Generic Name: Fugerel (ဖူဂျရာယ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Fugerel (ဖူဂျရာယ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Fugerel® ဟာ စတီးရွိုက်မဟုတ်တဲ့ ကျားဟော်မုန်းဆန့်ကျင်ဆေးတမျိုးဖြစ်တဲ့အတွက် androgens (ကျားဟော်မုန်း) ရဲ့ အာနိသင်တွေကို ကာကွယ်ဖို့ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ဆီးကျိတ်ကင်ဆာကို ကုသဖို့အတွက် Fugerel® နဲ့ အခြားသော ဟော်မုန်းတွေကို တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

Flutamide ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။

Fugerel (ဖူဂျရာယ်) ဘယ်လိုသောက်သုံးသင့်သလဲ

Flutamide ကို ၈နာရီခြားတခါ သောက်ရမှာဖြစ်ပြီး ရေများများနဲ့ သောက်ရပါမယ်။ဝမ်းလျှောတာကို ကာကွယ်ဖို့အတွက် အထူးစီမံထားတဲ့ စားသောက်မှုပုံစံကို သင့်ဆရာဝန်က စီစဉ်ညွှန်ကြားပါလိမ့်မယ်။Flutamide သုံးစွဲမှုကို ရုတ်တရက် မရပ်လိုက်ရပါဘူး။ဒီလို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် သင့်ရောဂါအခြေအနေကို ပိုဆိုးစေမှာဖြစ်တာမို့ သင့်ဆရာဝန်ညွှန်ကြားချက်တွေကို ဂရုတစိုက်နဲ့ လိုက်နာရပါမယ်။

Fugerel (ဖူဂျရာယ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Fugerel® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Fugerel® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Fugerel® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Fugerel® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Fugerel® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fugerel (ဖူဂျရာယ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Fugerel® ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ မတည့်ဖူးဆိုရင် ဒီဆေးကို မသုံးစွဲသင့်ပါဘူး။Fugerel® ကို luteinizing hormone-releasing hormone (LHRH) လို့ခေါ်တဲ့ ဟော်မုန်းတမျိုးနဲ့ တွဲဖက်ပြီး ဆီးကျိတ်ကင်ဆာကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။အဆိုပါဆေးတွေဟာ ဝှေးစေ့ကနေ testosterone ဟော်မုန်းထွက်ရှိခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။Flutamide ဟာ ဆိုးရွားပြင်းထန်တဲ့ အသည်းပြဿနာတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။

တကယ်လို့သင့်အနေနဲ့ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊ယားယံခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးအရောင်မည်းခြင်း၊ဝမ်းရောင်ဖြူဖျော့ခြင်း ဒါမှမဟုတ် အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမယ်။

Flutamide ကို သုံးစွဲနေစဉ်ကာလမှာ သင့်အနေနဲ့ မကြာခဏဆိုသလို သွေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။Flutamide ကို အမျိုးသမီးတွေနဲ့ ကလေးတွေမှာ လုံးဝအသုံးမပြုသင့်ပါဘူး။Flutamide ဟာ အမျိုးသမီးတွေအတွက်မဟုတ်သော်ငြား အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ Flutamide နဲ့ တနည်းတဖုံထိတွေ့မိမယ်ဆိုရင် သန္ဓေသားမှာ ကိုယ်လက်အင်္ဂါချို့ယွင်းတာမျိုးတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fugerel (ဖူဂျရာယ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Fugerel (ဖူဂျရာယ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေက

  • ရင်သားတင်းခြင်း၊ရောင်ခြင်း။
  • တကိုယ်လုံးပူထူနေခြင်း။
  • အော့အန်ခြင်း။
  • ဝမ်းလျှောခြင်း။
  • မြုံခြင်း၊လိင်စိတ်နည်းပါးခြင်း။

အဖုအပိန့်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းရောင်ရမ်းခြင်း အစရှိတဲ့ ဓာတ်မတည့်ခြင်းလက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံးခံယူရပါမယ်။Fugerel® ဟာ ပြင်းထန်ဆိုးရွားတဲ့ အသည်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ခြင်းအသိပေးရပါမယ်။

  • ပျို့ခြင်း၊မအီမသာဖြစ်ခြင်း။
  • ဗိုက်နာ၊ဗိုက်အောင့်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ယားယံခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • တုပ်ကွေးလက္ခဏာများ ခံစားရခြင်း။
  • ဆီးအရောင်မည်းခြင်း။
  • ဝမ်းအရောင်ဖျော့ခြင်း။
  • အသားဝါခြင်း ၊မျက်ဖြူသားဝါခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Fugerel (ဖူဂျရာယ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Fugerel® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အထူးသဖြင့် သွေးကျဲဆေးတွေကို သုံးစွဲနေတဲ့အခါ ဖြစ်ပါတယ် (warfarin, Coumadin, Jantoven စသည်)။

အစားအသောက်တွေနဲ့ အရက်က Fugerel (ဖူဂျရာယ်) နဲ့ ဓာတ်ပြုနိုင်သလား

Fugerel® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fugerel (ဖူဂျရာယ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Fugerel® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အောက်ပါကျန်းမာရေးအခြေအနေတွေ ရှိပါက သင့်ဆရာဝန်ကို ကြိုတင်အသိပေးပါ။

  • အသည်းရောဂါ။
  • glucose-6- phosphate dehydrogenase (G6PD) လို့ခေါ်တဲ့ အင်ဇိုင်းမ်တမျိုး မွေးရာပါ ချို့တဲ့ခြင်း။
  • Hemoglobin M disease (သွေးရောဂါတမျိုး)။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fugerel (ဖူဂျရာယ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏ : တခါသောက် ဆေးတတောင့်နှုန်းနဲ့ တနေ့သုံးကြိမ် သောက်ရမှာဖြစ်ပါတယ် (၈နာရီခြားတကြိမ်)။တနေ့တာအတွက် စုစုပေါင်း သောက်ရမယ့် ဆေးပမာဏမှာ ၇၅၀ မီလီဂရမ်ဖြစ်ပါတယ်။

ကလေးတွေအတွက် Fugerel (ဖူဂျရာယ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Fugerel (ဖူဂျရာယ်) ကိုဘယ်လိုရရှိနိုင်သလဲ

Fugerel® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား Flutamide  ၂၅၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Fugerel® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ