Idarubicin ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Idarubicin Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Idarubicin ကို ဘာအတွက်အသုံးပြုကြသလဲ

လူကီးမီးယားလို့ ခေါ်တဲ့ သွေးကင်ဆာတမျိုးကိုကုသပေးဖို့အတွက် Idarubicin ကိုအများဆုံးအသုံးပြုကြပါတယ်။Idarubicin ဟာ anthracyclines အုပ်စုဝင်ဆေးဝါးတမျိုးဖြစ်ပြီးကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို နှေးကွေးစေခြင်းသို့မဟုတ်ရပ်တန့်စေခြင်းအားဖြင့်အာနိသင်ပြပါတယ်။

Idarubicin ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကိုအကြောသွင်းဆေးအဖြစ်သုံးစွဲရမှာဖြစ်ပြီးဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းကျွမ်းကျင်သူမှထိုးပေးရမှာ ဖြစ်ပါတယ်။ သုံးစွဲရမယ့် ဆေးပမာဏကတော့သင့်ကျန်းမာရေးအခြေအနေ၊ခန္ဓါကိုယ်အရွယ်အစား၊ဆေးကိုတုံ့ပြန်မှုတို့အပေါ်မူတည်နေပါတယ်။ ဆေးနဲ့သင့်အရေပြားထိမိရင်ထိမိတဲ့နေရာကိုဆပ်ပြာ၊ရေစတာတွေကိုအသုံးပြုပြီးအမြန်ဆုံး ဆေးကြောပစ်ပါ။ အကယ်၍မျက်စိထဲ ဆေးဝင်သွားရင်မျက်စိကိုဖွင့်ပြီး ရေများများနဲ့ဆယ့်ငါးမိနစ်ခန့်ကြာအောင် ဆေးကြောသန့်စင်ပါ။ ပြီးတာနဲ့အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူပါ။ ဒီဆေးသုံးစွဲနေစဉ်ကာလမှာ ရေများများသောက်ပေးပါ။ ဒီလို သောက်ပေးခြင်းအားဖြင့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို လျော့နည်းသက်သာစေမှာပဲ ဖြစ်ပါတယ် (ဥပမာယူရစ်အက်ဆစ်ပမာဏများပြားခြင်း)။

Idarubicin ဘယ်လိုသိမ်းဆည်းရမလဲ

အပူချိန်၂ – ၈ဒီဂရီစင်တီဂရိတ် (၃၆ – ၄၆ဒီဂရီဖာရင်ဟိုက်)မှာသိုလှောင်သိမ်းဆည်းထားရမှာဖြစ်ပြီးအလင်းရောင်နဲ့မထိတွေ့စေရပါဘူး။ အသုံးပြုမယ့်အချိန်မှ ဆေးဗူးထဲကနေထုတ်ယူရမှာ ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Idarubicin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Idarubicin သို့မဟုတ်အခြားသော anthracyclines အုပ်စုဝင်ဆေးတွေ (ဥပမာ doxorubicin) နဲ့ဓါတ်မတည့်ခြင်းသို့မဟုတ်အခြားဓါတ်မတည့်ခြင်းတမျိုးမျိုးရှိနေရင်ဆရာဝန်ကိုကြိုတင်အသိပေးပါ။ ဒီဆေးမှာပါဝင်တဲ့ဓါတ်ပစ္စည်းတွေဟာဓါတ်မတည့်ခြင်းအပါအဝင်အခြားပြဿနာတွေကို ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ဆေးမသုံးစွဲမီသင့်ရောဂါရာဇဝင်နဲ့ပတ်သက်ပြီးဆရာဝန်ကိုကြိုတင်အသိပေးပါ၊အထူးသဖြင့် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ (ဥပမာ သွေးအားနည်းရောဂါ၊သွေးဆဲလ်ပမာဏလျော့နည်းတဲ့ ရောဂါစသည်)၊ဂေါက်ရောဂါ၊နှလုံးရောဂါတွေ (ဥပမာနှလုံးကောင်းစွာအလုပ်အလုပ်ခြင်း၊နှလုံးခုန်စည်းချက်မမှန်ခြင်းစသည်)၊ကျောက်ကပ်ရောဂါ၊အသည်းရောဂါခံစားနေရခြင်း၊ဓါတ်ရောင်ခြည်ကုသမှုခံယူနေရခြင်း (အထူးသဖြင့်ရင်ဘတ်နေရာမှာ) စတဲ့ ပြဿနာတွေရှိနေရင်ပေါ့။ သင့်ဆရာဝန်ရဲ့ခွင့်ပြုချက်မရှိဘဲကာကွယ်ဆေးထိုးခြင်းမပြုရပါဘူး။ မကြာသေးခင်ကပိုလီယိုအစက်ချကာကွယ်ဆေး သောက်သုံးထားသူတွေသို့မဟုတ်နှာခေါင်းကရှူရတဲ့တုပ်ကွေးကာကွယ်ဆေးရှူထားသူတွေနဲ့ထိတွေ့ခြင်းကိုလည်း ရှောင်ကျဉ်ရပါမယ်။ ရောဂါကူးစက်ပျံ့ပွားခြင်းကိုကာကွယ်ဖို့အတွက်လက်ကို သေချာစွာ ဆေးကြောရပါမယ်။

ထိခိုက်ဒါဏ်ရာရခြင်း၊ပြတ်ရှခြင်း၊သွေးခြေဥခြင်းစတာတွေကို လျှော့ချကာကွယ်နိုင်ဖို့အတွက်မုတ်ဆိတ်ရိတ်ဓါး၊လက်သည်းညှပ်အစရှိတဲ့ချွန်ထက်သောပစ္စည်းတွေကိုသတိပြုကိုင်တွယ်ရမှာဖြစ်သလိုတွန်းတွန်းတိုက်တိုက်ကစားရတဲ့အားကစားနည်းတွေကိုလည်း ရှောင်ကျဉ်ရပါမယ်။ ခွဲစိတ်ကုသမှုမခံယူခင်မှာလည်းသင့်အနေနဲ့ဒီဆေးသုံးစွဲနေကြောင်းဆရာဝန်ကိုကြိုတင်အသိပေးရပါမယ်။ သက်ကြီးရွယ်အိုတွေအနေနဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုပိုမိုခံစားရနိုင်တဲ့အတွက်သတိထားပြီးသုံးစွဲရပါမယ်။ အထူးသဖြင့်နှလုံးဆိုင်ရာ ပြဿနာတွေနဲ့ပိုမိုတွေ့ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ဒီဆေးကိုမသုံးစွဲသင့်ပါဘူး။ သန္ဓေသားကိုထိခိုက်နိုင်ပါတယ်။ သင့်မှာကိုယ်ဝန်ရှိနေရင်သို့မဟုတ်ကိုယ်ဝန်ရှိကောင်းရှိနေနိုင်တယ်လို့ထင်ရင်ဆရာဝန်ကိုချက်ချင်းအသိပေးရပါမယ်။ ဒီဆေးကိုသုံးစွဲနေသူတွေအနေနဲ့ကိုယ်ဝန်ရှိလာခြင်းကိုကာကွယ်ဖို့အတွက် (ကျားမမဟူ) ထိရောက်တဲ့သားဆက်ခြားနည်းလမ်းတွေ (ဥပမာသန္ဓေတားဆေး၊ကွန်ဒုံးစသည်)ကိုဂရုတစိုက်သုံးစွဲပေးဖို့လိုအပ်ပါတယ်။ သားဆက်ခြားနည်းလမ်းအမျိုးမျိုးရဲ့ထိရောက်မှုအာနိသင်တွေကိုအသေးစိတ်သိရှိနိုင်စေဖို့သင့်ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဒီဆေးဟာမိခင်နို့ရည်ထဲမှာပါဝင်လာခြင်းရှိမရှိမသိရပါဘူး။ နို့စို့ကလေးငယ်ကိုထိခိုက်ကောင်းထိခိုက်စေနိုင်တဲ့အတွက်ဒီဆေးသုံးစွဲနေစဉ်ကာလမှာမိခင်နို့တိုက်ကျွေးခြင်းကိုမပြုလုပ်သင့်ပါဘူး။ သင့်ဆရာဝန်နဲ့ဦးစွာတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Idarubicin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Idarubicin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပျို့အန်မအီမသာဖြစ်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ ဆေးတွေကိုသုံးစွဲဖို့သင့်ဆရာဝန်က (အချို့အခြေအနေတွေမှာ) ညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မယ်။ အစားအစာကိုနည်းနည်းနဲ့မကြာခဏစားပေးခြင်း၊ဆေးမထိုးခင်အစာလုံးဝမစားခြင်းဒါမှမဟုတ်တတ်နိုင်သမျှလှုပ်လှုပ်ရှားရှားမလုပ်ဘဲ နေထိုင်ခြင်းစတဲ့အချက်တွေကိုလိုက်နာခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေကို လျော့ကျစေပါမယ်။ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကာလကြာရှည်စွာရှိနေရင်ဒါမှမဟုတ်ပိုဆိုးလာရင်ဆရာဝန်ကိုချက်ချင်းအသိပေးပါ။ ယာယီဆံပင်ကျွတ်ခြင်းဟာအဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတခုပါ။ ဆေးရပ်လိုက်ပြီဆိုတာနဲ့ပုံမှန်ဆံပင်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။ ဆေးရဲ့ ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက်ပိုမိုများပြားသာလွန်တယ်လို့သင့်ဆရာဝန်ကယူဆတဲ့အတွက်ဒီဆေးကိုသုံးစွဲစေခြင်းဖြစ်တယ်ဆိုတာကိုအမှတ်ရပါ။ ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ပြင်းထန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။

ပြင်းထန်စွာဗိုက်အောင့်ဗိုက်နာခြင်း၊စိတ်ခံစားမှုဆိုင်ရာအပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း (ဥပမာစိတ်ရှုပ်ထွေးခြင်း)၊ခြေ/လက်များထုံကျဉ်ခြင်း၊လက်ဖဝါး/ခြေဖဝါးများတွင်အနီစက်များ/အရည်ကြည်ဖုများ ပေါ်ပေါက်လာခြင်း၊မူမမှန်စွာ သွေးယိုစီးခြင်း/သွေးခြေဥခြင်း (ဥပမာအရေပြားပေါ်တွင်အနီစက်များ ပေါ်လာခြင်း၊ဝမ်းမည်းမည်းများသွားခြင်း၊ဝမ်းထဲ သွေးပါခြင်း၊ဆီးထဲသွေးပါခြင်း၊ကော်ဖီအနှစ်ရောင်များအန်ခြင်းစသည်) အစရှိတဲ့ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာရင်ဆရာဝန်ကိုချက်ချင်းအသိပေးရပါမယ်။ ပါးစပ်နဲ့လည်ချောင်းနာကျင်ခြင်း၊အနာများ ပေါက်ခြင်းတို့လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ သွားတိုက်တဲ့အခါညင်သာစွာတိုက်ပါ၊ဂရုတစိုက်တိုက်ပါ။ အယ်လ်ကိုဟောပါဝင်တဲ့ပါးစပ်သန့်စင်ဆေးတွေကို ရှောင်ကျဉ်ပါ။ ရေအေးနဲ့မုန့်ဖုတ်ဆိုဒါဒါမှမဟုတ်ဆားတို့ကိုရောပြီးမကြာခဏအာလုပ်ကျင်းပေးပါ။ နူးညံ့ပြီးစိုစွတ်တဲ့အစာတွေကိုစားပေးတာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တက်ခြင်းအစရှိသောရှားပါးပေမယ့်ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။ ဒီဆေးကြောင့်အလွန်ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းမျိုး ဖြစ်ခဲပါတယ်။ ဒါပေမယ့်အနီစက်များထွက်လာခြင်း၊ယားယံခြင်း၊ရောင်ရမ်းခြင်း (အထူးသဖြင့်မျက်နှာ၊လျှာ၊လည်ချောင်းစသည်)၊အလွန်အမင်းငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းစတဲ့ ပြင်းထန်စွာဓါတ်မတည့်ခြင်းလက္ခဏာတွေပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူရပါမယ်။ ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Idarubicin နဲ့ ဓါတ်ပြုနိုင်သလဲ

အခြားသောကင်ဆာဆေးများဟာ Idarubicin နဲ့ဓါတ်ပြုနိုင်ပါတယ် (အထူးသဖြင့် doxorubicin ကဲ့သို့သော anthracyclines အုပ်စုဝင် ဆေးဝါးများ)။

Idarubicin ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Idarubicin နဲ့ ဓါတ်ပြုနိုင်သလား

Idarubicin ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Idarubicin နဲ့ ဓါတ်ပြုနိုင်သလဲ

Idarubicin ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Idarubicin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Acute Myeloid Leukemia သွေးကင်ဆာအတွက် :

12 mg/m2 ပမာဏကို cytarabine နဲ့ ရောပြီးအကြောသွင်းဆေးအဖြစ်သုံးရက်တိတိ နေ့စဉ်သွင်းရမှာဖြစ်ကာ ဆေးသွင်းတဲ့အခါ ဖြည်းညင်းစွာသွင်းရပါမယ် (၁၀ – ၁၅မိနစ်ကြာအောင်သွင်းရပါမယ်)။

အကြောသွင်းဆေးပုံစံအဖြစ်အသုံးပြုခြင်းအတွက်အများဆုံးအသုံးပြုနိုင်တဲ့ပမာဏကတော့ 150 mg/m2 ဖြစ်ပါတယ်။ လူကီးမီးယားသွေးကင်ဆာရဲ့ ရောဂါလက္ခဏာတွေထင်ရှားစွာ ပြသနေတဲ့လူနာတွေမှာတော့ပထမတကြိမ် (သုံးရက်ဆက်တိုက်) သွင်းအပြီးမှာဒုတိယအကြိမ်ဆက်သွင်းဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။

မှတ်ချက် : mucosa ရောင်ရမ်းခြင်းဝေဒနာကို ပြင်းထန်စွာခံစားရတဲ့လူနာတွေမှာတော့ဒီပြဿနာသက်သာသွားတဲ့အချိန်မှသာဒုတိယတကြိမ် ဆေးသွင်းဖို့စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးပမာဏကို၂၅ရာခိုင်နှုန်းအထိ လျှော့ချရပါမယ်။

အသုံးပြုခြင်း : အခြားသောအသိအမှတ်ပြုကင်ဆာဆေးတမျိုးမျိုးနဲ့ ပေါင်းစပ်ပြီး acute myeloid leukemia (AML) သွေးကင်ဆာကိုကုသဖို့အသုံးပြုပါတယ် (French-American-British [FAB] အမျိုးအစားခွဲခြင်းပုံစံ M1 ကနေ M7 အထိပါဝင်ပါတယ်)။

Acute Nonlymphocytic Leukemia သွေးကင်ဆာအတွက်

12 mg/m2 ပမာဏကို cytarabine နဲ့ ရောပြီးအကြောသွင်းဆေးအဖြစ်သုံးရက်တိတိ နေ့စဉ်သွင်းရမှာဖြစ်ကာ ဆေးသွင်းတဲ့အခါ ဖြည်းညင်းစွာသွင်းရပါမယ် (၁၀ – ၁၅မိနစ်ကြာအောင်သွင်းရပါမယ်)။

အကြောသွင်းဆေးပုံစံအဖြစ်အသုံးပြုခြင်းအတွက်အများဆုံးအသုံးပြုနိုင်တဲ့ပမာဏကတော့ 150 mg/m2 ဖြစ်ပါတယ်။ လူကီးမီးယားသွေးကင်ဆာရဲ့ ရောဂါလက္ခဏာတွေထင်ရှားစွာ ပြသနေတဲ့လူနာတွေမှာတော့ပထမတကြိမ် (သုံးရက်ဆက်တိုက်) သွင်းအပြီးမှာဒုတိယအကြိမ်ဆက်သွင်းဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။

မှတ်ချက် : mucosa ရောင်ရမ်းခြင်းဝေဒနာကို ပြင်းထန်စွာခံစားရတဲ့လူနာတွေမှာတော့ဒီပြဿနာသက်သာသွားတဲ့အချိန်မှသာဒုတိယတကြိမ် ဆေးသွင်းဖို့စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးပမာဏကို၂၅ရာခိုင်နှုန်းအထိ လျှော့ချရပါမယ်။

အသုံးပြုခြင်း : အခြားသောအသိအမှတ်ပြုကင်ဆာဆေးတမျိုးမျိုးနဲ့ ပေါင်းစပ်ပြီး acute myeloid leukemia (AML) သွေးကင်ဆာကိုကုသဖို့အသုံးပြုပါတယ် (French-American-British [FAB] အမျိုးအစားခွဲခြင်းပုံစံ M1 ကနေ M7 အထိပါဝင်ပါတယ်)။

ကျောက်ကပ်အခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကိုချိန်ဆခြင်း

-ကျောက်ကပ်ပြဿနာရှိသူတွေမှာ ဆေးပမာဏကို လျှော့ချသင့်ပါတယ်။

အသည်းအခြေအနေပေါ်မူတည်ပြီး ဆေးပမာဏကိုချိန်ဆခြင်း

-အသည်းပြဿနာရှိသူတွေမှာ ဆေးပမာဏကို လျှော့ချသင့်ပါတယ်။

ဆေးပမာဏကိုချိန်ဆခြင်း :

mucosa ရောင်ရမ်းခြင်းဝေဒနာကို ပြင်းထန်စွာခံစားရတဲ့လူနာတွေမှာတော့ဒီပြဿနာသက်သာသွားတဲ့အချိန်မှသာဒုတိယတကြိမ် ဆေးသွင်းဖို့စီစဉ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးပမာဏကို၂၅ရာခိုင်နှုန်းအထိ လျှော့ချရပါမယ်။

အခြားသောမှတ်ချက်များ :

အထွေထွေ :

-ပထမတကြိမ်ကုသမှုခံယူရတဲ့အသက်၆၀အထက်လူနာတွေမှာနှလုံးကောင်းစွာအလုပ်မလုပ်ခြင်း၊ပြင်းထန်စွာနှလုံးစည်းချက်မမှန်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးကြွက်သားပုပ်ခြင်း၊ဘယ်ဖက်သွေးလွှတ်ခန်းရဲ့စွမ်းဆောင်ရည်ကျဆင်းခြင်းစတဲ့ ပြဿနာတွေကိုအသက်ငယ်ရွယ်တဲ့လူနာတွေထက်ပိုမိုခံစားရတတ်ပါတယ်။

-ပထမတကြိမ်ကုသမှုခံယူခြင်း၊ဆေးပမာဏကိုထိန်းသိမ်းတဲ့အနေနဲ့ဆက်သွင်းခြင်းစတဲ့ကုသမှုတွေကိုခံယူနေသောလူနာအားလုံးရဲ့ရိုးတွင်းချဉ်ဆီမှ သွေးဆဲလ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်ကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။

ဆေးဖျော်ခြင်း :

ဆေးညွှန်းမှာ ဖော်ပြထားတဲ့အတိုင်းအတိအကျလိုက်နာပြီးဂရုတစိုက်ဖျော်ပါ။

အကြောသွင်းဆေးနှင့်သင့်တော်ခြင်းရှိမရှိ :

ဆေးညွှန်းမှာကြည့်ပါ။

စောင့်ကြည့်ခြင်း :

-ကုသမှုမခံယူခင်၊ခံယူနေစဉ်နဲ့ခံယူအပြီးမှာပုံမှန်အသုံးပြုနေကျဓါတ်ခွဲစစ်ဆေးမှုတွေ (သွေးတွင်း bilirubin နဲ့ creatinine ပမာဏကိုစစ်ဆေးခြင်း)ကိုအသုံးပြုပြီးအသည်းနဲ့ ကျောက်ကပ်အခြေအနေကို စောင့်ကြည့်နေရပါမယ်။

-သွေးဆိုင်ရာလုပ်ငန်းဆောင်တာတွေကိုလည်းဂရုတစိုက်သတိထားပြီး စောင့်ကြည့်ရပါမယ်။

-နှလုံးဆိုင်ရာလုပ်ငန်းဆောင်တာတွေကိုလည်းဂရုတစိုက်သတိထားပြီး စောင့်ကြည့်ရပါမယ်။

လူနာများကိုအကြံပေးခြင်း :

ဒီဆေးဟာအသုံးပြုပြီး၁ – ၂ရက်ကြာတဲ့အထိဆီးကိုအနီရောင်ပြောင်းစေတတ်ပါတယ်။ ဒါဟာ ပြဿနာမဟုတ်တဲ့အကြောင်းလူနာတွေကိုကြိုတင်အသိပေးထားရပါမယ်။

ကလေးတွေအတွက် Idarubicin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Idarubicin ကိုဘယ်လိုရရှိနိုင်သလဲ

Idarubicin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • အကြောသွင်းဆေးရည်။
  • အကြောသွင်းဆေးရည်ဖျော်ရန် ဆေးမှုန့်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများ သို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Idarubicin ကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 21, 2019