Fosamax (ဖိုဆာမက်စ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Fosamax (ဖိုဆာမက်စ်) Brand Name(s): Fosamax (ဖိုဆာမက်စ်).

အသုံးပြုပုံများ

Fosamax (ဖိုဆာမက်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Fosamax® ကို  အရိုးပွရောဂါအား ကုသရန်နှင့် ကာကွယ်ရန်အတွက် အချို့လူနာများတွင် အသုံးပြုသည်။ ၎င်းကို အခြား အခြေအနေများအတွက် ဆရာဝန် သတ်မှတ်သည့်အတိုင်း အသုံးပြုနိုင်သည်။

Alendronate သည် bisphosphonate ဖြစ်သည်။ ၎င်းသည် အရိုး ပျက်စီးခြင်းကို နှေးစေသည်။

Fosamax (ဖိုဆာမက်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

Fosamax® ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ။ တိကျသော ဆေးညွှန်းရရှိရန် ဆေးစာကို ဖတ်ပါ။

Fosamax® တစ်ခုလုံးကို မျိုချပါ။ မချိုးပါနှင့်။ မကြိတ်ချေပါနှင့်။ ဝါးမစားပါနှင့်။ မျိုမချမီ ဆေးပြားကို မစုပ်ပါနှင့်။

Fosamax® ကို မနက်ပိုင်း အစာမစားမီတွင် ပါးစပ်မှ သောက်ပါ။ နေ့တစ်နေ့၏ ပထမဆုံး စားစရာ၊ အရည် သို့မဟုတ် အခြားဆေး မသောက်မီ အနည်းဆုံး မိနစ် ၃၀ အလိုတွင် သောက်ပါ။ Fosamax® ကို အိပ်ယာဝင်ချိန် သို့မဟုတ် မနက်ပိုင်း အိပ်ယာမှ မထမီ မသောက်ပါနှင့်။

Fosamax® ကို ရေတစ်ဖန်ခွက် အပြည့် ( ၈ အောင်စ/ ၂၄၀ မီလီ လီတာ) ဖြင့်သောက်ပါ။ Alendronate ကို ဓာတ်ဆားရည်၊ ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် သစ်သီးရည်ဖြင့် မသောက်ပါနှင့်။ Fosamax® သောက်ပြီး နောက် မိနစ် ၃၀ အတွင်း မလဲလျောင်းပါနှင့်။ နေ့တစ်နေ့၏ ပထမ အစာ မစားခင်အထိ မလဲလျောင်းပါနှင့်။

Fosamax® ဘယ်လိုသောက်သင့်သလဲကို သေချာ နားလည်အောင်လုပ်ပါ။ မေးစရာ တစ်ခုခုရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ကို ဆက်သွယ်ပါ။

သင် သက်သာသွားသော်လည်း Fosamax® ကို ဆက်သုံးပါ။ ဆေးပမာဏကို မချန်လှပ်ပါနှင့်။

Fosamax (ဖိုဆာမက်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

Fosamax® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Fosamax® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Fosamax® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Fosamax® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fosamax (ဖိုဆာမက်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Fosamax® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင့်တွင် အစာအိမ် သို့မဟုတ် အူ ပြဿနာများ ( ဥပမာ ရောင်ရမ်းခြင်း၊ အနာ)၊ အစာရေမျိုပြွန် ပြဿနာများ ( ဥပမာ ရင်ပူခြင်း၊ ပြန်စီးခြင်း၊ ပြင်းထန်သော ရောင်ရမ်းခြင်း) သို့မဟုတ် ကျောက်ကပ်ပြဿနာများ ဖြစ်ဖူးပါက၊ မျိုချရ ခက်ခဲခြင်း၊ မျိုချသောအခါ နာကျင်ခြင်း ဖြစ်ဖူးပါက
  • သင့်တွင် ဗီတာမင် ဒီ ပမာဏ နည်းခြင်း၊ ကင်ဆာ၊ သွေးအားနည်းခြင်း၊ ပန်းနာရောဂါ၊ သွေးခဲမှု ပြဿနာများ၊ ရောဂါပိုး ကူးစက်ခြင်း၊ ကယ်စီယမ် ဓာတ်ပြောင်းလဲမှု ပြဿနာများ သို့မဟုတ် အာဟာရ စုပ်ယူမှု ပြဿနာများ ( ဥပမာ malabsorption syndrome) ရှိပါက၊ ကယ်စီယမ် သို့မဟုတ် ဗီတာမင် ဒီ ဖြည့်စွက်စာများ မသောက်နိုင်ပါက
  • သင်သည် သွားသန့်ရှင်းမှု နည်းပါက၊ အခြား သွား ပြဿနာများ ရှိပါက သို့မဟုတ် သွား ခွဲစိတ်မှု ခံယူရမည် ဆိုပါက ( ဥပမာ သွားနုတ်ခြင်း)
  • ဆေးလိပ် သို့မဟုတ် အရက် သောက်ပါက
  • ဓာတုကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည် ကုသမှု ခံယူနေပါက၊ ခံယူရမည် ဖြစ်ပါက
  • သင့်တွင် စိတ်ရောဂါ သို့မဟုတ် Fosamax® အတွက် ဆေးညွှန်းကို လိုက်နာနိုင်စွမ်း လျော့ကျစေသော အခြား အခြေအနေရှိပါက
  • သင်သည် မေးရိုး ပြဿနာများ ဖြစ်စေသော ဆေးတစ်ခုခု သောက်နေပါက။ ဤအရာကို ဖြစ်စေ နိုင်သော ဆေးများစွာရှိသည်။ သင်သည် မသေချာပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ပညာရှင် အားမေးမြန်းပါ။

ဆေးကုသမှု၊ သွားကုသမှု၊ အရေးပေါ် ကုသမှု သို့မဟုတ် ခွဲစိတ်မှု မခံယူမီ သင် Fosamax® သောက်ထားသည်ဟု ဆရာဝန်အား သို့မဟုတ် သွားဆရာဝန်အား ပြောပါ။

Fosamax® သည် မူးဝေခြင်းကို ဖြစ်စေသည်။ သင်သည် ဆေးကို အရက် သို့မဟုတ် အချို့ဆေးများဖြင့် တွဲသောက်ပါက ထို သက်ရောက်မှုသည် ပိုဆိုးနိုင်သည်။ alendronate ကို သတိဖြင့် သုံးပါ။ သင်သည် ဆေးကို ဘယ်လို တုံ့ပြန်သလဲ မသိမချင်း ကားမောင်းခြင်း၊ အခြား ဘေးအန္တရာယ် ရှိသောအလုပ်များ မလုပ်ပါနှင့်။

Alendronate သောက်နေစဉ် အရက်၊ ဆေးလိပ်၊ အခြား ဆေးရွက်ကြီး ထုတ်ကုန်များ မသုံးမီ ဆရာဝန်အား ပြောပါ။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ညွှန်ကြားထားသည့် စားသောက်ပုံနှင့် လေ့ကျင့်ခန်း အစီအစဉ်ကို လိုက်နာပါ။ alendronate သုံးနေစဉ် ကယ်စီယမ်နှင့် ဗီတာမင် ဒီ ဖြည့်စွက်စာ သောက်သင့်သလား သိရန် ဆရာဝန်နှင့် ဆွေးနွေးပါ။

အရိုးများ အားနည်းခြင်း မဖြစ်အောင် အလေးချိန် မ တင်ရသော လေ့ကျင့်ခန်းများအကြောင်းကို ဆရာဝန်နှင့် ဆွေးနွေးပါ။

Biphosphonates သုံးသော လူနာများတွင် ပေါင်ရိုး ကျိုးခြင်း တွေ့ရသည်။ Biphosphonates သည် အရိုးကျိုးခြင်းကို ဖြစ်စေသလား မသိရှိပါ။ သင်သည် တင်ပါးဆုံ၊ ပေါင်၊ ပေါင်ခြံတွင် နာကျင်ပါက ဆရာဝန်အား ချက်ချင်း ဆက်သွယ်ပါ။ မေးခွန်းများ၊ စိုးရိမ်မှုများကို ဆရာဝန်နှင့် ဆွေးနွေးပါ။

Fosamax® သည် အချို့လူနာများတွင် မေးရိုး ပြဿနာများ ဖြစ်စေသည်။ Fosamax® ကို ကြာကြာသုံးလေ ဖြစ်နိုင်ချေ ပိုမြင့်လေ ဖြစ်သည်။ သင့်တွင် ကင်ဆာ၊ သွား သန့်ရှင်းမှု နည်းခြင်း၊ မကိုက်ညီသော အံကပ်များ၊ အခြား အခြေအနေများ ( ဥပမာ သွေးအားနည်းခြင်း၊ သွေးခဲမှု ပြဿနာများ၊ သွား ပြဿနာများ၊ ရောဂါပိုး ကူးစက်ခြင်း) ရှိပါက ဖြစ်နိုင်ချေ ပိုမြင့်သည်။ သင့်တွင် အချို့ သွား ခွဲစိတ်မှုများရှိပါက သို့မဟုတ် အချို့ဆေးများ၊ ကုထုံးများ ( ဥပမာ ဓာတုကုထုံး၊ corticosteroids, ဓာတ်ရောင်ခြည်) သုံးပါကလည်း ဖြစ်နိုင်ချေ ပိုမြင့်သည်။ Fosamax® စ မသုံးမီ သွားစစ်ဆေးမှု ရှိသည့်အကြောင်း ဆရာဝန်အား ပြောပါ။ alendronate သုံးနေစဉ် သွားကုသမှုအကြောင်း မေးစရာ ရှိပါက ဆရာဝန်အား မေးပါ။

Alendronate သောက်နေစဉ် သင့်တော်သော သွား ဂရုစိုက်မှုသည် အရေးပါသည်။ ပုံမှန် သွားတိုက်ပါ။ သွားကြား ထိုးပါ။ သွားဆရာဝန်နှင့် သွားပြပါ။

Fosamax® သည် သင့်ကို ပိုပြီး နေလောင်ခံရစေသည်။ သင်သည် Fosamax® ကို ဘယ်လို တုံ့ပြန်သလဲ မသိမချင်း နေ၊ နေရောင်ကဲ့သို့ အလင်းထွက်သော မီးအိမ်၊ အသားညိုစေသော အခန်းများကို ရှောင်ပါ။ သင်သည် အပြင်ကို အချိန်ကြာစွာ ထွက်ရပါက နေလောင်ခံ ခရမ် သို့မဟုတ် အကာအကွယ်ရသော အဝတ်များ ဝတ်ပါ။

Alendronate သုံးနေစဉ် တတ်နိုင်ပါက အချို့ သွား ခွဲစိတ်မှုများကို ရှောင်ကြဉ်သင့်သည်။ ဆေးကုသမှု၊ သွားကုသမှု၊ အရေးပေါ် ကုသမှု သို့မဟုတ် ခွဲစိတ်မှု မခံယူမီ သင် Fosamax® သောက်ထားသည်ဟု ဆရာဝန်အား သို့မဟုတ် သွားဆရာဝန်အား ပြောပါ။

ဤဆေးကဲ့သို့ ဆေးသောက်သော လူနာများတွင် ပန်းနာရောဂါ ပိုဆိုးသည်ဟု တွေ့ရသည်။ မေးခွန်းများ၊ စိုးရိမ်မှုများကို ဆရာဝန်နှင့် ဆွေးနွေးပါ။

Fosamax® သောက်နေစဉ် အရိုး သိပ်သည်းဆ၊ သွေးတွင်း ကယ်စီယမ် ပမာဏ စသည်တို့ပါဝင်သော ဓာတ်ခွဲ စစ်ဆေးမှုများ လုပ်ဆောင်နိုင်သည်။ သင့် အခြေအနေကို စောင့်ကြည့်ရန် သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို စစ်ဆေးရန် ဤစစ်ဆေးမှုများကို သုံးနိုင်သည်။ ဆရာဝန်သည် ကုသမှုကို ဆက်လုပ်သင့်သလား သိရန် alendronate သောက်နေစဉ် သင့်ကို ပုံမှန် စစ်ဆေးနိုင်သည်။ ဆရာဝန်နှင့် ဓာတ်ခွဲခန်းမှ ချိန်းဆိုမှုအားလုံးကို သွားပါ။

Fosamax® သည် ကလေးငယ်များတွင် မသုံးသင့်ပါ။ ကလေးများတွင် ဘေးကင်းမှုနှင့် အကျိုးထိရောက်မှုကို အတည်ပြု မထားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fosamax (ဖိုဆာမက်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Fosamax® သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Fosamax® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Fosamax® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Fosamax (ဖိုဆာမက်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေသည်။ သို့သော် လူများစွာတွင် ဘေးထွက်ဆိုးကျိုးမရပါ သို့မဟုတ် အသေးစား ဘေးထွက်ဆိုးကျိုးသာ ရသည်။ အောက်ပါ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားပါက ဆရာဝန်နှင့် ပြသပါ။

  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • မူးဝေခြင်း
  • ဖောင်းပွသလို ခံစားရခြင်း
  • ကုသမှု အစပိုင်းတွင် တုပ်ကွေးကဲ့သို့ လက္ခဏာများ
  • လေလည်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မပြင်းထန်သော ကျော၊ ကြွက်သား သို့မဟုတ် အဆစ် နာကျင်ခြင်း
  • မပြင်းထန်သော အစာအိမ်နာခြင်း
  • မအီမသာဖြစ်ခြင်း
  • အရသာ ပြောင်းလဲခြင်း
  • အော့အန်ခြင်း

အောက်ပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားပါက ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်းရှာဖွေပါ။

  • ပြင်းထန်သော ဓာတ်မတည့်မှုများ ( အဖုအပိမ့်များ၊ အင်ပျဉ်၊ ယားယံခြင်း၊ အသက်ရှူ ခက်ခြင်း၊ ရင်ဘတ် ကျပ်ခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လည်ချောင်း သို့မဟုတ် လျှာ ရောင်ရမ်းခြင်း)
  • မည်းနက်သော သို့မဟုတ် သွေးပါသော ဝမ်း
  • ရင်ဘတ်အောင့်ခြင်း
  • ချောင်းဆိုး သွေးပါခြင်း၊ သွေးအန်ခြင်း
  • မျိုချရန် ခက်ခဲခြင်း၊ နာကျင်ခြင်း
  • ပါးစပ် အနာများ
  • အသစ်ဖြစ်သော၊ ပိုဆိုးလာသော သို့မဟုတ် ဆက်တိုက်ဖြစ်သော ရင်ပူခြင်း
  • အရေပြား နီရဲခြင်း၊ ရောင်ခြင်း၊ အဖုအပိမ့် ထွက်ခြင်း၊ အလွှာကွာခြင်း
  • ပြင်းထန်သော အရိုး၊ ကြွက်သား၊ အဆစ် နာကျင်ခြင်း ( အထူးသဖြင့် တင်ပါးဆုံ၊ ပေါင်ခြံ၊ ပေါင် တွင်)
  • ပြင်းထန်သော၊ ဆက်တိုက်ဖြစ်သော လည်ချောင်းနာခြင်း၊ အစာအိမ်အောင့်ခြင်း
  • ခြေ၊ လက်နှင့် အဆစ်များ ရောင်ခြင်း၊ မေးရိုး ရောင်ခြင်း၊ နာကျင်ခြင်း
  • သွေးတွင်း ကယ်စီယမ် နည်းသော လက္ခဏာများ ( ဥပမာ အကြောဆွဲခြင်း၊ ကြွက်သား တွန့်ရှုံ့ခြင်း၊ ကြွက်တက်ခြင်း၊ ခြေချောင်း၊ လက်ချောင်းနှင့် ပါးစပ် ပတ်လည်တွင် ထုံကျဉ်ခြင်း၊ တစစ်စစ် ခံစားရခြင်း)

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Fosamax (ဖိုဆာမက်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Fosamax® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ဆေးများမှာ

  • Aspirin သို့မဟုတ် စတီးရွိုက်မပါသော အရောင် ကျဆေးများ ( ဥပမာ ibuprofen) အဘယ်ကြောင့် ဆိုသော် အစာရေမျို ပြွန် သို့မဟုတ် အစာအိမ် ရောင်ခြင်း စသော ဘေးထွက်ဆိုးကျိုးများ ပိုဖြစ်နိုင်သည်။
  • Corticosteroids ( ဥပမာ prednisone )၊ သွေးကြော အသစ် ဖြစ်ပေါ်မှုကို တားသောဆေးများ ( ဥပမာ bevacizumab) အဘယ်ကြောင့်ဆိုသော် မေးရိုး ပြဿနာ ပိုဖြစ်နိုင်သည်။

အစားအသောက်တွေနဲ့ အရက်က Fosamax (ဖိုဆာမက်စ်) နဲ့ ဓာတ်ပြုနိုင်သလား

Fosamax® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fosamax (ဖိုဆာမက်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Fosamax® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fosamax (ဖိုဆာမက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရိုးပွရောဂါ အတွက် ပုံမှန် လူကြီးဆေးညွှန်း

သွေးဆုံးပြီးသော အမျိုးသမီးများတွင် အရိုးပွရောဂါ ကုသမှု။ အရိုးပွရောဂါ ရှိသော အမျိုးသားများတွင် အရိုး ထုထည် တိုးစေရန်။

  • သောက်ဆေး ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်
  • သောက်ဆေး ၇၀ မီလီဂရမ် တစ်ပတ် တစ်ကြိမ်

Glucocorticoid ကြောင့်ဖြစ်သော အရိုးပွရောဂါအား ကုသမှု။

  • သောက်ဆေး ၅ မီလီဂရမ် တစ်နေ့ တစ်ကြိမ်
  • သောက်ဆေး ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ် ( estrogen မရှိသော သွေးဆုံးပြီး အမျိုးသမီးများတွင်)

အရိုးပွရောဂါ ကာကွယ်မှုအတွက် ပုံမှန် လူကြီး ဆေးညွှန်း

သောက်ဆေး ၅ မီလီဂရမ် တစ်နေ့ တစ်ကြိမ်

သောက်ဆေး ၃၅ မီလီဂရမ် တစ်ပတ် တစ်ကြိမ်

Paget’s Disease အတွက် ပုံမှန် လူကြီးဆေးညွှန်း

သောက်ဆေး ၄၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်ဖြင့် ၆ လအထိ

ကလေးတွေအတွက် Fosamax (ဖိုဆာမက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Fosamax (ဖိုဆာမက်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Fosamax® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Fosamax® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 16, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။