backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dicloxacillin

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုခြင်း

Dicloxacillin ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

ဘက်တီးရီးယားကူးစက်ပိုးဝင်ခြင်းကို ကုသဖို့အတွက် Dicloxacillin ကို အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဒီဆေးဟာ ပင်နီဆလင်အနွယ်ဝင် ပဋိဇီဝပိုးသတ်ဆေး ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားများရဲ့ ကြီးထွားမှုကို ရပ်တန့်ပစ်ခြင်းအားဖြင့် အာနိသင်ပြပါတယ်။ ဒီပဋိဇီဝဆေးဟာ ဘက်တီးရီးယားပိုးကူးစက်ခြင်းကိုပဲ ကုသပေးနိုင်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း (ဥပမာ သာမန်အအေးမိခြင်း၊တုပ်ကွေးမိခြင်း)အတွက် အာနိသင်မရှိပါဘူး။ ပဋိဇီဝပိုးသတ်ဆေးကို မလိုအပ်ဘဲ သုံးစွဲခြင်း၊အလွန်အကျွံသုံးစွဲခြင်းတွေဟာ ဆေးယဉ်ပါးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Dicloxacillin ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဒီဆေးကို တနေ့လေးခါ (၆နာရီခြားတခါ) သောက်နိုင်သလို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းလည်း သုံးစွဲနိုင်ပါတယ်။Dicloxacillin ကို အစာနဲ့ဝေးဝေးမှာ ရေတဖန်ခွက်အပြည့်နဲ့ သောက်ရပါမယ် (အစာမစားခင် ၁နာရီ သို့မဟုတ် အစာစားပြီး ၂ နာရီအကြာ)။ ဆေးသုံးစွဲနေစဉ်ကာလမှာလည်း (ဆရာဝန်မှ ထူးထူးခြားခြား မှာကြားထားခြင်းမျိုး မရှိရင်) ရေများများသောက်ပေးပါ။ သောက်သုံးရမယ့် ဆေးပမာဏကတော့ သင့်ကျန်းမာရေးအခြေအနေနဲ့ ဆေးအပေါ်တုံ့ပြန်မှုတို့ပေါ်မူတည်နေပါတယ်။ ဒီပဋိဇီဝဆေးကို အချိန်အပိုင်းအခြား ညီညီမျှမျှ ခွဲပြီး သောက်သုံးရပါမယ်။ တနေ့တာအတွက် ဆေးသောက်မယ့် အချိန်တွေကို ပုံသေသတ်မှတ်ထားခြင်းအားဖြင့် ဆေးသောက်ဖို့ မေ့သွားခြင်းကို ကာကွယ်နိုင်ပါမယ်။ ဆေးသောက်ပြီး ရက်အနည်းငယ်အကြာမှာ သင့်ရောဂါလက္ခဏာတွေ ပျောက်ကွယ်သွားပြီဆိုရင်တောင်မှ ဆရာဝန်ညွှန်ကြားထားတဲ့ ကာလနဲ့ ပမာဏအတိုင်း ဆေးပတ်လည်အောင် ဆက်သောက်ရပါမယ်။ ဆေးပတ်မလည်ဘဲ ရပ်ပစ်လိုက်ခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ထဲက ဘက်တီးရီးယားတွေ ဆက်လက်ကြီးထွားနေအောင် အခွင့်အရေးပေးထားသလို ဖြစ်သွားပြီး တခါပြန်ဖြစ်လာနိုင်ပါတယ်။ သင့်ရောဂါအခြေအနေ မတိုးတက်လာရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ကို အသိပေးပါ။

Dicloxacillin ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Dicloxacillin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ medication ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Dicloxacillin ဆးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Dicloxacillin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Dicloxacillin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Dicloxacillin ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

သင့်မှာ Dicloxacillin နဲ့ ဓါတ်မတည့်ခြင်း၊penicillin သို့မဟုတ် cephalosporin ပဋိဇီဝဆေးတွေနဲ့ ဓါတ်မတည့်ခြင်းတွေရှိနေရင် ဆရာဝန်ကို ကြိုတင် အသိပေးပါ။ အခြားသော ဓါတ်မတည့်မှုတွေရှိရင်လည်း ဆရာဝန်ကို ကြိုပြောရပါမယ်။ ဒီဆေးမှာပါဝင်တဲ့ ဓါတ်ပစ္စည်းအချို့ဟာ ဓါတ်မတည့်ခြင်းဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ သင့်ဆရာဝန်ကို မေးမြန်းပါ။

ဆေးစတင်မသုံးစွဲခင်မှာ သင့်ရောဂါရာဇဝင်နဲ့ ပတ်သက်လို့ ဆရာဝန်ကို အသေအချာပြောပြပါ (အထူးသဖြင့် ကျောက်ကပ်ရောဂါရှိနေရင်ပေါ့)။ သက်ရှိဘက်တီးရီးယားတွေပါဝင်တဲ့ ကာကွယ်ဆေးတွေ (ဥပမာ အူရောင်ငန်းဖျားကာကွယ်ဆေး)ရဲ့ အာနိသင်ကို ပျက်ပြားအောင် Dicloxacillin က နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ဒီဆေးကို သုံးစွဲနေစဉ်ကာလမှာ (ဆရာဝန်ညွှန်ကြားချက်မရှိဘဲ) ဘာကာကွယ်ဆေးမှ မထိုးရပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မဖြစ်မနေလိုအပ်မှသာ ဒီဆေးကို အသုံးပြုသင့်ပါတယ်။ ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ သင့်ဆရာဝန်အား အသေးစိတ်မေးမြန်းပါ။Dicloxacillin ဟာ မိခင်နို့မှာပါဝင်လာခြင်းရှိမရှိ သေချာစွာမသိရှိရသေးတဲ့အတွက် နို့တိုက်မိခင်တွေအနေနဲ့ ဆေးမသုံးစွဲခင်မှာ ဆရာဝန်နဲ့ အသေအချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ။

Dicloxacillin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာရင် ဒါမှမဟုတ် ကာလကြာရှည်စွာ ဆက်လက်ရှိနေရင် ဆရာဝန်ကို အသိပေးပါ။ ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။ ဖြစ်ခဲပေမယ့် ဆိုးရွားပြင်းထန်တဲ့ အောက်ပါဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမယ် : ဆီးအရောင်မည်းမည်းများသွားခြင်း၊ကာလကြာရှည်စွာ ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်/နာခြင်း၊အသား/မျက်လုံး ဝါခြင်း၊သွေးခြေဥလွယ်ခြင်း/သွေးထွက်လွယ်ခြင်း၊ကာလကြာရှည်စွာ လည်ချောင်းနာနေခြင်း၊ဖျားနာခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီဆေးဟာ ဆိုးရွားပြင်းထန်တဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ (Clostridium difficile ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝမ်းလျှောဝမ်းပျက်ခြင်း) ကိုလည်း ရှားရှားပါးပါးဆိုသလို ဖြစ်ပေါ်စေတတ်ပါသေးတယ်။ ဒီလိုဖြစ်ပေါ်ရခြင်းဟာ ဆေးဒါဏ်ကိုခံနိုင်တဲ့ ဘက်တီးရီးယားပိုး (Clostridium difficile) ကြောင့်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဆေးသုံးစွဲနေစဉ်မှာ ဖြစ်နိုင်သလို ဆေးသုံးစွဲမှုရပ်တန့်အပြီး ရက်သတ္တပတ် အတန်ကြာ ဒါမှမဟုတ် လ အတန်ကြာမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ရှိနေရင် ဝမ်းပိတ်ဆေး သို့မဟုတ် narcotic အနွယ်ဝင် အကိုက်အခဲပျောက်ဆေးတွေကို မသုံးစွဲသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဆေးတွေကို သုံးစွဲခြင်းအားဖြင့် အခြေအနေ ပိုဆိုးသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ကာလကြာရှည်စွာ ဝမ်းပျက်ဝမ်းလျှောခြင်း၊ဗိုက်ရစ်ရစ်ပြီးနာခြင်း၊ဝမ်းထဲမှာ သွေး/အကျိအချွဲများ ပါလာခြင်း စတာတွေဖြစ်ပေါ်လာရင် သင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

ဒီဆေးကို ကာလကြာရှည်အသုံးပြုခြင်း သို့မဟုတ် မကြာခဏသုံးစွဲခြင်းပြုလုပ်ရင် အာခံတွင်းမှိုစွဲခြင်း သို့မဟုတ် မိန်းမကိုယ်မှိုစွဲခြင်းတို့ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် သင့်ပါးစပ်ထဲမှာ အဖြူကွက်တွေ ပေါ်ပေါက်လာရင်၊မိန်းမကိုယ် (ယောနိ)ကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းရင် ဒါမှမဟုတ် အခြားသော ရောဂါလက္ခဏာအသစ်တွေ ပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ ဒီဆေးကြောင့် ပြင်းထန်စွာ ဓါတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ပြင်းထန်စွာဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Dicloxacillin နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

သင်လက်ရှိအသုံးပြုနေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို ကြိုတင်အသိပေးပါ (အထူးသဖြင့် methotrexate, tetracyclines, warfarin ဆေးတွေ သုံးစွဲနေရင်ပေါ့)။ ပဋိဇီဝပိုးသတ်ဆေးအများစုဟာ ဟော်မုန်းပါဝင်တဲ့ သားဆက်ခြားနည်းလမ်းတွေ (ဥပမာ သောက်ဆေးပြား၊အရေပြားမှာကပ်ရတဲ့ အချပ်အပြားလေး၊သားအိမ်တွင်းထည့်ကွင်း စသည်)ရဲ့ အာနိသင်ကို နှောင့်ယှက်လေ့မရှိပေမယ့် အချို့သော ပဋိဇီဝပိုးသတ်ဆေးတွေဟာ (ဥပမာ rifampin, rifabutin စသည်) သားဆက်ခြားနည်းလမ်းတွေရဲ့ အာနိသင်ကို လျော့နည်းစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဟော်မုန်းပါဝင်တဲ့ သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေတယ်ဆိုရင် ဆေးမသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးပါ။

ဆီးချိုသမားတွေကို ဆီးစစ်ရာမှာသုံးတဲ့ စစ်ဆေးမှုတွေအပါအဝင် အချို့အချို့သော ဓါတ်ခွဲစမ်းသပ်မှုတွေကိုလည်း Dicloxacillin က နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Dicloxacillin သုံးစွဲနေကြောင်း ဓါတ်ခွဲခန်းတာဝန်ရှိသူကိုရော၊သင့်ဆရာဝန်ကိုပါ ကြိုတင်အသိပေးထားပါ။

Dicloxacillin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Dicloxacillin နဲ့ ဓါတ်ပြုနိုင်ပါသလား။

Dicloxacillin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Dicloxacillin နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Dicloxacillin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Dicloxacillin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

လေပြွန်ရောင်ခြင်းအတွက် :

၂၅၀ – ၅၀၀ မီလီဂရမ်ကို ၆နာရီခြားတကြိမ် သောက်ရမှာဖြစ်ပြီး ၁၀ရက်တိတိ သောက်ရပါမယ် (ကူးစက်ပိုးဝင်ခြင်းအခြေအနေ ပြင်းထန်မှုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်)။

လည်ချောင်းအတွင်းဖက် ရောင်ခြင်း :

၂၅၀ မီလီဂရမ်ကို ၆နာရီခြားတကြိမ် သောက်ရမှာဖြစ်ပြီး ၁၀ရက်တိတိ သောက်ရပါမယ် (ကူးစက်ပိုးဝင်ခြင်းအခြေအနေ ပြင်းထန်မှုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်)။

နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် :

၅၀၀ မီလီဂရမ်ကို ၆နာရီခြားတကြိမ် သောက်ရမှာဖြစ်ပြီး ၂၁ရက်အထိ သောက်ရပါမယ် (ကူးစက်ပိုးဝင်ခြင်းအခြေအနေ ပြင်းထန်မှုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်)။

အရေပြား သို့မဟုတ် တစ်ရှူးအပျော့စားများ ရောင်ရမ်းခြင်းအတွက် :

၅၀၀ မီလီဂရမ်ကို ၆နာရီခြားတကြိမ် သောက်ရမှာဖြစ်ပြီး ၇ ရက်တိတိ သောက်ရပါမယ် သို့မဟုတ် လတ်တလောရောင်ရမ်းခြင်း ပျောက်ကွယ်သက်သာသွားပြီးနောက် ၃ရက်အကြာထိ သောက်ရပါမယ် (ကူးစက်ပိုးဝင်ခြင်းအခြေအနေ ပြင်းထန်မှုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်)။

အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းအတွက် :

၂၅၀ မီလီဂရမ်ကို ၆နာရီခြားတကြိမ် သောက်ရမှာဖြစ်ပြီး ၇ – ၂၁ရက်အထိ သောက်ရပါမယ် (ကူးစက်ပိုးဝင်ခြင်းအခြေအနေ ပြင်းထန်မှုအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်)။

ကြိုတင်သတိပေးချက်များ :

ပြင်းထန်ဆိုးရွားပြီး အသက်အန္တရာယ်ထိရှိနိုင်တဲ့ ကူးစက်ပိုးဝင်ခြင်းဝေဒနာ ခံစားနေရတဲ့ လူနာတွေမှာ ပဋိဇီဝပိုးသတ်ဆေးကို သောက်ဆေးပုံစံနဲ့ အသုံးမပြုသင့်ပါဘူး။

သွေးလဲခြင်း :

ဆေးပမာဏကို ချိန်ညှိစရာ မလိုအပ်ပါဘူး။

အခြားမှတ်ချက်များ :

အစာနဲ့ခပ်ဝေးဝေးအချိန်မှာ သောက်ရင် Dicloxacillin ကို သွေးထဲသို့ အများဆုံး စုပ်ယူနိုင်ပါလိမ့်မယ် (အစာမစားခင် ၁ – ၂ နာရီလောက်မှာ သောက်သင့်ပါတယ်)။

ကလေးငယ်တွေမှာ Dicloxacillin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အရေပြား သို့မဟုတ် တစ်ရှူးအပျော့စားများ ရောင်ရမ်းခြင်းအတွက် :

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အောက် : ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၃.၁၂၅ – ၆.၂၅ မီလီဂရမ် ဆေးပမာဏနှုန်းနဲ့ ၆နာရီခြားတခါ ပေးရပါမယ်။

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အထက် : ၁၂၅ – ၂၅၀ မီလီဂရမ်ကို ၆နာရီခြားတခါ ပေးရပါမယ်။

အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းအတွက် :

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အောက် : ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၃.၁၂၅ – ၆.၂၅ မီလီဂရမ် ဆေးပမာဏနှုန်းနဲ့ ၆နာရီခြားတခါ ပေးရပါမယ်။

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အထက် : ၁၂၅ – ၂၅၀ မီလီဂရမ်ကို ၆နာရီခြားတခါ ပေးရပါမယ်။

အရိုးဖုံးမြှေးရောင်ခြင်းအတွက် :

ကနဦး အကြောသွင်းဆေးပေးပြီးနောက် :

အသက် ၁ နှစ်နှင့်အထက် :

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အောက် : ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၁၂.၅ – ၂၅ မီလီဂရမ် ဆေးပမာဏနှုန်းနဲ့ ၆နာရီခြားတခါ ပေးရပါမယ်။၂၄ နာရီအတွင်း ၂၀၀၀ မီလီဂရမ်ထက် မပိုရပါဘူး။

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အထက် : ၂၅၀ မီလီဂရမ်ကို ၆နာရီခြားတခါ ပေးရပါမယ်။၂၄ နာရီအတွင်း ၂၀၀၀ မီလီဂရမ်ထက် မပိုရပါဘူး။

နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် :

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အောက် : ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၆.၂၅ မီလီဂရမ် ဆေးပမာဏနှုန်းနဲ့ ၆နာရီခြားတခါ ပေးရပါမယ်။

ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အထက် : ၂၅၀ မီလီဂရမ်ကို ၆နာရီခြားတခါ ပေးရပါမယ်။

Dicloxacillin ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Dicloxacillin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့်ပုံစံ

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Dicloxacillin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement