backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Effexor


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Effexor ကို ဘာအတွက်အသုံးပြုကြသလဲ

Effexor® ဟာ SSRI ဆေးအုပ်စုမှာပါဝင်တဲ့ စိတ်ကျရောဂါကုဆေးပဲ ဖြစ်ပါတယ်။ Venlafaxineဟာ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူနာတွေရဲ့ ဦးနှောက်ထဲက ဓါတုပစ္စည်းများ ဟန်ချက်မညီခြင်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။ Effexor® ကို အဓိက စိတ်ကျခြင်းပြသနာ၊ စတ်ပူပန်ခြင်း၊ ကြောက်ရွှံ့ခြင်း စတာတွေကို ကုသဖို့အတွက် အသုံးပြုပါတယ်။

Effexor ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်းသောက်ပါ။ ဆေးညွှန်းစာမှ အချက်အလက်အားလုံးကို ထောက်ခံမှုပြုထားတဲ့ ပမာဏထက် တိုးသောက်ခြင်း၊ လျှော့သောက်ခြင်း မပြုပါနဲ့။

Effexor® ကို အစာနဲ့တွဲသောက်သင့်ပါတယ်။ နေ့စဉ် သောက်သုံးရာမှာ တူညီတဲ့ အချိန်မှာပဲ သောက်သုံးသင့်ပါတယ်။ Effexor®ကို ရေများများနဲ့အတူ သောက်ပါ။ ဆေးကိုချေမွခြင်း၊ ဝါးစားခြင်း မပြုပါနဲ့။ တခါတရံမှာ ဆေးသောက်ရလွယ်အောင် ဆေးတောင့်ခွံကိုချွတ်ပြီး အရည်တခုခုနဲ့ ရောသောက်တတ်ပါတယ်။ အဲ့ဒီအခါ ဆေးကိုကြိတ်ဝါးခြင်း မပြုဘဲ အားလုံးကိုသောက်ပါ။ နောက်တခါ သောက်ဖို့ဆိုပြီး ချန်မထားပါနဲ့။

အခါအားလျော်စွာ သွေးပေါင်ချိန်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

၄ပတ်လောက်သောက်ပြီးချိန်မှာ ဝေဒနာကနေ သက်သာလာတတ်ပါတယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပြီး မသက်သာရင် ဆရာဝန်နဲ့ ထပ်မံပြသပါ။

Effexor®သောက်သုံးခြင်းကို ရုတ်တရက် ရပ်တန့်ခြင်း မပြုပါနဲ့။ ဆေးကို ဘယ်လိုလျှော့သါားရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးသောက်သုံးချိန်မှာ မူးယစ်ဆေးအတွက် ဆေးစစ်ရင် မှားယွင်းပြီး ဆေးသုံးစွဲတယ်လို့ အဖြေထွက်နိုင်ပါတယ်။ ဆီးစစ်ဖို့ရှိမယ်ဆိုရင် Effexor® သောက်သုံးနေရကြောင်း ဓါတ်ခွဲခန်း တာဝန်ခံကို အသိပေးပါ။

Effexor ဘယ်လိုသိမ်းဆည်းရမလဲ

Effexor®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Effexor®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Effexor®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Effexor အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများ စတာတွေလည်း ပါဝင်ပါတယ်။
  • Effexor®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

အောက်ပါအခြေအနေမှာ Effexor®ကို မသုံးစွဲသင့်ပါဘူး။

  • မထိန်းချုပ်နိုင်သော မျက်စိရေတိမ်
  • methylene blue ထိုးဆေးဖြင့် ကုသမှုခံယူနေခြင်း
  • လွန်ခဲ့သည့် ၁၄ရက်အတွင်း MAOI ဆေးအမျိုးအစား သောက်သုံးထားခြင်း။ အန္တရာယ်ရှိတဲ့ ဓါတ်ပြုမှု ဖြစ်နိုင်ပါတယ်။ isocarboxazid, linezolid, phenelzine, rasagiline, selegiline, tranylcypromineစတဲ့ဆေးတွေ ပါဝင်ပါတယ်။Effexor® သုံးစွဲမှုကို ရပ်လိုက်ပြီး အနည်းဆုံး ၇ရက်လောက်ကြာမှ MAOI သုံးစွဲပါ။
  • လူငယ်တချို့မှာ စိတ်ကျကုဆေးတွေ စတင်သုံးစွဲချိန်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်လိုတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်။ Effexor® သုံးစွဲနေချိန်မှာ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့ လိုပါတယ်။ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဝေဒနာအပြောင်းအလဲကိုလည်း မိသားစုဝင်များ၊ ကုသနေသူများကို အသိပေးထားဖို့ လိုအပ်ပါတယ်။

    ကိုယ်ဝန်ရှိနေချိန်မှာ SSRI အမျိုးအစား စိတ်ကျကုဆေးများ သောက်သုံးခြင်းဟာ ကလေးတွေမှာ အဆုတ်နဲ့ တခြား နောက်ဆက်တွဲ ပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဆေးသုံးစွဲမှုကို ရပ်လိုက်ပြီဆိုရင်လည်း စိတ်ကျဝေဒနာ ပြန်ပေါ်လာနိုင်ပါတယ်။Effexor® သုံးစွဲနေချိန် ကိုယ်ဝန်ရှိလာပြီဆိုရင် ဆရာဝန်ကို အသိပေးပါ။ ကိုယ်ဝန်ရှိချိန်မှာ ဆရာဝန်ရဲ့ အကြံဉာဏ်မပါဘဲ ဆေးကို စတင်သုံးစွဲခြင်း (သို့) ရပ်ပစ်ခြင်း မလုပ်ပါနဲ့။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Effexor ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Effexor®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီ ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    Effexor®ဆေးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

    အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကို မသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Effexor ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • အမြင်အာရုံပြောင်းခြင်း
    • ပျို့အန်ခြင်း
    • ဝမ်းပျက်ခြင်း
    • အစားအသောက်ပြောင်းခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း
    • အာခေါင်ခြောက်ခြင်း
    • သမ်းဝေခြင်း
    • မူးဝေခြင်း
    • ခေါင်းကိုက်ခြင်း
    • စိတ်ပူပန်ခြင်း
    • ဆောက်တည်ရာမရခြင်း
    • နှလုံးခုန်မြန်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း
    • အိပ်မပျော်ခြင်း
    • အိပ်မက်ဆန်းများမက်ခြင်း
    • ပင်ပန်းနွမ်းနယ်ခြင်း
    • ချွေးထွက်များခြင်း
    • လိင်စိတ်ဆန္ဒ နည်းပါးခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ဆန္ဒမပြည့်ခြင်း

    အောက်ပါပြသနာတွေ ကြုံရရင် ဆရာဝန် ချက်ချင်းပြသပါ။

    • အမြင်အာရုံေဝဝါးခြင်း၊ မြင်ကွင်းကျဉ်းမြောင်းခြင်း၊ မျက်စိအောင့်ခြင်း၊ ရောင်ရမ်းခြင်း၊ အလင်းရောင်တွင် ရောင်စဉ်တန်းများ မြင်ရောင်နေခြင်း
    • သွေးခြေဥလွယ်ခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးထွက်ခြင်း (နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ်၊ အူမကြီး)၊ အရေပြားအောက်တွင် ခရမ်းရောင် အနီရောင် အစက်အပြောက်များပေါ်ခြင်း
    • ချောင်းဆိုးခြင်း၊ ရင်ဘတ်ထဲတင်းကြပ်ခြင်း၊ အသက်ရှူရခက်ခြင်း
    • တက်ခြင်း
    • ကိုယ်ခန္ဓါထဲတွင် serotonin ဓါတ် တက်ခြင်း။ စိတ်တိုလွယ်ခြင်း၊ အာရုံခြောက်ခြားခြင်း၊ ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ တုံ့ပြန်မှုလွန်ကဲခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်ခန္ဓါ လုပ်ဆောင်မှုများကို မထိန်းညှိနိုင်ခြင်း၊ သတိမေ့ခြင်း
    • ကိုယ်ခန္ဓါတွင် ဆိုဒီယမ်ဓါတ်နည်းခြင်း။ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ခြင်း၊ စကားမပီခြင်း၊ ဆိုးရွားစွာ အားနည်းခြင်း၊ အန်ခြင်း၊ ကိုယ်ခန္ဓါ လုပ်ဆောင်မှုများကို မထိန်းညှိနိုင်ခြင်း၊ မတည်ငြိမ်ခြင်း
    • ဆိုးရွားသော အာရုံကြောစနစ် တုံ့ပြန်မှုများ။ ကြွက်သားများ အလွန်တောင့်တင်းခြင်း၊ အပြင်းဖျားခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ရှုပ်ခြင်း၊ နှလုံးခုန်မြန်ခြင်း (သို့) ပုံမှန်မဟုတ်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ သတိလစ်သကဲ့သို့ဖြစ်ခြင်း
    • စိတ်ပိုင်းဆိုင်ရာနှင့် အမူအကျင့်များ ပြောင်းလဲခြင်း၊ စိတ်ပူခြင်း၊ ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်း
    • တစုံတခုကို မလုပ်ရမနေနိုင်ခြင်း၊ သည်းမခံနိုင်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ခက်ထန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ တက်ကြွလွန်ခြင်း၊ ပိုမိုပြီး စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ်ကို ဒုက္ခပေး သေကြောင်းကြံလိုစိတ်များ ဝင်လာခြင်း

    Effexor®နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေပြားပေါ် အကွက်ဖြစ်ခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်ထဲတွင်ကြပ်ခြင်း၊ ပါးစပ် မျက်နှာ နှုတ်ခမ်း လျှာ စသည်တို့ ရောင်ရမ်းခြင်းဖြစ်ရင် ဆေးဝါးကုသမှုခံယူပါ။

    ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Effexor နဲ့ ဓါတ်ပြုနိုင်သလဲ

    Effexor®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။ အောက်ပါဆေးဝါးများနဲ့ ဓါတ်ပြုမှုဖြစ်နိုင်ပါတယ်။

    • အခြားစိတ်ကျကုသဆေးများ
    • Cimetidine
    • John’s wort
    • Tramadol
    • Tryptophan (L-tryptophan လို့လည်း ခေါ်ပါတယ်)
    • သွေးကျဲဆေးများ – warfarin, Coumadin, Jantoven
    • စိတ်ပိုင်းဆိုင်ရာ ကုသသော ဆေးများ – buspirone, lithium နှင့် အခြားဆေးများ
    • ခေါင်းတခြမ်းကိုက် ပျောက်ဆေးများ(sumatriptan, zolmitriptan စသည်)

    အစားအသောက်တွေနဲ့ အရက်က Effexor နဲ့ ဓါတ်ပြုနိုင်သလား

    Effexor®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Effexor နဲ့ ဓါတ်ပြုနိုင်သလဲ

    Effexor®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အောက်ပါရောဂါများရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    • စိတ်ကြွစိတ်ကျရောဂါ
    • အသည်းခြောက်ခြင်းနှင့် အခြားအသည်းရောဂါများ
    • ကျောက်ကပ်ရောဂါ
    • နှလုံးရောဂါ
    • သွေးတိုးခြင်း
    • ကိုလက်စထရောမြင့်တက်ခြင်း
    • ဆီးချို
    • ရေတိမ်
    • သိုင်းရွိုက်ပြသနာ
    • အတက်ရောဂါရာဇဝင်ရှိခြင်း
    • သွေးထွက်လွယ်ခြင်း
    • သွေးတွင်း ဆိုဒီယမ်နည်းခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Effexor ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူကြီးများ စိတ်ကျရောဂါအတွက်

    လက်ငင်းအာနိသင်ပြစေရန်။

    • ကနဦးပမာဏ ၃၇.၅ မီလီဂရမ် သောက်ဆေးအနေဖြင့် တနေ့လျှင်၂ကြိမ် (သို့) ၂၅မီလီဂရမ် တနေ့လျှင် ၃ကြိမ်
    • ဆက်လက်သောက်သုံးရန်။ အများဆုံး ၇၅ မီလီဂရမ်ထိ အနည်းဆုံး၄ရက်မှာ တခါ ပမာဏ မြှင့်သွားနိုင်ပါတယ်။
    • အမြင့်ဆုံးပမာဏ (အလယ်အလတ်အဆင့် စိတ်ကျဝေဒနာသည် ပြင်ပလူနာများအတွက်)။ တရက်လျှင် ၂၂၅ မီလီဂရမ်
    • အမြင့်ဆုံးပမာဏ (ဆိုးရွားသောစိတ်ကျဝေဒနာသည် အတွင်းလူနာများအတွက်)။ တရက်လျှင် ၃၇၅ မီလီဂရမ်
    • တနေ့တာ သောက်ရမယ့်ပမာဏကို ၂ကြိမ်၃ကြိမ် ခွဲသောက်နိုင်ပါတယ်။

    ကြာရှည်အာနိသင်ပြစေရန်။

    • ကနဦးပမာဏ ၇၅ မီလီဂရမ် သောက်ဆေးအနေဖြင့် တနေ့လျှင်၁ကြိမ်
    • ဆက်လက်သောက်သုံးရန်။ အများဆုံး ၇၅ မီလီဂရမ်ထိ အနည်းဆုံး၄ရက်မှာ တခါ ပမာဏ မြှင့်သွားနိုင်ပါတယ်။
    • အမြင့်ဆုံးပမာဏ (အလယ်အလတ်အဆင့် စိတ်ကျဝေဒနာသည် ပြင်ပလူနာများအတွက်)။ တရက်လျှင် ၂၂၅ မီလီဂရမ်
    • အမြင့်ဆုံးပမာဏ (ဆိုးရွားသော စိတ်ကျဝေဒနာသည် အတွင်းလူနာများ အတွက်)။ တရက်လျှင် ၃၇၅ မီလီဂရမ်

    လူကြီးများ စိတ်ပူပန်တတ်ခြင်းအတွက်

    အထွေထွေစိတ်ပူပန်တတ်ခြင်းအတွက် (သို့) လူမှုဆက်ဆံရေးတွင် စိတ်ပူပန်ခြင်းအတွက်

    • ကနဦးပမာဏ ၇၅ မီလီဂရမ် သောက်ဆေးအနေဖြင့် တနေ့လျှင်၁ကြိမ်
    • ဆက်လက်သောက်သုံးရန်။ အများဆုံး ၇၅ မီလီဂရမ်ထိ အနည်းဆုံး၄ရက်မှာ တခါ ပမာဏ မြှင့်သွားနိုင်ပါတယ်။
    • အမြင့်ဆုံးပမာဏ။ တရက်လျှင် ၂၂၅ မီလီဂရမ်

    လူကြီးများ ထိတ်လန့်ခြင်းပြသနာအတွက်

    • ကနဦးပမာဏ ၃၇.၅ မီလီဂရမ် သောက်ဆေးအနေဖြင့် တနေ့လျှင်၁ကြိမ်
    • ဆက်လက်သောက်သုံးရန်။ အများဆုံး ၇၅ မီလီဂရမ်ထိ အနည်းဆုံး၄ရက်မှာ တခါ ပမာဏ မြှင့်သွားနိုင်ပါတယ်။
    • အမြင့်ဆုံးပမာဏ။ တရက်လျှင် ၂၂၅ မီလီဂရမ်

    ကလေးတွေအတွက် Effexor ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးတွေမှာ သုံးစွဲရမယ့် ပမာဏကို မသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသောက်သုံးခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောငိ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

    Effexor ကိုဘယ်လိုရရှိနိုင်သလဲ

    Effexor®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်

    • venlafaxine hydrochloride ဆေးပြား။ ၂၅မီလီဂရမ်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Effexor®ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement