Eribulin

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Eribulin Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Eribulin ကို ဘာအတွက်အသုံးပြုကြသလဲ

Eribulin ကိုရင်သားကင်ဆာနဲ့ liposarcoma အပါအဝင် အချို့သောကင်ဆာရောဂါတွေကိုကုသရာမှာအများဆုံးအသုံးပြုပါတယ်။ ဒီဆေးဝါးက ကင်ဆာဆဲလ် ကြီးထွားပျံ့ပွားမှုနှုန်း နှေးကွေးအောင်၊ ရပ်တန့်အောင် ပြုလုပ်ပေးပါတယ်။

Eribulin ကို ဘယ်လိုသောက်သုံးသင့်သလဲ

Eribulin ဆေးရည်ကိုဆေးရုံဆေးခန်းတွေမှာ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် သွေးကြောထဲထိုးပေးမှာဖြစ်ပါတယ်။ သင့်ကျန်းမာရေးအခြေအနေ၊ ခန္ဓါကိုယ်အရွယ်အစားနဲ့ ကုသမှုကိုတုံ့ပြန်မှုအပေါ် မူတည်ပြီးအသုံးပြုရမယ့် ဆေးပမာဏအချိုးအစားကိုသင့်ဆရာဝန်က တွက်ချက်ချိန်ဆပေးသွားမှာ ဖြစ်ပါတယ်။

Eribulin ကို ဘယ်လိုသိမ်းဆည်းရမလဲ

Eribulinကိုအပူချိန် ၂၅ ဒီဂရီဆဲလ်စီးယပ်စ် (၇၇ ဒီဂရီဖာရင်ဟိုက်) မှာသိုလှောင်သိမ်းဆည်းပါ။ တစ်နေရာကနေတစ်နေရာရွှေ့ပြောင်းသယ်ဆောင်တဲ့အခါ အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ၃၀ ဒီဂရီဆဲလ်စီးယပ်စ် (၅၉ ဒီဂရီဖာရင်ဟိုက်ကနေ ၈၆ ဒီဂရီဖာရင်ဟိုက်) ကြားထားလို့ရပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေ မဖြစ်အောင်လို့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ဆေးပုလင်းကိုမူလဆေးဘူး/ ဆေးကဒ်ထဲမှာပဲသိုလှောင်သိမ်းဆည်းပါ။ ဆေးထိုးအပ်နဲ့စုပ်ယူပြီးသားမဖျော်ရသေးတဲ့ဆေးရည်နဲ့ normal saline နဲ့ရောပြီးသားဆေးရည်တွေကိုအခန်းအပူချိန်မှာဆိုရင် ၄နာရီ၊အပူချိန် ၄ဒီဂရီဆဲလ်စီးယပ်စ် (၄၀ ဒီဂရီဖာရင်ဟိုက်) မှာဆိုရင် ၂၄နာရီအထိ ထားလို့ရပါတယ်။

Eribulinကိုအိမ်မှာသိုလှောင်သိမ်းဆည်းဖို့ လိုအပ်ခဲ့ရင် ဘယ်လိုသိမ်းဆည်းရမယ် ဆိုတာနဲ့ပတ်သက်ပြီးသင့်ဆရာဝန်၊ သူနာပြု ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Eribulin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာEribulinသို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓါတ်မတည့်တုံ့ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါကသင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးအသုံးမပြုခင် သင့်ကျန်းမာရေးရာဇဝင်အကြောင်း သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။ အထူးသဖြင့်သင့်မှာသွေးနဲ့ရိုးတွင်းချဉ်ဆီဆိုင်ရာရောဂါ (ဥပမာသွေးနီဥ/ သွေးဖြူဥ/ သွေးဥမွှားအရေအတွက်နည်းခြင်း)၊ ကျောက်ကပ်ရောဂါ သို့မဟုတ် အသည်းရောဂါရှိနေရင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

Eribulinကြောင့် QT prolongation လို့ခေါ်တဲ့ နှလုံးခုန်စည်းချက်မမှန်တဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ QT prolongation ကြောင့် ပြင်းထန်တဲ့ (ရှားရှားပါးပါးဆိုသလိုအသက်အန္တရာယ် ဖြစ်စေလောက်တဲ့) နှလုံးခုန်မြန်ခြင်း/ မူမမှန်ခြင်း၊ ဆိုးဆိုးဝါးဝါး မူးဝေခြင်း၊ သတိလစ်ခြင်းစတဲ့လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

QT prolongation ဖြစ်နိုင်ချေ ပိုမြင့်စေတဲ့ အကြောင်းအရင်းတွေကတော့

  • နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ECG မှာ QT prolongation တွေ့ရခြင်းစတဲ့ နှလုံးရောဂါတစ်ခုခုခံစားနေရခြင်း
  • မိသားစုထဲမှာ နှလုံးရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိခြင်း
  • သွေးတွင်းပိုတက်ဆီယမ်/ မဂ္ဂနီဆီယမ်ပမာဏကျဆင်းခြင်း
  • ဆီးရွှင်ဆေး (diuretics) အပါအဝင် အချို့ဆေးဝါးများ သောက်သုံးနေရခြင်း
  • ချွေးထွက်လွန်ခြင်း
    ဝမ်းလျှောခြင်း၊ အော့အန်ခြင်း

အကယ်၍ သင့်မှာအခုပြောခဲ့တဲ့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေခဲ့ရင် Eribulinသောက်ဖို့ စိတ်ချရခြင်းရှိမရှိသင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဒီဆေးဝါးဟာ သင့်ကို မူးဝေငိုက်မျဉ်းစေတဲ့အတွက် ဆေးထိုးပြီးကိုယ့်အခြေအနေကိုယ် မသိရသေးသရွေ့ သတိကြီးကြီးထားပြီး နိုးနိုးကြားကြားလုပ်ဆောင်ရမယ့် တာဝန်နဲ့လှုပ်ရှားမှုတွေ (ဥပမာကားမောင်းခြင်း၊ စက်ယန္တရားအသုံးပြုခြင်း) မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ဆေးထိုးနေစဉ်အတောအတွင်းအရက်သေစာသောက်စားမှုကိုတတ်နိုင်သမျှကန့်သတ်ဖို့ လိုအပ်ပါတယ်။

ဒီဆေးဝါးက ရောဂါပိုးကူးစက်နိုင်ချေ ပိုမြင့်စေပြီးနဂိုရှိထားတဲ့ ကူးစက်ရောဂါတွေကိုလည်းပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် ပိုးမကူးစက်အောင် ကာကွယ်တဲ့အနေနဲ့ လက်ဆေးတဲ့အလေ့အထအကျင့်လုပ်မွေးမြူသင့်သလိုရေကျောက်၊ ဝက်သက်၊ တုပ်ကွေးစတဲ့ ကူးစက်လွယ်ရောဂါရှိသူတွေနားမသွားမိ၊ မနေမိဖို့ အလွန်အရေးကြီးပါတယ်။

Eribulinအသုံးပြုနေသရွေ့ ကာလပတ်လုံး ဆရာဝန်မညွှန်ကြားဘဲကာကွယ်ဆေးမထိုးသင့်/ မသောက်သင့်ပါဘူး။ ဒါ့အပြင် တုပ်ကွေးရောဂါ ကာကွယ်ဆေးလို live vaccine လတ်တလောထိုးထားသူတွေနဲ့ အနီးကပ်မထိတွေ့မိအောင် ဂရုစိုက်သင့်ပါတယ်။

ခန္ဓါကိုယ်ထိခိုက်ဒဏ်ရာမရအောင်၊ အညိုမည်းမစွဲအောင် ဘလိတ်ဓါး၊ လက်သည်းညှပ်စတဲ့ ချွန်ထက်တဲ့ပစ္စည်းတွေကိုသတိနဲ့ကိုင်တွယ်ပါ။ ဒဏ်ရာရလွယ်တဲ့ အားကစားနည်းတွေကိုရှောင်ကြဉ်ပါ။

ခွဲစိတ်ကုသမှု၊ သွားဘက်ဆိုင်ရာကုသမှု မခံယူခင် သက်ဆိုင်ရာဆရာဝန်ကို သင်အသုံးပြုနေသမျှ ဆေးအားလုံး (ဆရာဝန်ညွှန်ကြားတဲ့ဆေး၊ မညွှန်ကြားတဲ့ဆေး၊ ဆေးပင်ကထုတ်လုပ်တဲ့ဆေးဝါး အားလုံး) အကြောင်းပြောပြထားပါ။

အခြားသူတွေနဲ့ယှဉ်ရင် သက်ကြီးပိုင်းအဖိုးအဖွားတွေဟာဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ် (အထူးသဖြင့် QT prolongation) ကိုပိုမိုခံစားရလေ့ရှိတဲ့အတွက် သတိနဲ့ယှဉ်ပြီးအသုံးပြုသင့်ပါတယ်။

Eribulinကြောင့် မိခင်ဝမ်းထဲကသန္ဓေသားထိခိုက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်နေချိန်မှာ အသုံးမပြုသင့်ပါဘူး။ အသေးစိတ်အချက်အလက်တွေ၊ ထိရောက်တဲ့ သန္ဓေတားနည်းလမ်းတွေအကြောင်းသိရဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ အမျိုးသမီးလူနာတွေအနေနဲ့ Eribulinဆေးသွင်းနေစဉ်မှာရော၊ နောက်ဆုံးဆေးသွင်းပြီးရက်သတ္တပတ် ၂ပတ်ကြာတဲ့အထိပါ လုံခြုံစိတ်ချရတဲ့ သန္ဓေတားနည်းလမ်းအသုံးပြုဖို့လိုအပ်ပါတယ်။ အမျိုးသားလူနာတွေနဲ့ ၎င်းတို့ရဲ့ အမျိုးသမီးအဖော်တွေကတော့ နောက်ဆုံးဆေးသွင်းပြီးရက်သတ္တပတ် ၁၄ပတ်ကြာတဲ့အထိအကာအကွယ်သုံးဖို့ လိုအပ်ပါတယ်။ ဆေးသွင်းနေတဲ့ အတောအတွင်း ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုချိန်ဆနိုင်အောင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲ ဝင်ရောက်နိုင်ခြင်းရှိမရှိသေသေချာချာမသိရသေးပေမယ့် ဆေးကြောင့် မွေးကင်းစကလေးငယ် ထိခိုက်နိုင်ချေရှိတဲ့အတွက် ဆေးစသွင်းတဲ့အချိန်ကနေနောက်ဆုံးဆေးသွင်းပြီး ၂ပတ်ကြာတဲ့အထိမိမိရင်သွေးကို နို့မတိုက်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Eribulin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Eribulinကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Eribulin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ

Eribulinကြောင့် ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ မျက်ရည်ယိုခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အာခြောက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားနှင့် အဆစ်အမျက်များနာကျင်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အားနည်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အချိန်ကြာတဲ့အထိအဆိုပါလက္ခဏာတွေ မသက်သာခဲ့ရင် ဒါမှမဟုတ် ပိုဆိုးလာခဲ့ရင် သင့်ဆရာဝန်ကို အသိပေးပါ။

Eribulinနဲ့ ကုသမှုခံယူနေတုန်းမှာဆံပင်ကျွတ်တဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ကုသမှုပြီးသွားတာနဲ့ ပုံမှန်အတိုင်းဆံပင်ပြန်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒီဆေးဝါးကြောင့် တစ်ချို့လူနာတွေမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ဖြစ်လာတတ်ပေမယ့် ဆေးကြောင့်ရမယ့် ကောင်းကျိုးရလဒ်တွေကဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာသင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုအမြဲသတိပြုပါ။

ဆေးသွင်းနေစဉ် ကာလတစ်လျှောက် အောက်ဖော်ပြပါ ပြင်းထန်ဘေးထွက်ဆိုးကျိုးလက္ခဏာတစ်ခုခုဖြစ်လာခဲ့ရင် သင့်ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။

  • အလွယ်တကူအညိုအမည်းစွဲခြင်း၊ သွေးယိုခြင်း
  • ခြေလက်များထုံကျဉ်ခြင်း၊စူးရှပူလောင်ခြင်း
  • သွေးအားနည်းသည့်လက္ခဏာများ (အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ ဖြူဖပ်ဖြူလျော်ဖြစ်ခြင်း)
  • ပိုးဝင်သည့်လက္ခဏာများ (အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ ဆီးပူဆီးကျဉ်ခြင်း)
  • သတိလစ်ခြင်း
  • နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • ဆိုးဆိုးဝါးဝါး မူးဝေခြင်း

ဒီဆေးဝါးကြောင့်ပြင်းထန်တဲ့ဓါတ်မတည့်တုံ့ပြန်မှု ဖြစ်ခဲပေမယ့် ဆေးထိုးပြီးအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့လက္ခဏာတစ်စုံတစ်ရာပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Eribulin နဲ့ ဓါတ်ပြုနိုင်သလဲ

Eribulinဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Eribulin နဲ့ ဓါတ်ပြုနိုင်သလား

Eribulinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Eribulin နဲ့ ဓါတ်ပြုနိုင်သလဲ

Eribulinဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက်Eribulin ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

ရင်သားကင်ဆာ

(၁ မီလီဂရမ်/ ၁ စတုရန်းမီတာ = ခန္ဓါကိုယ်မျက်နှာပြင်ဧရိယာ ၁စတုန်းရန်းမီတာအတွက် သက်ဆိုင်ရာဆေးဝါး ၁ မီလီဂရမ်)

၂၁ရက်cycle၏ ပထမရက်နှင့် ၈ရက်မြောက်တွင်

Eribulin၁.၄မီလီဂရမ်/ ၁ စတုရန်းမီတာ၊ အနည်းဆုံး၂မိနစ်မှ ၅မိနစ်ကြာအောင်သွေးကြောထဲသွင်းရန်

မှတ်ချက်

– ဆေးသွင်းနေစဉ်မှာပျို့အန်တဲ့ဝေဒနာ ခံစားရတတ်တဲ့အတွက် ကော်တီကိုစတီးရွိုက်အပါအင် အအန်ပျောက်ဆေး ကြိုပေးထားဖို့ စဉ်းစားသင့်ပါတယ်။

– ဆေးမသွင်းခင်တိုင်းအာရုံကြောစစ်ဆေးမှုနဲ့ သွေးဆဲလ်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

အသုံးပြုပုံ – ယခင်ကကင်ဆာဆေးအနည်းဆုံး ၂ကြိမ်သွင်းပြီးသား metastatic breast cancer (အခြားကိုယ်အင်္ဂါများသို့ ပျံ့နှံ့နေသည့် ရင်သားကင်ဆာ) လူနာများအတွက်

ကျောက်ကပ်ရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

ကျောက်ကပ်လုပ်ငန်းစဉ် အနည်းငယ်ပျက်ပြားမှု (CrCl ၅၀ မှ ၈၀ mL/min) – ဆေးပမာဏချိန်ညှိရန် လမ်းညွှန်ထားခြင်းမရှိပါ

ကျောက်ကပ်လုပ်ငန်းစဉ် အတော်အသင့်ပျက်ပြားမှု (CrCl ၃၀ မှ ၅၀ mL/min) – ၂၁ရက်cycle၏ ပထမရက်နှင့် ၈ရက်မြောက်တွင် Eribulin ၁.၁ မီလီဂရမ်/ ၁ စတုရန်းမီတာ၊ အနည်းဆုံး ၂မိနစ်မှ ၅မိနစ်ကြာအောင် သွေးကြောထဲသွင်းရန်

ကျောက်ကပ်လုပ်ငန်းစဉ် ဆိုးဆိုးရွားရွားပျက်ပြားမှု (CrCl ၃၀ mL/min အောက်) – အချက်အလက် လုံလုံလောက်လောက် မရရှိသေးပါ

အသည်းရောဂါရှိသူများအတွက် ဆေးပမာဏချိန်ညှိခြင်း

အသည်းလုပ်ငန်းစဉ် အနည်းငယ်ပျက်ပြားမှု (Child-Pugh A) – ၂၁ရက်cycle၏ ပထမရက်နှင့် ၈ရက်မြောက်တွင် Eribulin ၁.၁ မီလီဂရမ်/ ၁ စတုရန်းမီတာ၊ အနည်းဆုံး ၂မိနစ်မှ ၅မိနစ်ကြာအောင် သွေးကြောထဲသွင်းရန်

အသည်းလုပ်ငန်းစဉ် အတော်အသင့်ပျက်ပြားမှု (Child-Pugh B) – ၂၁ရက်cycle၏ ပထမရက်နှင့် ၈ရက်မြောက်တွင် Eribulin ဝ.၇ မီလီဂရမ်/ ၁ စတုရန်းမီတာ၊ အနည်းဆုံး ၂မိနစ်မှ ၅မိနစ်ကြာအောင် သွေးကြောထဲသွင်းရန်

အသည်းလုပ်ငန်းစဉ် ဆိုးဆိုးရွားရွားပျက်ပြားမှု (Child-Pugh C) – အချက်အလက် လုံလုံလောက်လောက် မရရှိသေးပါ

ဆေးမသွင်းသင့်သည့် အခြေအနေများ

– အသည်းအဆိပ်သင့်ခြင်းအဆင့် ၃ သို့မဟုတ် အဆင့် ၄

– ANC ၁၀၀၀ cells/mm3အောက်ရောက်ခြင်း

– သွေးဥမွှားအရေအတွက် ၇၅၀၀၀ cells/mm3အောက်ရောက်ခြင်း

အောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့ရင် ၈ရက်မြောက်မှာဆေးမသွင်းဘဲ အများဆုံး ၁ပတ်အထိ ရွှေ့ဆိုင်းနိုင်ပါတယ်။

– ၁၅ရက်မြောက်နေ့အထိ အသည်းအဆိပ်သင့်တာမသက်သာခြင်း (အနည်းဆုံးအဆင့်၂နဲ့အောက် မရောက်ရင်)

– ၁၅ရက်မြောက်နေ့မှာ အသည်းအဆိပ်သင့်တာသက်သာခဲ့ရင်တော့ ပုံမှန်သွင်းနေကျ ဆေးပမာဏထက် လျှော့သွင်းပြီးနောက် cycle ကိုအနည်းဆုံး ၂ပတ်ကြာမှ ပြန်စသင့်ပါတယ်

ပုံမှန်သွင်းနေကျ ဆေးပမာဏအချိုးအစား (၁.၄ မီလီဂရမ်/ ၁ စတုရန်းမီတာ) ကို ၁.၁ မီလီဂရမ်/ ၁ စတုရန်းမီတာအထိလျှော့သွင်းရမယ့် အခြေအနေတွေကတော့

– ANC ၇ရက်ဆက်တိုက် ၅၀၀ cells/mm3 အောက်ရောက်ခြင်း

– အဖျားတက်ပြီးသို့မဟုတ် ပိုးဝင်ပြီး ANC ၁၀၀၀ cells/mm3 အောက်ရောက်ခြင်း

– သွေးဥမွှားအရေအတွက် ၂၅၀၀၀ cells/mm3 အောက်ရောက်ခြင်း

– သွေးဥမွှားအရေအတွက် ၅၀၀၀၀ cells/mm3 အောက်ရောက်ပြီးသွေးသွင်းရန်လိုအပ်ခြင်း

– အဆင့် ၃ သို့မဟုတ် အဆင့် ၄ အဆိပ်သင့်ခြင်း (အသည်းအဆိပ်သင့်ခြင်းမှအပ)

– ပြီးခဲ့သည့် cycle တွင် ၈ရက်မြောက် ဆေးမသွင်းထားရခြင်းသို့မဟုတ် ဆေးသွင်းရက် ရွှေ့ဆိုင်းထားရခြင်း

– ၁.၁ မီလီဂရမ်/ ၁ စတုရန်းမီတာနှုန်းနဲ့ ဆေးသွင်းလို့မှ မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာခဲ့ရင် ဝ.၇ မီလီဂရမ်/ ၁ စတုရန်းမီတာနှုန်းအထိလျှော့ချနိုင်ပါတယ်။

– ဝ.၇ မီလီဂရမ်/ ၁ စတုရန်းမီတာနှုန်းနဲ့ ပေးတာကိုတောင် မခံနိုင်ခဲ့ရင်တော့ eribulinဆက်မသုံးသင့်ပါဘူး။

ကလေးတွေအတွက် Eribulin ရဲ့ အသုံးပြုရမယ့်ပမာဏက ဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Eribulin ကိုဘယ်လိုရရှိနိုင်သလဲ

Eribulinကိုထိုးဆေးအရည်ပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Eribulinသွင်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသွင်းလိုက်က်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသွင်းရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသွင်းလိုက်က်ပါ။ ဆေးပမာဏကို နှစ်ဆတိုးပြီးသွင်းတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 29, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 18, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။