Fasigyne (ဖာစီဂျန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Fasigyne (ဖာစီဂျန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Fasigyne (ဖာစီဂျန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Fasigyn® ဟာ nitroimidazoles အုပ်စုဝင် ပဋိဇီဝပိုးသတ်ဆေး တမျိုးဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ပွားကြီးထွားမှုကို ရပ်တန့်စေပြီး ၎င်းပိုးမွှားတွေကို သေစေပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ (ဥပမာ အအေးမိခြင်း၊တုပ်ကွေးမိခြင်း စသည်)အတွက် အသုံးမဝင်ပါဘူး။

အောက်ပါ ကျန်းမာရေးအခြေအနေတွေကို ကာကွယ်ကုသဖို့အတွက် Fasigyn® ကို အများဆုံး အသုံးပြုပါတယ်။

  • မျိုးပွားအင်္ဂါများ၊အသည်း နှင့် အူလမ်းကြောင်းတို့တွင် ဖြစ်ပွားတတ်သည့် အချို့သော ကူးစက်ရောဂါများ။
  • ခွဲစိတ်ကုသမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အချို့သော ကူးစက်ရောဂါများ။

Fasigyn®ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။

Fasigyne (ဖာစီဂျန်) ဘယ်လိုသောက်သုံးသင့်သလဲ

Fasigyne ကို အစာရှိမှ သောက်ပါ။ အချို့သော ကူးစက်ရောဂါတွေဟာ ဆေးတကြိမ်သောက်လိုက်ရုံနဲ့ ကုသပေးနိုင်ပါတယ်။ သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပါ။ ဒီဆေးကို အခြားသူတွေနဲ့ မျှဝေမသုံးစွဲပါနဲ့ (ထိုသူရဲ့ ရောဂါလက္ခဏာတွေက သင့်လက္ခဏာတွေနဲ့ ကွက်တိတူနေရင်တောင်ပေါ့)။

တကယ်လို့ သင်ဟာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေအတွက် ကုသမှုခံယူနေတာဆိုရင် သင့်အဖော်ကိုပါ ဆေးကုသဖို့လိုအပ်ပါလိမ့်မယ်။ ဒီဆေးကို ညွှန်ကြားထားတဲ့ကာလအတိုင်း အတိအကျ သုံးစွဲပါ။ ကူးစက်ပိုးလုံးဝပျောက်ကင်းသွားတဲ့အခါ သင့်ရောဂါလက္ခဏာတွေ လုံးဝကောင်းသွားပါလိမ့်မယ်။

Fasigyne (ဖာစီဂျန်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Fasigyn® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Fasigyn® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Fasigyn® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Fasigyn® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Fasigyn® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fasigyne (ဖာစီဂျန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Fasigyn® ကို မသောက်သုံးခင်မှာ အောက်ပါအချက်တွေရှိရင် သင့်ဆရာဝန်ကို အသိပေးပါ။

  • Fasigyn®ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်း။
  • Simplotan, Flagyl, Metrogyl ,Metozine စတဲ့ ဆေးတွေနဲ့ ဓါတ်မတည့်ခြင်း။

ကိုယ်ဝန်ဆောင်ကာလမှာ (ကိုယ်ဝန်လေးလအထိ) Fasigyn® သုံးစွဲခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သင့်ဆရာဝန်က ပြောပြဆွေးနွေးပါလိမ့်မယ်။ အကယ်၍ သင်ဟာ သွေးမဆုံးသေးဖူးဆိုရင် Fasigyn® သုံးစွဲနေရင်း ကိုယ်ဝန်ရှိမလာစေဖို့ကို အထူးဂရုစိုက်ရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fasigyne (ဖာစီဂျန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Fasigyne (ဖာစီဂျန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ သာမန်ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • မိန်းမကိုယ်ယားယံခြင်း သို့မဟုတ် အဖြူဆင်းခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • အစာမကြေခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ဗိုက်နာခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း။
  • ခေါင်းကိုက်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • ပါးစပ်ထဲတွင် ခါးသက်သက်ဖြစ်နေခြင်း။

အောက်ဖော်ပြပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာလျှင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • အဖျားတက်ခြင်း။
  • ချမ်းတုန်ခြင်း။
  • တကိုယ်လုံးနာကျင်ကိုက်ခဲခြင်း။
  • တုပ်ကွေးလက္ခဏာများ ခံစားရခြင်း။
  • ထုံနာကျဉ်နာဖြစ်ခြင်း။
  • ပူလောင်နေသလို ခံစားရခြင်း။
  • အတက်ဝေဒနာ ခံစားရခြင်း။

ဓါတ်မတည့်ခြင်း၏ လက္ခဏာများဖြစ်သော အင်ပျဉ်များထခြင်း၊အသက်ရှုရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပါက အရေးပေါ်ဆေးကုသမှုကို ခံယူရပါမည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Fasigyne (ဖာစီဂျန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Fasigyn® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ဖော်ပြပါဆေးတွေဟာ Fasigyn® နဲ့ ဓါတ်ပြုနိုင်ပါတယ်။

  • သွေးကျဲဆေးများ (ဥပမာ warfarin)။
  • အယ်လ်ကိုဟောပါသော ဆေးများ (ဥပမာ ချောင်းဆိုးပျောက်ဆေးရည်များ)။

အစားအသောက်တွေနဲ့ အရက်က Fasigyne (ဖာစီဂျန်) နဲ့ ဓါတ်ပြုနိုင်သလား

Fasigyn® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Fasigyne (ဖာစီဂျန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Fasigyn® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်-

  • ကျောက်ကပ်ရောဂါ (သို့မဟုတ် ကျောက်ကပ်ဆေးနေရလျှင်)။
  • အတက်ဝေဒနာ ခံစားနေရလျှင်။
  • သွေးအားနည်းရောဂါ သို့မဟုတ် သွေးမွှားဥပမာဏနည်းသောရောဂါ အစရှိသည့် သွေးရောဂါများရှိလျှင်။
  • ကိုယ်ခံအားနည်းလျှင်။
  • ဦးနှောက်ရောဂါ၊ကျောရိုးပင်မအာရုံကြောကြီး သို့မဟုတ် အာရုံကြောရောဂါများရှိလျှင်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Fasigyne (ဖာစီဂျန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Fasigyn® ဆေးပြားလေးပြားကို တကြိမ်တည်း သောက်ရပါတယ်။ ဒါပေမယ့် သင့်ရောဂါအခြေအနေနဲ့ ဆေးအပေါ်တုံ့ပြန်မှုတို့အရ နောက်ထပ်သောက်တာ ဒါမှမဟုတ် ကာလကြာရှည်စွဲသောက်တာမျိုးကို ပြုလုပ်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

ကလေးတွေအတွက် Fasigyne (ဖာစီဂျန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်တွေမှာ သောက်ရမယ့်ပမာဏက ကလေးရဲ့ ခန္ဓါကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Fasigyne (ဖာစီဂျန်) ကိုဘယ်လိုရရှိနိုင်သလဲ

Fasigyn® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Tinidazole ၅၀၀ မီလီဂရမ် ဆေးပြား။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Fasigyn® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 18, 2017