backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Iloprost

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Iloprost ကို ဘာအတွက်အသုံးပြုကြသလဲ

အဆုတ်တွင်း သွေးဖိအားများပြားခြင်း (သွေးပေါင်တက်ခြင်း)ကိုကုသဖို့အတွက် Iloprost ကိုအများဆုံးအသုံးပြုကြပါတယ်။ သင့်အနေနဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုပိုမိုပြုလုပ်လာနိုင်စွမ်းရှိစေဖို့ Iloprost ကကူညီပေးနိုင်တဲ့အပြင်အသက်ရှုမဝခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းအစရှိတဲ့ ရောဂါလက္ခဏာတွေကိုလည်းသက်သာစေပါတယ်။Iloprost ဟာအဆုတ်တွင်းမှာရှိတဲ့ သွေးလွှတ်ကြောတွေနဲ့ခန္ဓါကိုယ်ရဲ့အခြားနေရာတွေမှာရှိတဲ့ သွေးကြောတွေကို ပြေလျော့စေ၊ကျယ်စေတဲ့အတွက် သွေးအသွားအလာကိုပိုကောင်းစေခြင်းအားဖြင့်အာနိသင်ပြပါတယ်။Iloprost ဟာ သွေးကြောကျယ်စေတဲ့ ဆေးအမျိုးအစားတခု ဖြစ်ပါတယ်။

Iloprost ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းကို သေချာစွာဖတ်ရှုပါ။ ဒီဆေးဟာဖန်ပုလင်းလေးနဲ့လာတာဖြစ်ပါတယ်။ ဆေးပုလင်းကိုဘယ်လိုဖွင့်ပြီးအသုံးပြုရမလဲဆိုတဲ့လမ်းညွှန်ချက်ကို သေချာစွာဖတ်ရှုလိုက်နာပါ။Nebulizer လို့ခေါ်တဲ့ရှူဆေးစက်တမျိုးကိုအသုံးပြုပြီးဒီဆေးကိုရှူသွင်းရမှာပါ။Nebulizer ကိုဘယ်လိုစနစ်တကျအသုံးပြုပြီး ဆေးကိုရှူသွင်းမလဲဆိုတာနဲ့ပတ်သက်လို့သင့်ဆရာဝန်ကိုအသေးစိတ်မေးမြန်းပါ။ ကူးစက်ပိုးဝင်ခြင်းကိုကာကွယ်ဖို့အတွက် Nebulizer စက်ကိုဘယ်လိုစနစ်တကျသန့်စင်မလဲဆိုတာကိုလည်းသိထားရပါမယ်။

ဆေးရည်ကိုအသုံးမပြုခင်အရောင်ပြောင်းလဲခြင်းရှိမရှိသို့မဟုတ်အမှုန်တွေပါနေခြင်းရှိမရှိဦးစွာစစ်ဆေးရပါမယ်။ အရောင်ပြောင်းနေရင်သို့မဟုတ်အမှုန်တွေပါနေရင်လုံးဝအသုံးမပြုရပါဘူး။ ဒီဆေးကိုNebulizer စက်ထဲမှာအခြားသော ဆေးတွေနဲ့ ရောနှောခြင်းမပြုရပါဘူး။ ဒီဆေးကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းပါးစပ်ကနေရှူသွင်းရမှာဖြစ်ပြီးတနေ့ကို၆ – ၉ကြိမ်ရှူသွင်းရပါမယ်။ တကြိမ်နဲ့တကြိမ်အကြားအနည်းဆုံး၂နာရီ ခြားရပါမယ်။ ဒီဆေးရည်ကို သောက်သုံးခြင်းလုံးဝမပြုရပါဘူး။ ဆေးကိုအရေပြားဒါမှမဟုတ်မျက်စိနဲ့မထိပါစေနဲ့။ အကယ်၍ထိမိခဲ့ရင်ထိမိတဲ့နေရာကို ရေနဲ့အမြန်ဆေးပါ။ သင့်ရောဂါအခြေအနေ၊ဆေးကိုတုံ့ပြန်မှုတို့အပေါ်မူတည်ပြီးသုံးစွဲရမယ့် ဆေးပမာဏကွာခြားမှုရှိနိုင်ပါတယ်။

ဆေးရဲ့အကျိုးအာနိသင်အပြည့်အဝရရှိစေဖို့ ဆေးကိုပုံမှန်သုံးစွဲဖို့လိုအပ်ပါတယ်။ တနေ့တာရဲ့တူညီတဲ့အချိန်မှာသတ်သတ်မှတ်မှတ်သုံးစွဲခြင်းအားဖြင့် ဆေးသုံးစွဲဖို့ မေ့တာမျိုးမဖြစ်နိုင်တော့ပါဘူး။ သင်သုံးစွဲနေကျ Nebulizer စက် ကောင်းစွာအလုပ်မလုပ်တော့တဲ့အခြေအနေမျိုးမှာ ဆေးသုံးစွဲမှုမပျက်ကွက်စေဖို့အတွက်အရံ Nebulizer တခုလည်းအသင့်ရှိထားသင့်ပါတယ်။ သင့်ရောဂါအခြေအနေမသက်သာရင်ဒါမှမဟုတ်ပိုဆိုးလာရင်ဆရာဝန်ကိုအသိပေးပါ။

Iloprost ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။Iloprost ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Iloprost ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Iloprost ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။Iloprost ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။ ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။Iloprost ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Iloprost အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Iloprost နဲ့ဓါတ်မတည့်ခြင်းသို့မဟုတ်အခြားသောဓါတ်မတည့်ခြင်းတွေရှိနေရင်ဆရာဝန်ကိုကြိုတင်အသိပေးပါ။ ဒီဆေးမှာပါဝင်တဲ့ဓါတ်ပစ္စည်းတွေဟာဓါတ်မတည့်ခြင်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ သင့်ရောဂါရာဇဝင်အပြည့်အစုံကိုဆရာဝန်အားကြိုတင်အသိပေးပါ၊အထူးသဖြင့် သွေးပေါင်ကျခြင်း၊အသည်းပြဿနာ၊ကျောက်ကပ်ပြဿနာများရှိခြင်း၊သွေးဆိုင်ရာပြဿနာများရှိခြင်း၊အခြားသောအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း (ဥပမာပန်းနာရင်ကျပ်) စတဲ့အခြေအနေတွေမှာပေါ့။ ဒီဆေးဟာသင့်ကိုငိုက်မျဉ်းထိုင်းမှိုင်းစေပါလိမ့်မယ်။ ကားမောင်းခြင်း၊စက်ကိရိယာများကို မောင်းနှင်ခြင်းအပါအဝင်လန်းဆန်းနိုးကြားနေစေဖို့လိုအပ်တဲ့လုပ်ငန်းတွေကို ဆေးအာနိသင်ရှိနေချိန်မှာမပြုလုပ်သင့်ပါဘူး။ အရက်ကိုလည်းတန်သင့်ရုံသာ သောက်သုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့မဖြစ်မနေလိုအပ်မှသာဒီဆေးကိုသုံးစွဲသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးဆိုးပြစ်တွေနဲ့ပတ်သက်လို့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ဒီဆေးဟာမိခင်နို့ထဲမှာပါဝင်လာခြင်းရှိမရှိမသိရသေးပါဘူး။ ဒါကြောင့်သင့်အနေနဲ့ မိခင်နို့တိုက်ကျွေးမယ်ဆိုရင်ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Iloprost ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Iloprost ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊မေးရိုးနာခြင်း၊မေးရိုးကြွက်သားများအကြောဆွဲခြင်း၊မျက်နှာနီရဲခြင်း၊အိပ်မပျော်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေပိုဆိုးလာရင်ဒါမှမဟုတ်အချိန်ကြာမြင့်စွာဆက်လက်ရှိနေရင်ဆရာဝန်ကိုချက်ချင်းအသိပေးရပါမယ်။ မူးဝေထိုင်းမှိုင်းခြင်း၊သတိလစ်ခြင်းစတာတွေကို လျှော့ချနိုင်ဖို့အတွက်ထိုင်နေရာ၊လှဲနေရာကထတဲ့အခါဆတ်ခနဲမထဘဲ ဖြည်းညင်းစွာထရပါမယ်။ ဆေးရဲ့ ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက်ပိုမိုများပြားသာလွန်တယ်လို့သင့်ဆရာဝန်ကယူဆတဲ့အတွက်ဒီဆေးကိုသုံးစွဲစေခြင်းဖြစ်တယ်ဆိုတာကိုအမှတ်ရပါ။ ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ပြင်းထန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။ အသက်ရှုလျှင်တရွှီရွှီမြည်ခြင်း၊ကိုယ်အလေးချိန်ရုတ်တရက်တက်လာခြင်း၊အသက်ရှူရပိုခက်လာခြင်း၊ရင်ဘတ်အောင့်ခြင်း၊သတိလစ်မေ့လဲခြင်းအစရှိတဲ့ရှားပါးပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင်ဆရာဝန်ကိုချက်ချင်းအကြောင်းကြားရပါမယ်။။ ဒီဆေးကြောင့်အလွန်ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းမျိုး ဖြစ်ခဲပါတယ်။ ဒါပေမယ့်အနီစက်များထွက်လာခြင်း၊ယားယံခြင်း၊ရောင်ရမ်းခြင်း (အထူးသဖြင့်မျက်နှာ၊လျှာ၊လည်ချောင်းစသည်)၊အလွန်အမင်းငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းစတဲ့ ပြင်းထန်စွာဓါတ်မတည့်ခြင်းလက္ခဏာတွေပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။ ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Iloprost နဲ့ ဓါတ်ပြုနိုင်သလဲ

Iloprost ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Iloprost နဲ့ ဓါတ်ပြုနိုင်သလား

Iloprost ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Iloprost နဲ့ ဓါတ်ပြုနိုင်သလဲ

Iloprost ဟာသင့်သွေးပေါင်ချိန်ကိုကျစေပါတယ်။ သင့်ဆရာဝန်အနေနဲ့အခြားသော သွေးကျဆေးတွေကိုလည်းအသုံးပြုဖို့ညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မယ် (ဥပမာ furosemide ကဲ့သို့သောဆီးဆေးများ၊captopril ကဲ့သို့သော ACE inhibitors အုပ်စုဝင်ဆေးများ၊nifedipine ကဲ့သို့သော calcium channel blockers အုပ်စုဝင် ဆေးများ၊နိုက်ထရိတ်ကဲ့သို့သော သွေးကြောကျယ်စေသည့် ဆေးများစသဖြင့်)။ သွေးခဲခြင်းကိုကာကွယ်ဖို့အတွက် သွေးကျဲဆေးတွေကိုသုံးစွဲဖို့လည်းသင့်ဆရာဝန်ကညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မယ် (ဥပမာ warfarin)။ အကယ်၍သင့်အနေနဲ့ သွေးကျဲဆေးတွေကိုပါသုံးစွဲနေရတယ်ဆိုရင်တော့ သွေးယိုစီးနိုင်တဲ့အန္တရာယ်ပိုများပါတယ်။ ဒီလို ဖြစ်လာနိုင်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေကို ထောက်လှမ်းသိရှိနိုင်ဖို့အတွက်သင့်ဆရာဝန်အနေနဲ့ တောက်လျှောက်စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ အလွယ်တကူ သွေးယိုစီးခြင်း၊မူမမှန်စွာ သွေးယိုစီးခြင်း၊ပြင်းထန်စွာငိုက်မျဉ်းခြင်း၊သတိလစ်မေ့မျောခြင်းစတဲ့ ပြဿနာတွေ ပေါ်ပေါက်လာရင်ဆရာဝန်ကချက်ချင်းအသိပေးပါ။Iloprost ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Iloprost ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အဆုတ်သွေးကြောများအတွင်း သွေးဖိအားများခြင်းအတွက် :

ကနဦးဆေးပမာဏ : 2.5 mcg ကိုပါးစပ်ကနေတကြိမ်ရှူရပါမယ်။ ဒီပမာဏကိုခံနိုင်ရည်ရှိတယ်ဆိုရင် 5 mcg ပမာဏအထိတိုးပေးရမှာဖြစ်ပြီးဒီပမာဏမှာထိန်းထားရပါမယ်။

ဆက်လက်ပေးထားရမယ့်ပမာဏ : 2.5 သို့မဟုတ် 5 mcg ပမာဏကိုတနေ့၆ – ၉ကြိမ်ထိရှူနိုင်ပါတယ်။ နိုးနေစဉ်ကာလမှာ၂နာရီခြားတခါထက်ပိုမရှူရပါဘူး။ သုံးစွဲရမယ့်အကြိမ်အရေအတွက်ကတော့လူနာတဦးချင်းစီရဲ့လိုအပ်ချက်နဲ့ခံနိုင်ရည်ပေါ်မူတည်ပါတယ်။

အများဆုံးသုံးစွဲနိုင်တဲ့ပမာဏ : တနေ့ကို 45 mcg (တကြိမ်သုံးစွဲလျှင် 5 mcg ပမာဏနဲ့တနေ့၉ကြိမ်)။

မှတ်ချက် : အပေါ်သွေး၈၅ mmHg ထက်နည်းတဲ့လူနာတွေမှာ ဆေးစတင်သုံးစွဲခြင်းမပြုရပါဘူး။

ကျောက်ကပ်အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏချိန်ဆခြင်း

ကျောက်ကပ်မကောင်းသူများ (ကျောက်ကပ်ဆေးခြင်း ပြုလုပ်ရန်မလိုသူများ) : ဆေးပမာဏကိုအထူးတလည်ချိန်ဆဖို့မလိုပါ။

အသည်းအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏချိန်ဆခြင်း :

Child-Pugh Class A အသည်းမကောင်းခြင်း : တိကျခိုင်မာသောအချက်အလက်များမသိရှိရသေးပါ။

Child-Pugh Class B သို့မဟုတ် C အသည်းမကောင်းခြင်း : ဆေးတကြိမ်နဲ့တကြိမ်အကြားမှာအချိန်များများခြားခြင်း (ဥပမာ၃ – ၄နာရီခြားခြင်း) – လူနာရဲ့တုံ့ပြန်မှုအပေါ်မူတည်ပါတယ်။

ဆေးပမာဏချိန်ဆခြင်း :

သက်ကြီးရွယ်အိုများ : အသည်း၊ကျောက်ကပ်သို့မဟုတ်နှလုံးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာနိုင်ချေများတဲ့အပြင်အခြားသော ရောဂါများရှိနေခြင်း၊အခြားသော ဆေးဝါးကုသမှုများကိုလည်းခံယူနေရခြင်းစတဲ့အနေအထားတွေရှိနေနိုင်တာကြောင့် ဆေးပမာဏသတ်မှတ်ရွေးချယ်တဲ့အခါသတိကြီးစွာထားပြီး ရွေးချယ်ရပါမယ်။

အခြားမှတ်ချက်များ :

ဆေးသုံးစွဲခြင်းဆိုင်ရာအကြံပြုလမ်းညွှန်ချက်များ :

-ပါးစပ်မှ ဆေးရှူသွင်းခြင်းအတွက် I-neb(R) AAD(R) စနစ်ကိုအသုံးပြုပါ။

-ဆေးသုံးစွဲတဲ့အခါအနှောင့်အယှက်မဖြစ်စေဖို့အတွက် I-neb(R) AAD(R) စနစ် နောက်ထပ်တခုအရံရှိနေသင့်ပါတယ်။

-ရှူသွင်းရမယ့် ဆေးရည်တွေကိုအရေပြားသို့မဟုတ်မျက်စိနဲ့မထိပါစေနဲ့။ မြိုချခြင်းလည်းမပြုရပါဘူး။

ဆေးရည်ပြင်ဆင်ခြင်း/ဖျော်ခြင်းဆိုင်ရာအကြံပြုလမ်းညွှန်ချက်များ၊နည်းလမ်းများ

-I-neb(R) AAD(R) စနစ်ထဲမှာတခြားဆေးတွေနဲ့မရောပစ်လိုက်ပါနဲ့။

-ဆေးပုလင်းထဲမှာပါဝင်တဲ့ ဆေးအားလုံးကို (မသုံးစွဲခင်အချိန်လေးမှာမှ) ဆေးထည့်တဲ့အကန့်လေးထဲကို ပြောင်းထည့်ရမှာ ဖြစ်ပါတယ်။

-ဆေးတခါရှူပြီးတဲ့အခါအဆိုပါအကန့်လေးထဲမှာကျန်ရှိနေမယ့်လက်ကျန်အရည်တွေအားလုံးကိုစွန့်ပစ်ပါ။

အထွေထွေ :

5 mcg ဆေးပမာဏမှာထိန်းသိမ်းထားသူတွေနဲ့ဒီဆေးကိုကာလကြာရှည်စွာထပ်တလဲလဲသုံးစွဲနေရသူတွေမှာအသုံးပြုဖို့အတွက် 20 mcg/mL ပြင်းအားပမာဏကိုအရံသင့်ထားထားရပါမယ်။

-ဒီလိုမျိုး 20 mcg/mL ပြင်းအားပမာဏကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်တဲ့လူနာတွေမှာ ဆေးဒါဏ်ခံနိုင်ရည်ရှိစေဖို့ ဆေးသုံးစွဲတဲ့ကာလကို လျှော့ချပေးဖို့လိုအပ်ပါတယ်။

စောင့်ကြည့်ခြင်း :

-ဆေးစတင်သုံးစွဲနေချိန်မှာလူနာရဲ့နှလုံးခုန်နှုန်း၊သွေးပေါင်ချိန်၊အသက်ရှူနှုန်း၊ဆီးသွားမသွားစတဲ့အရေးကြီးအချက်တွေကို သေချာစွာ စောင့်ကြည့်နေရပါမယ်။

လူနာများအားအကြံပြုခြင်း :

-ဆေးရှူနည်းစနစ်မှန်ကန်စေဖို့ (အကြိမ်ရေမှန်မှန်ကန်ကန်သုံးစွဲဖို့၊ဆေးပုလင်းကိုမှန်ကန်စွာဖွင့်ပေါက်အသုံးပြုတတ်ဖို့၊I-neb(R) AAD(R) စနစ်ကိုမှန်ကန်စွာအသုံးပြုတတ်ဖို့၊စက်ကိုစနစ်တကျသန့်စင်တတ်ဖို့စသည်)အတွက်လမ်းညွှန်ချက်တွေကိုအတိအကျလိုက်နာရပါမယ်။

-သွေးပေါင်ကျတာမျိုး ဖြစ်လာနိုင်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့မိုက်ခနဲဖြစ်သွားခြင်း၊သတိလစ်ခြင်းတွေကိုပါ ကြောက်ရတာမို့မတ်တပ်ထတဲ့အခါ ဖြည်းဖြည်းချင်းပဲထပါ။

-မူးဝေထိုင်းမှိုင်းခြင်း၊မိုက်ခနဲဖြစ်ခြင်း၊သတိလစ်သွားခြင်းစတဲ့ ပြဿနာတွေပိုဆိုးလာရင်ဆရာဝန်ကိုအသိပေးပါ။

ကလေးတွေအတွက် Iloprost ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Iloprost ကိုဘယ်လိုရရှိနိုင်သလဲ

Iloprost ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • ရှူသွင်းရန် ဆေးရည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Iloprost ကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement