Erimit (အရီမင့်တ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Erimit (အရီမင့်တ်) Brand Name(s): Erimit (အရီမင့်တ်).

အသုံးပြုပုံများ

Erimit (အရီမင့်တ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Erimitကိုအချို့သော ဘက်တီးရီးယားပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကိုကုသဖို့နဲ့ လေးဘက်နာအဖျားရောဂါမဖြစ်အောင် ကာကွယ်ဖို့ အဓိကအသုံးပြုပါတယ်။ ဒီဆေးကိုအခြားရည်ရွယ်ချက်တွေအတွက်လည်းသင့်ဆရာဝန်က ညွှန်ပေးနိုင်ပါတယ်။

Erythromycin ဟာ macrolide အုပ်စုဝင် ပဋိဇီဝပိုးသတ်ဆေးဖြစ်ပြီးဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ ပိုးကောင်ရေပွားများမှုနှုန်းကို နှေးကွေးစေတဲ့ အာနိသင်ရှိပါတယ်။

Erimit (အရီမင့်တ်) ဘယ်လိုသောက်သုံးသင့်သလဲ

Erimitကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းအသုံးပြုပါ။ဆေးညွှန်းတွင် ဖော်ပြထားသည့် ပမာဏအချိုးအစားအတိုင်းတိတိကျကျ လိုက်နာပါ။ အစာမစားမီ ၁နာရီ သို့မဟုတ် စားပြီး ၂နာရီ ခွာ၍ သောက်ပါ။ အကယ်၍ အစာအိမ်ထိခိုက်မှု ဖြစ်လာခဲ့ရင်တော့ အစာနဲ့တွဲသောက်နိုင်ပါတယ်။

ဆေးအာနိသင် အကောင်းဆုံးရရှိရန် နေ့စဉ်အချိန်မှန်မှန်သောက်ပါ။ ကူးစက်ရောဂါ လုံးဝပျောက်ကင်းစေရန် နေထိုင်ကောင်းနေစေကာမူသတ်မှတ်ထားသည့် ဆေးသောက်ရက်ပြည့်အောင် သောက်ပါ။

Erythromycin သောက်သုံးနေစဉ်အတောအတွင်းဂရိတ်ဖရုသီးမစားပါနှင့်၊ ဂရိတ်ဖရုသီးဖျော်ရည် မသောက်ပါနှင့်။

Erimit (အရီမင့်တ်) ဘယ်လိုသိမ်းဆည်းရမလဲ

Erimit ကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Erimitကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Erimitဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Erimitကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Erimit (အရီမင့်တ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအ၀င် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Erimitသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
  • နှလုံးခုန်နှေးခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း (ဥပမာ ECG တွင် QT prolongation ရှိခြင်း၊ Long QT syndrome)
  • သွေးတွင်းပိုတက်ဆီယမ် သို့မဟုတ် မဂ္ဂနီဆီယမ်ပမာဏနည်းပါးခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Erimit (အရီမင့်တ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Erimit (အရီမင့်တ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Erimitသောက်သုံးပြီးအောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုအချိန်ကြာကြာဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်ရလောက်တဲ့ အတိုင်းအတာအထိခံစားလာရမယ်ဆိုရင် သင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

  • ခံတွင်းပျက်ခြင်း
  • ၀မ်းလျှောခြင်း
  • ပျို့ခြင်း
  • အစာအိမ်အောင့်ခြင်း
  • အန်ခြင်း

အောက်ဖော်ပြပါ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

  • ပြင်းထန်သည့် ဓာတ်မတည့်တုန့်ပြန်မှု လက္ခဏာများ (အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ ပါးစပ်တို့ ရောင်ရမ်းခြင်း)
  • ၀မ်းထဲသွေးပါခြင်း
  • သွားနေကျဆီးပမာဏပြောင်းလဲခြင်း
  • အကြားအာရုံထိခိုက်ခြင်း၊ ဆုံးရှုံးခြင်း
  • နှလုံးခုန်စည်းချက်မမှန်ခြင်း
  • အရေပြားနီရဲရောင်ရမ်း၊ အရည်ကြည်ဖုထခြင်း၊ အရေခွံကွာခြင်း
  • တက်ခြင်း
  • ပြင်းပြင်းထန်ထန် ၀မ်းလျှောခြင်း
  • ပြင်းပြင်းထန်ထန် အစာအိမ်အောင့်ခြင်း
  • အသည်းထိခိုက်သည့် လက္ခဏာများ (မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ ၀မ်းအရောင်ဖျော့ဖျော့သွားခြင်း၊ အချိန်ကြာကြာဆိုးဆိုးရွားရွားပျို့ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Erimit (အရီမင့်တ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Erimitဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Erimitနဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • နှလုံးခုန်စည်းချက်ထိန်းပေးသည့် ဆေးဝါးများ (ဥပမာ amiodarone, dofetilide, dronedarone, procainamide, propafenone, quinidine, sotalol)
  • Asenapine
  • Cisapride
  • Diltiazem
  • Eletriptan
  • Ergot alkaloid (ဥပမာ dihydroergotamine, ergotamine)
  • HIV protease inhibitor (ဥပမာ ritonavir)
  • အချို့သော imidazole အုပ်စုဝင် မှိုသတ်ဆေးများ (ဥပမာ itraconazole, ketoconazole, variconazole)
  • Nilotinib
  • Pimozide
  • Streptogramin (ဥပမာquinupristin/ dalfopristin)
  • Terfenadine
  • Tetrabenazine
  • Tolvaptan
  • Verapamil

အစားအသောက်တွေနဲ့ အရက်က Erimit (အရီမင့်တ်) နဲ့ ဓာတ်ပြုနိုင်သလား

Erimitက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Erimit (အရီမင့်တ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Erimitဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

Erimitနဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

  • ၀မ်းလျှောရောဂါ
  • ကျောက်ကပ်ရောဂါ သို့မဟုတ် အသည်းရောဂါ ဖြစ်ဖူးခြင်း
  • နှလုံးရောဂါများ
  • နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊ နှလုံးခုန်စည်းချက် မမှန်ခြင်း
  • သွေးတွင်းပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ပမာဏကျဆင်းခြင်း
  • Myasthenia gravis ခေါ် ကြွက်သားရောဂါတစ်မျိုး
  • Porphyria ခေါ် သွေးရောဂါတစ်မျိုး

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Erimit (အရီမင့်တ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူတွေ သောက်သုံးရမယ့် အချိုးအစားကတော့ ၂၅၀ မီလီဂရမ် မှ ၅၀၀ မီလီဂရမ်၊ ၆နာရီမှ ၁၂နာရီခြားတစ်ကြိမ်

သို့မဟုတ် ၅၀၀ မီလီဂရမ် ၁၂နာရီခြားတစ်ကြိမ်

သို့မဟုတ် ၃၃၃ မီလီဂရမ် ၈နာရီခြားတစ်ကြိမ်

Legionnaires ရောဂါ

တစ်နေ့လျှင် ၁ဂရမ်မှ ၄ဂရမ် (ခွဲသောက်ရန်)၊ စုစုပေါင်း ၂၁ရက်

Gonococci ဘက်တီးရီးယားကြောင့်မဟုတ်သည့် ဆီးပြွန်ရောင်ရမ်းခြင်း

၅၀၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ်၊ ၇ရက်

 

အူလမ်းကြောင်းပိုးမွှားသန့်စင်စေခြင်း

ခွဲစိတ်ကုသမှုမပြုလုပ်မီတစ်ရက်အလို၊ နေ့လည် ၁နာရီ၊ ၂နာရီနှင့် ည ၁၁နာရီတွင် ၁ဂရမ်စီ သောက်ရန်

(Neomycin သောက်သုံးဖို့၊ အူမကြီးသန့်ရှင်းရေးလုပ်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်)

 

Lymphogranuloma Venereum

၅၀၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ်၊ စုစုပေါင်း ၂၁ရက်

ကြက်ညှာချောင်းဆိုးရောဂါ

၅၀၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ်၊ ၁၄ရက်

ကလေးတွေအတွက် Erimit (အရီမင့်တ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပုံမှန်အားဖြင့် ကလေးငယ်တွေသောက်သုံးရမယ့် အချိုးအစားကတော့

အပျော့စားမှ အလယ်အလတ်စားကူးစက်ရောဂါများ – တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၃၀ မီလီဂရမ် မှ ၅၀ မီလီဂရမ်၊ ၆နာရီမှ ၁၂နာရီခြားတစ်ကြိမ်ခွဲပြီးသောက်သုံးရန် (တစ်နေ့လျှင် ၂ဂရမ်ထက် မပိုသင့်ပါ)

ပြင်းထန်သည့်ကူးစက်ရောဂါများ – တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၁၅မီလီဂရမ် မှ ၅၀ မီလီဂရမ် (တစ်နေ့လျှင် ၄ဂရမ်ထက် မပိုသင့်ပါ)

ကလာမိုင်းဒီးယားရောဂါ

တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၅၀ မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ် (ခွဲသောက်ရန်)၊ စုစုပေါင်း ၁၄ရက် သောက်ရန်

ကြက်ညှာချောင်းဆိုးရောဂါ

တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၄၀ မီလီဂရမ် မှ ၅၀မီလီဂရမ်၊ ၆နာရီခြားတစ်ကြိမ် (ခွဲသောက်ရန်)၊ တစ်နေ့လျှင် ၂ဂရမ်ထက် မပိုသင့်ပါ

Streptococci ဘက်တီးရီးယားကြောင့်ဖြစ်သည့် အာသီးရောင်ခြင်း၊ အစာမျိုဝရောင်ရမ်းခြင်း

တစ်နေ့လျှင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်တိုင်းအတွက် ၂၀ မီလီဂရမ်၊ ၁၂နာရီခြားတစ်ကြိမ် (ခွဲသောက်ရန်)

အူလမ်းကြောင်းပိုးမွှားသန့်စင်စေခြင်း

ခွဲစိတ်ကုသမှုမပြုလုပ်မီတစ်ရက်အလို၊ နေ့လည် ၁နာရီ၊ ၂နာရီနှင့် ည ၁၁နာရီတွင် ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် Erythromycin ၂၀ မီလီဂရမ်သောက်ရန်

(Neomycin သောက်သုံးဖို့၊ အူမကြီးသန့်ရှင်းရေးလုပ်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်)

Erimit (အရီမင့်တ်) ကိုဘယ်လိုရရှိနိုင်သလဲ

Erimitကိုအောက်ဖော်ပြပါ အချိုးအစားပုံစံများဖြင့် ရရှိနိုင်ပါတယ်။

  • ၂၅၀ မီလီဂရမ် ပါဝင်သည့် ဆေးပြား
  • ၅ မီလီလီတာလျှင် erythromycin ၁၂၅ မီလီဂရမ် ပါဝင်သည့် ၆၀ မီလီလီတာဆန့် ဆေးရည်ဘူး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Erimitကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 22, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။