခြင်း/ရောင်ခြင်း/နီရဲခြင်း တို့ဖြစ်ပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Maprotiline (မာပရိုတယ်လ်လိုင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ဆေးများမှာ arbutamine, thyroid supplements, anticholinergic drugs (ဥပမာ benztropine, belladonna alkaloids), သွေးတိုးခြင်းကို ကုသသော central-acting drugs (ဥပမာ clonidine, guanabenz, guanadrel, methyldopa, reserpine) တို့ဖြစ်သည်။

ဤဆေးဖြင့် ကုသနေစဉ်အတွင်း MAO inhibitors (isocarboxazid, linezolid, methylene blue, moclobemide, phenelzine, procarbazine, rasagiline, safinamide, selegiline, tranylcypromine) သောက်ခြင်းကို ရှောင်ပါ။ MAO inhibitors အများစုကို ဤဆေး မသောက်ခင် ၂ ပတ် အတွင်း မသောက်သင့်ပါ။

  သင်သည် အိပ်ငိုက်စေသော အခြား ထုတ်ကုန်များ ဥပမာ အရက်၊ ဆေးခြောက်၊ antihistamines ( cetirizine, diphenhydramine), အိပ်ဆေးများ (alprazolam, diazepam, zolpidem) သောက်နေပါက ဆရာဝန်အား ပြောပါ။

Maprotiline သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Maprotiline (မာပရိုတယ်လ်လိုင်း) နဲ့ ဓာတ်ပြုနိုင်သလား

Maprotiline သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Maprotiline (မာပရိုတယ်လ်လိုင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Maprotiline သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေနိုင်သည်။ သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွား စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Maprotiline (မာပရိုတယ်လ်လိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ဓာတ်ကျခြင်းအတွက် ပုံမှန်လူကြီး ပမာဏ

အတော်အသင့် စိတ်ဓာတ်ကျသော ပြင်ပလူနာများ

အစပိုင်း ပမာဏ။ 75 mg တစ်နေ့ တစ်ကြိမ် သို့မဟုတ် ခွဲပြီး ပေးနိုင်သည်။

ဆက်ထိန်းပေးသော ပမာဏ။ 75 မှ 150 mg/day

အများဆုံး ပေးနိုင်သော ပမာဏ။ 225 mg/day

ဆိုးရွားစွာ စိတ်ဓာတ်ကျသော အတွင်းလူနာများ

အစပိုင်း ပမာဏ။ 100 မှ 150 mg တစ်နေ့ တစ်ကြိမ် သို့မဟုတ် ခွဲပြီး ပေးနိုင်သည်။

ဆက်ထိန်းပေးသော ပမာဏ။ 75 မှ 150 mg/day

အများဆုံး ပေးနိုင်သော ပမာဏ။ 225 mg/day

မှတ်ချက်။

အတော်အသင့် စိတ်ဓာတ်ကျသော လူနာများကို အစပိုင်း ပမာဏဖြင့် အနည်းဆုံး ၂ ပတ်လောက် ထားသင့်သည်။ ဆေးကို တဖြည်းဖြည်းချင်း 25 mg စီ တိုးသင့်သည်။

စိတ်ဓာတ်ကျခြင်းအတွက် ပုံမှန် သက်ကြီးရွယ်အို ပမာဏ

အတော်အသင့် စိတ်ဓာတ်ကျသော ပြင်ပလူနာများ

အစပိုင်း ပမာဏ။ 25 mg တစ်နေ့ တစ်ကြိမ် သို့မဟုတ် ခွဲပြီး ပေးနိုင်သည်။

ဆက်ထိန်းပေးသော ပမာဏ။ 50 မှ 75 mg/day

မှတ်ချက်။

အသက် ၆၀ ကျော် လူနာများသည် 50 မှ 75 mg/day ပမာဏ ဖြင့် တုံ့ပြန်မှု ကောင်းစွာရှိသည်။ လူနာအားလုံး အတွက် ဤပမာဏကို စဉ်းစားသင့်သည်။

စောင့်ကြည့်ခြင်း

အထူးသဖြင့် ဖျားသော၊ လည်ချောင်းနာသော လူနာများတွင် Leukocyte and WBC with differential

အထူးသဖြင့် ရေတိမ်ရှိသော လူနာများတွင် အမြင် စစ်ဆေးခြင်း

လူနာအား အကြံပြုချက်

ဤဆေးကို ရုတ်တရက် မဖြတ်ရန် လူနာအား သတိပေးပါ။

မိမိကိုယ်ကို သေကြောင်းကြံသော လက္ခဏာများ၊ ပုံမမှန်သော အပြုအမူများ ( ဥပမာ စိတ်တိုခြင်း၊ စိုးရိမ် ပူပန်ခြင်း၊ ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်း) ကို စောင့်ကြည့်ခိုင်းပါ။

လက်ရှိ သောက်နေသော ဆေးများ၊ ဆေးဖက်ဝင်များ အားလုံးကို တင်ပြရန် လူနာအား ပြောပါ။

ဤဆေးသည် အိပ်ငိုက်စေနိုင်သည်။ ဆေး၏ သက်ရောက်မှု ကို မသိမချင်း ကားမောင်းခြင်း၊ စက်ပစ္စည်းများ သုံးခြင်း မလုပ်သင့်ကြောင်း လူနာကို အသိပေးပါ။

ကလေးတွေအတွက် Maprotiline (မာပရိုတယ်လ်လိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Maprotiline (မာပရိုတယ်လ်လိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Maprotiline ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Maprotiline သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 9, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။