Invokana (အင်ဗိုကာန) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Invokana (အင်ဗိုကာန) Brand Name(s): Invokana (အင်ဗိုကာန).

အသုံးပြုပုံများ

Invokana (အင်ဗိုကာန) ကို ဘာအတွက်အသုံးပြုကြသလဲ

Invokana®ဟာ ဆီးချိုဆေးဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ပေးပါတယ်။ Canagliflozin ဟာ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ကျောက်ကပ်ကတဆင့် စွန့်ထုတ်နိုင်စေဖို့ အကူအညီပေးပါတယ်။

Invokana® ကို အမျိုးအစား (၂) ဆီးချိုဖြစ်သူ လူကြီးတွေမှာ ဆီးချိုဓာတ်ကို ထိန်းချုပ်နိုင်စေဖို့ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပေါင်းစပ်အသုံးပြုပါတယ်။ အမျိုးအစား (၁) ဆီးချိုအတွက် အသုံးမပြုပါဘူး။

Invokana (အင်ဗိုကာန) ဘယ်လိုသောက်သုံးသင့်သလဲ

များသောအားဖြင့် တနေ့တကြိမ်သောက်ရပါတယ်။ အညွှန်းစာမှာပါဝင်တဲ့ အချက်တွေကို သေချာလိုက်နာပါ။

ဆရာဝန်ဟာ ရံဖန်ရံခါ ဆေးပမာဏကိုပြောင်းလဲခြင်း ပြုလုပ်နိုင်ပါတယ်။ ညွှန်ထားတဲ့ပမာဏထက် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်း၊ ကြာကြာသောက်ခြင်း မလုပ်ပါနဲ့။

တနေ့တကြိမ်နဲ့ ပထမဆုံးအစာမစားခင် သောက်ပေးရပါတယ်။ ဒီဆေးသောက်ချိန်မှာ သွေးပေါင်ချိန်ကျနိုင်ပါတယ်။ ပျို့အန်ရင်၊ ၀မ်းပျက်ရင်၊ ပုံမှန်ထက်ချွေးထွက်ပိုများနေရင် ဆရာဝန်ပြပါ။ ဆေးသောက်ရာမှာ ရေများများနဲ့ သောက်ပါ။ နေ့စဉ် တူညီတဲ့အချိန်မှာ သောက်သုံးသင့်ပါတယ်။

ဆရာဝန်ဟာ အချိုဓာတ်ကျဆင်းခြင်းနဲ့ မစားမသောက်နိုင်တဲ့ အခြေအနေတွေအတွက် အရေးပေါ် glucagon ထိုးဆေးကို ဆောင်ထားဖို့ တိုက်တွန်းပါလိမ့်မယ်။ အရေးပေါ်အခြေအနေမှာ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဒီဆေးကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြထားပါ။

ရေငတ်ခြင်း၊ ဆီးသွားများခြင်း၊ အမြင်အာရုံဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ ဆီးချိုဓာတ်တက်လာတဲ့လက္ခဏာတွေကိုလည်း စောင့်ကြည့်ပါ။

စိတ်ဖိစီးမှု၊ နေမကောင်းခြင်း၊ ခွဲစိတ်ခြင်း၊ လေ့ကျင့်ခန်း၊ အရက်၊ အစာမစားခြင်း စတာတွေဟာ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု ရှိပါတယ်။

Invokana® ဟာ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ဆီးချိုပုံမှန်စစ်ဆေးခြင်း၊ ဆေးဝါးကုသခြင်း စတဲ့ကုသမှု အစီအစဉ်မှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခြင်း ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိကျစွာလိုက်နာပါ။

ဒီဆေးဟာ သကြားဓာတ်အတွက် ဓာတ်ခွဲစမ်းသပ်ခြင်းတချို့ကို အဖြေမှားစေနိုင်ပါတယ်။ Invokana® သောက်သုံးနေကြောင်း ဆရာဝန်ကိုဖွင့်ပြောပါ။

Invokana (အင်ဗိုကာန) ဘယ်လိုသိမ်းဆည်းရမလဲ

Invokana®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Invokana®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Invokana®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Invokana (အင်ဗိုကာန) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ၀ယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Invokana®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • ဆိုးရွားသော ကျောက်ကပ်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ဆေးနေရခြင်း

ဒီဆေးဟာ သန္ဓေသားကို ထိခိုက်စေသလား မသိနိုင်ပါဘူး။ ကိုယ်ဝန်ရှိနေရင်၊ ကိုယ်ဝန်ဆောင်မယ့် အစီအစဉ်ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ canagliflozin ဟာ မိခင်နို့ထဲဖြတ်သွားနိုင်သလား၊ နို့စို့နေတဲ့ကလေးကို ထိခိုက်မှုဖြစ်စေသလား မသိရပါဘူး။

အသက် ၁၈နှစ်အောက်မှာ သုံးစွဲဖို့ ခွင့်မပြုထားပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Invokana (အင်ဗိုကာန) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Invokana®ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Invokana®ဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် C ရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Invokana (အင်ဗိုကာန) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့

  • လိင်အင်္ဂါပိုးဝင်ခြင်း
  • ပုံမှန်ထက် ဆီးပိုသွားခြင်း

အောက်ပါလက္ခဏာတွေကြုံနေရရင် ဆရာဝန်ချက်ချင်းပြပါ။

  • သတိလစ်ချင်သလိုဖြစ်ခြင်း
  • ဆီးသွားစဉ်ပူခြင်း၊ နာကျင်ခြင်း
  • နာကျင်ခြင်း၊ ပူခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အနံ့ဆိုးခြင်း၊ အရည်ဆင်းခြင်း စသည့် ဆီးလမ်းကြောင်း ပိုးဝင်သည့် လက္ခဏာများ
  • ခြေထောက်တွင် နာကျင်ခြင်း၊ ထိလျှင်နာခြင်း၊ အနာဖြစ်ခြင်း၊ ပိုးဝင်ခြင်း
  • ပျို့အန်ခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း ပုံမှန်မဟုတ်ခြင်း၊ အားနည်းခြင်း၊ လှုပ်ရှားမှု မရှိခြင်း စသည့် ပိုတက်ဆီယမ်မြင့်တက်သည့် လက္ခဏာများ
  • ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အိပ်ငိုက်ခြင်း၊ အသ်ကရှူရခက်ခြင်း စသည့် သွေးအတွင်း အက်ဆစ်ဓာတ်မြင့်တက်သည့် လက္ခဏာများ
  • ကျောက်ကပ်ပြသနာများ။ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
  • ခြေကျင်းဝတ် ခြေဖမိုးတွင် ဖောရောင်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်း
  • ရေငတ်ခြင်း၊ ပူခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ချွေးထွက်များခြင်း၊ အသားအရေခြောက်သွေ့ခြင်း စသည့်ရေဓာတ်ခမ်းခြောက်သော လက္ခဏာများ

အင်ပျဉ်ထခြင်း၊ အသက်ရှူကြပ်ခြင်း၊ မျက်နှာ လျှာ နှုတ်ခမ်းနှင့် လည်ချောင်းရောင်ရမ်းခြင်း စတဲ့ဓာတ်မတည့်ခြင်း လက္ခဏာတွေရှိရင် ဆေးဝါးကုသမှု ချက်ချင်းခံယူပါ။

Invokana® သောက်နေချိန်မှာ သာမန်ထိခိုက်ခြင်းနဲ့တောင် အရိုးကျိုးတတ်ပါတယ်။ အရိုးကျိုးနိုင်ခြေပြသနာများကို ရှောင်ရှားနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Invokana (အင်ဗိုကာန) နဲ့ ဓာတ်ပြုနိုင်သလဲ

Invokana®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

Invokana®နဲ့ ဓာတ်ပြုနိုင်ခြေရှိတဲ့ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆီးဆေးများ
  • Digoxin, digitalis
  • Rifampin
  • Ritonavir
  • phenobarbital, phenytoin စသည့် အတက်ရောဂါကုဆေးများ

အစားအသောက်တွေနဲ့ အရက်က Invokana (အင်ဗိုကာန) နဲ့ ဓာတ်ပြုနိုင်သလား

Invokana®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Invokana (အင်ဗိုကာန) နဲ့ ဓာတ်ပြုနိုင်သလဲ

Invokana®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အောက်ပါရောဂါတွေနဲ့ ဓာတ်ပြုပြောင်းလဲခြင်းတွေ ၇ှိနိုင်ပါတယ်။

  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • ဆီးအိမ်ပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်းပြသနာများ
  • သွေးလည်ပတ်မှုဆိုင်ရာ ပြသနာများ
  • ဆီးချိုကြောင့်ဖြစ်သော အာရုံကြောပြသနာများ
  • ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ၊ ခြေထောက်ဖြတ်ခြင်း
  • ဓာတ်ဆားများ ဟန်ချက်မညီခြင်း (ဥပမာ ပိုတက်ဆီယမ်မြင့်တက်ခြင်း)
  • ကိုလက်စထရောမြင့်တက်ခြင်း
  • ဆီးချိုကြောင့် ကိုယ်ခန္ဓာတါင်း အက်ဆစ်ဓာတ်မြင့်တက်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Invokana (အင်ဗိုကာန) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများ အမျိုးအစား ၂ ဆိးချိုအတွက်

စစသောက်ချင်းမှာ ၁၀၀မီလီဂရမ်ကို တနေ့၁ကြိမ် သောက်ရပါတယ်။

အများဆုံး တနေ့ကို၁ကြိမ် ၃၀၀ မီလီဂရမ်ထိ သောက်နိုင်ပါတယ်။ ကျောက်ကပ်စစ်ထုတ်နှုန်း 60 mL/min/1.73 m2 နဲ့အထက်ရှိသူတွေမှာ ၁၀၀ မီလီဂရမ်နဲ့ အာနိသင်မတိုးသူတွေမှာ အသုံးပြုပါတယ်။

ကလေးတွေအတွက် Invokana (အင်ဗိုကာန) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာ သုံးစွဲရမယ့် ပမာဏကို မသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Invokana (အင်ဗိုကာန) ကိုဘယ်လိုရရှိနိုင်သလဲ

Invokana®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • canagliflozin ဆေးပြား ၁၀၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Invokana®ဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 25, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။