Farxiga (ဖာစီဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Farxiga (ဖာစီဂါ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Farxiga (ဖာစီဂါ) ကို ဘာအတွက်အသုံးပြုကြသလဲ

Farxiga ဟာ သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးတဲ့ သွေးချိုကျဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒီဆေးက သင့်သွေးထဲက သကြားဓါတ်ကို ကျောက်ကပ်တွေကတဆင့် စွန့်ထုတ်နိုင်အောင် အားပေးပါတယ်။

ဆီးချိုအမျိုးအစား အမှတ်၂ကို ကုသရာမှာ အစာအာဟာရ စနစ်တကျစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့ကုထုံးတွေနဲ့ တွဲပြီးအသုံးပြုနိုင်ပေမယ့် ဆီးချိုအမျိုးအစား အမှတ်၁အတွက်တော့ အသုံးပြုလေ့မရှိပါဘူး။

Farxiga (ဖာစီဂါ) ဘယ်လိုသောက်သုံးသင့်သလဲ

ပုံမှန်အားဖြင့် Farxiga ကို နံနက်တိုင်း တစ်နေ့တစ်ကြိမ် သောက်သုံးရမှာ ဖြစ်ပါတယ်။ ဆေးညွှန်းမှာဖော်ပြထားတဲ့ ဆေးသောက်ပုံသောက်နည်းအတိုင်း စနစ်တကျ လိုက်နာသောက်သုံးပါ။ သင့်အခြေအနေအပေါ်မူတည်ပြီး အကောင်းဆုံးရလဒ်ရရှိအောင် သင့်ဆရာဝန်က ဆေးပမာဏကို ရံဖန်ရံခါ အပြောင်းအလဲလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ စွဲသောက်ခြင်း မပြုလုပ်သင့်ပါဘူး။

Farxiga ကို အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ၊ အစဉ်ပြေသလို သောက်သုံးနိုင်ပေမယ့် နေ့စဉ် ကိုယ်သောက်နေကျပုံစံအတိုင်း တသမတ်တည်း သောက်သုံးဖို့ လိုအပ်ပါတယ်။

ဆေးသောက်သုံးနေစဉ် ကာလတလျှောက် သွေးတွင်းသကြားဓါတ်ပမာဏကို မကြာမကြာ စစ်ဆေးပေးဖို့ လိုအပ်မှာဖြစ်ပြီး အခြားစစ်ဆေးမှုများလည်း ပြုလုပ်ရဖို့ရှိပါတယ်။

ဆေးသောက်သုံးနေစဉ်မှာ သွေးဖိအား အလွန်အမင်းကျဆင်းနိုင်တဲ့အတွက် အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ယခင်ကလောက် မစားမသောက်နိုင်ခြင်း၊ ပုံမှန်ထက်ပိုပြီး ချွေးပြန်လာခြင်း စတဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။

သွေးချိုဆီးချိုရောဂါရှိသူ ဘယ်သူမဆို သတိထားရမယ့် ပြဿနာကတော့ သွေးတွင်းသကြားဓါတ်ပမာဏ ကျဆင်းခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ဆာလောင်ခြင်း၊ ချွေးပြန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ မူးဝေခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စတာတွေဟာ ဒီပြဿနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သွေးချိုဆီးချို ဝေဒနာရှင်တွေအနေနဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းခဲ့ရင် အလျင်အမြန်ကုသနိုင်အောင် သကြားဓါတ်အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် သစ်သီးဖျော်ရည်၊ သကြားလုံး၊ ဘီစကွတ်၊ စပျစ်သီးခြောက်၊ ဆိုဒါ စတဲ့ အစားအသောက်တစ်ခုခု အမြဲဆောင်ထားသင့်ပါတယ်။

အကယ်၍ အန္တရာယ်ရှိလောက်တဲ့ အနေအထားအထိ သွေးတွင်းသကြားဓါတ်ပမာဏ အလွန်အမင်းကျဆင်းပြီး အစာမစားနိုင်ခဲ့ရင် အရေးပေါ်အသုံးပြုနိုင်အောင် glucagon ထိုးဆေး ဆောင်ထားဖို့ သင့်ဆရာဝန်က ညွှန်ကြားကောင်းညွှန်ကြားနိုင်ပါတယ်။ အရေးပေါ်အခြေအနေမှာ ဆေးဘယ်လိုထိုးရမလဲသိအောင် သင့်မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သင်ပြပေးထားဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် သွေးတွင်းသကြားဓါတ်ပမာဏ မြင့်တက်လာတဲ့ လက္ခဏာတွေဖြစ်တဲ့ ရေငတ်ခြင်း၊ ဆီးသွားများခြင်း၊ အမြင်အာရုံမှုန်ဝါခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေကိုလည်း ဂရုစိုက်စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှု၊ ဖျားနာခြင်း၊ ခွဲစိတ်ကုသမှု၊ ကိုယ်လက်လေ့ကျင့်ခန်း၊ အရက်သေစာသောက်စားခြင်း၊ အစာမစားခြင်း စတာတွေက သွေးတွင်းသကြားဓါတ်ပမာဏအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

သင်သောက်သုံးနေကျ ဆေးပမာဏအချိုးအစားကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ပြောင်းလဲသင့်ပါတယ်။

Farxiga ဟာ ဆီးတွင်းသကြားဓါတ်ပမာဏ ဓါတ်ခွဲစစ်ဆေးမှုအဖြေအပေါ် သက်ရောက်မှုရှိနိုင်တဲ့အတွက် သင်ဒီဆေးသောက်သုံးနေကြောင်း သင့်ကိုကုသတဲ့ ဆရာဝန်တိုင်းကို မဖြစ်မနေ အသိပေးပါ။

တကယ်တော့ Farxiga ဟာ အစာအာဟာရကို စနစ်တကျစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ သွေးတွင်းသကြားဓါတ် ပုံမှန်စစ်ဆေးခြင်း စတာတွေအားလုံး ပေါင်းစပ်ပါဝင်တဲ့ ကုသမှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးသောက်နေရုံနဲ့ မလုံလောက်ပဲ သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တသဝေမတိမ်း လိုက်နာကျင့်သုံးဖို့ အရေးကြီးပါတယ်။

Farxiga (ဖာစီဂါ) ဘယ်လိုသိမ်းဆည်းရမလဲ

Farxigaကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Farxiga ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Farxigaဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Farxiga ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Farxiga (ဖာစီဂါ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Farxiga သို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

Dapagliflozin နဲ့ ဓါတ်မတည့်ရင် ဒါမှမဟုတ် အောက်ပါ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေရင်လည်း Farxiga မသောက်သုံးသင့်ပါဘူး။

  • ပြင်းထန်သည့်ကျောက်ကပ်ရောဂါ (သို့မဟုတ် ကျောက်ကပ်ဆေးနေရခြင်း)
  • Diabetic ketoacidosis ခေါ် အရေးပေါ်အခြေအနေတစ်မျိုး (အင်ဆူလင်ကုထုံး ခံယူနိုင်ရန် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ)

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေမယ်ဆိုရင် Farxiga အသုံးမပြုခင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

  • ကျောက်ကပ်ရောဂါ
  • ဆီးအိမ်ကင်ဆာဖြစ်ဖူးခြင်း
  • အသည်းရောဂါ
  • နှလုံးသွေးညှစ်အားမကောင်းခြင်း
  • သွေးပေါင်ကျခြင်း
  • သွေးတွင်းကိုလက်စထရောပမာဏ များပြားခြင်း
  • အင်ဆူလင်သို့မဟုတ် အခြားသွေးချိုကျဆေးများ အသုံးပြုနေခြင်း
  • ဆားဓါတ်ပါဝင်မှုနည်းသည့် အစာအာဟာရကိုသာ စားသုံးနေခြင်း
  • သွေးတိုးကျဆေးများ သောက်သုံးနေခြင်း

ဒီဆေးဝါးဟာ မိခင်ဝမ်းထဲက သန္ဓေသားကို ထိခိုက်နိုင်ခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက် ဆေးသောက်သုံးနေစဉ် သင့်မှာကိုယ်ဝန်ရှိလာခဲ့ရင်ဖြစ်စေ၊ ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိရင်ဖြစ်စေ သင့်ဆရာဝန်ကို အသိပေးပါ။

Farxiga မှာပါဝင်တဲ့ dapagliflozin က မိခင်နို့ရည်ကတဆင့် ရင်ခွင်ပိုက်ကလေးငယ်ဆီ ရောက်ရှိနိုင်ခြင်းရှိမရှိ မသိရသေးတဲ့အတွက် ဒီဆေးသောက်သုံးနေသရွေ့ကာလပတ်လုံး မိမိရင်သွေးကို မိခင်နို့ မတိုက်သင့်ပါဘူး။

Farxiga ကို အသက် ၁၈နှစ်အောက် မည်သူမဆို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်သုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Farxiga (ဖာစီဂါ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Farxiga (ဖာစီဂါ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Farxiga သောက်သုံးပြီး အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်း စတဲ့ ပြင်းထန်တဲ့ ဓါတ်မတည့်တုန့်ပြန်မှုတွေ ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

ဆေးသောက်နေစဉ် အတောအတွင်း အောက်ဖော်ပြပါ လက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင်လည်း သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • သတိလစ်တော့မလို ခေါင်းထဲရီတီတီခံစားရခြင်း
  • ဆီးထဲသွေးပါခြင်း၊ ဆီးအရောင် အနီရဲရဲသွားခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ပုံမှန်ထက် ဆီးပိုသွားခြင်း
  • သွေးတွင်းအက်ဆစ်ဓါတ် မြင့်တက်သည့် လက္ခဏာများ – ပျို့ခြင်း၊ အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ငိုက်မျဉ်းခြင်း၊ အသက်ရှူရခက်ခြင်း
  • ခန္ဓါကိုယ်မှာ ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများ – အလွန်အမင်းရေငတ်ခြင်း၊ ပူလောင်ခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ချွေးဒီးဒီးကျခြင်း၊ အရေပြားပူပြီးခြောက်သွေ့ခြင်း
  • ကျောက်ကပ်ထိခိုက်သည့် လက္ခဏာများ – ဆီးနည်းခြင်း၊ ဆီးလုံးဝမသွားခြင်း၊ ခြေဖမိုး၊ ခြေမျက်စိများ ဖောရောင်ခြင်း၊ ပင်ပန်းခြင်း၊ မောခြင်း
  • ဆီးအိမ်ပိုးဝင်သည့် လက္ခဏာများ – ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးပူဆီးကျင်ဖြစ်ခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ခါးနာခြင်း
  • လိင်အင်္ဂါပိုးဝင်သည့် လက္ခဏာများ – အမျိုးသားလိင်တံ သို့မဟုတ် မိန်းမကိုယ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ အဖုအပိမ့်များထွက်ခြင်း၊ အနံ့ထွက်ခြင်း၊ အရည်ဆင်းခြင်း

Farxiga ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အသက်အရွယ်ကြီးသူတွေက ပိုပြီး ခံစားရတာများပါတယ်။

ဒီဆေးကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်း၊ တုပ်ကွေးလက္ခဏာများပေါ်ခြင်း

ပျို့ချင်အန်ချင်ဖြစ်ခြင်း

နောက်ကျောနာခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Farxiga (ဖာစီဂါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Farxiga ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Farxiga နဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • ဆီးရွှင်ဆေးများ
  • နှလုံးရောဂါ၊ သွေးတိုးရောဂါအတွက် အသုံးပြုသည့် ဆေးဝါးများ
  • စတီးရွိုက်မပါသည့် အရောင်ကျဆေးများ (ဥပမာ ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, indomethacin, meloxicam)

အစားအသောက်တွေနဲ့ အရက်က Farxiga (ဖာစီဂါ) နဲ့ ဓါတ်ပြုနိုင်သလား

Farxiga က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Farxiga (ဖာစီဂါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Farxigaဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Farxiga (ဖာစီဂါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးချိုရောဂါအမှတ်၂အတွက်

ကနဦးသောက်သုံးရမည့် ပမာဏ – ၅ မီလီဂရမ်၊ တစ်နေ့၁ကြိမ်

အများဆုံးသောက်သုံးနိုင်သည့် ပမာဏ – ကနဦးပမာဏကို ခံနိုင်ရည်ရှိတဲ့ လူနာတွေမှာ လိုအပ်ရင် ၁၀ မီလီဂရမ် တစ်နေ့၁ကြိမ်အထိ တိုးပြီး အသုံးပြုနိုင်ပါတယ်။

ကလေးတွေအတွက် Farxiga (ဖာစီဂါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Farxiga (ဖာစီဂါ) ကိုဘယ်လိုရရှိနိုင်သလဲ

Farxiga ကို dapagliflozin propanediol ၅ မီလီဂရမ် ပါဝင်ပြီး အပေါ်ခွံအုပ်ထားတဲ့ ဆေးပြားပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Farxiga ကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 29, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။