backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diazoxide


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Uses

Diazoxide ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

သွေးတွင်းသကြားဓါတ်အလွန်နည်းပါးခြင်းကို ကုသဖို့အတွက် Diazoxide ကို အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ပန်ကရိယကင်ဆာ၊အခြားကင်ဆာများ၊leucine ဓါတ် အထူးအာနိသင်ပြခြင်း စတဲ့ အခြေအနေတွေကြောင့် အင်ဆူလင်ဟော်မုန်းအလွန်အကျွံထွက်ရှိလာနိုင်ပါတယ်။ အင်ဆူလင်ဆိုတာကတော့ သွေးတွင်းသကြားဓါတ်ကို ချပေးနိုင်တဲ့ သဘာဝဟော်မုန်းတမျိုးပါ။ ဒီဆေးဟာ ပန်ကရိယကနေ အင်ဆူလင်ဟော်မုန်းထွက်ရှိခြင်းကို တားဆီးပေးတဲ့အတွက် သွေးတွင်းသကြားဓါတ်ကို ပုံမှန် ပမာဏပြန်လည်ရောက်ရှိစေပါတယ်။Diazoxide ဟာ thiazide အုပ်စုဝင်ဆေးတမျိုးဖြစ်ပေမယ့် အခြားသော thiazide တွေလို ဆီးရွှင်စေတဲ့ အာနိသင်မရှိပါဘူး။ အစာအာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတွင်းသကြားဓါတ်နည်းပါးခြင်းကို ကုသဖို့အတွက်တော့ Diazoxide ကို အသုံးမပြုသင့်ပါဘူး။

Diazoxide ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဒီဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲပါ (ယေဘုယျအားဖြင့် တနေ့ကို ၂ – ၃ကြိမ်သောက်ရလေ့ရှိပါတယ်။ တနည်းအားဖြင့် ၈ နာရီခြားတကြိမ် သို့မဟုတ် ၁၂နာရီခြားတကြိမ်ဖြစ်ပါတယ်)။ သင့်ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့် အစားအသောက်စားသုံးမှုပုံစံကိုလည်း သင့်ဆရာဝန်က ညွှန်ကြားပြသပေးပါလိမ့်မယ်။ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ဆရာဝန်ကို အသိမပေးဘဲ ဆေးတောင့်ပုံစံသောက်လိုက်၊ဆေးရည်ပုံစံသောက်လိုက် မလုပ်ရပါဘူး။ သင်သုံးစွဲနေတဲ့ ဆေးပမာဏကို ချိန်ဆပေးဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်အနေနဲ့ ဆေးရည်ပုံစံကို သုံးစွဲနေတယ်ဆိုရင် ဆေးမသောက်ခင်တိုင်းမှာ ဆေးပုလင်းကို ကောင်းစွာလှုပ်ဖို့ မမေ့ပါနဲ့။ အထူးစီမံထားတဲ့ ပမာဏတိုင်းကိရိယာ/ဇွန်းတို့ကို အသုံးပြုပြီး ဆေးရည်ပမာဏကို အတိအကျတိုင်းတာပါ။ အိမ်မှာ ပုံမှန်အသုံးပြုတဲ့ဇွန်းတွေဟာ တိကျတဲ့ပမာဏကို မတိုင်းတာနိုင်တဲ့အတွက် အသုံးမပြုသင့်ပါဘူး။ ဆေးရည်ရဲ့အရောင်ဟာ အနက်ရောင်ဖက်ပြောင်းသွားရင် ဆက်မသုံးပါနဲ့တော့။ လွှင့်ပစ်လိုက်ပါ။ သင့်ခန္ဓါကိုယ်အလေးချိန်၊ကျန်းမာရေးအခြေအနေ၊ဆေးကို တုံ့ပြန်မှုတို့အပေါ် အခြေခံပြီး ဆေးပမာဏကို သတ်မှတ်ရမှာပါ။ ဆေးသုံးစွဲနေစဉ်ကာလတလျှောက်လုံးမှာ သွေးတွင်းသကြားဓါတ်ပမာဏ၊ဆီးတွင်းသကြားဓါတ်ပမာဏနဲ့ ဆီးတွင်းketones ဓါတ်ပမာဏတို့ကို ပုံမှန်စစ်ဆေးနေရမှာဖြစ်ပြီး ရလာဒ်တွေကို ဆရာဝန်ထံ အသိပေးတင်ပြရပါမယ်။ ဒီရလာဒ်တွေအပေါ် မူတည်ပြီး သင်သုံးစွဲရမယ့်ဆေးပမာဏကို ဆရာဝန်က ချိန်ညှိပေးမှာပါ။ သင့်အတွက် အကောင်းဆုံးသော အကျိုးအာနိသင်ရရှိနိုင်စေဖို့အတွက် သင့်ဆရာဝန်အနေနဲ့ ဆေးပမာဏကို အခါအားလျော်စွာ ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာပါ။ အထက်မြက်ဆုံးနဲ့ အထိရောက်ဆုံးသော ဆေးအာနိသင်ကို ရရှိစေနိုင်ဖို့အတွက် ဆေးကို မှန်မှန်သောက်ဖို့ လိုပါတယ်။ တနေ့တာရဲ့ သတ်မှတ်ထားတဲ့ အချိန်တချိန်ချိန်မှာ ပုံသေသောက်သုံးခြင်းအားဖြင့် ဆေးသောက်ဖို့ မေ့တာမျိုးကို ရှောင်ရှားနိုင်မှာပါ။

ဆေးသောက်ပြီး ၂ – ၃ ပတ်ကြာတဲ့အထိ သင့်ရောဂါအခြေအနေ တိုးတက်မလာတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုး ဖြစ်ပေါ်လာရင် ဆရာဝန်ကို အသိပေးပါ။

Diazoxide ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Diazoxide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Diazoxide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Diazoxide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Diazoxide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Diazoxide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

Precautions & warnings

Diazoxide ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Diazoxide နဲ့ ဓါတ်မတည့်ခြင်း၊thiazides ဆေးများ (ဥပမာ hydrochlorothiazide)နဲ့ ဓါတ်မတည့်ခြင်း ဒါမှမဟုတ် အခြားသော ဓါတ်မတည့်ခြင်းများရှိနေပါက ဆရာဝန်ကို ကြိုတင်အသိပေးပါ။ ဒီဆေးမှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေဟာ ဓါတ်မတည့်ခြင်းအပါအဝင် အခြားသော ပြဿနာတွေကိုလည်း ဖြစ်စေနိုင်တဲ့အတွက် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

သင့်ရောဂါရာဇဝင်အသေးစိတ်ကို ဆရာဝန်အား အသိပေးပါ။ အထူးသဖြင့် သွေးတွင်းပိုတက်ဆီယမ်ဓါတ်နည်းပါးခြင်း၊ဆီးချိုရှိခြင်း၊နှလုံးရောဂါရှိခြင်း (နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ယခင်က နှလုံးထိခိုက်ဖူးခြင်း)၊ကျောက်ကပ်ရောဂါ၊ဂေါက်ရောဂါ၊အသည်းရောဂါရှိခြင်း စတာတွေရှိရင် မဖြစ်မနေ ကြိုပြောပါ။

ဆေးရည်ပုံစံမှာ အယ်လ်ကိုဟောပါဝင်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ၊အသည်းရောဂါရှိရင် ဒါမှမဟုတ် အယ်လ်ကိုဟောဓါတ်ရှောင်ကျဉ်ရမယ့် အခြေအနေတမျိုးမျိုးရှိနေရင် သတိထားပြီးသုံးစွဲသင့်ပါတယ်။ ဒီဆေးကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်စေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး မေးမြန်းပါ။

ဒီဆေးဟာ အချို့သော အခြေအနေတွေမှာ သင့်ရဲ့ သွေးတွင်းသကြားဓါတ်ကို အလွန်အကျွံမြင့်တက်စေနိုင်ပါတယ်။ဥပမာ သင့်အနေနဲ့ ကူးစက်ပိုးဝင်ခြင်း၊ခွဲစိတ်ကုသမှုခံယူရခြင်း၊ထိခိုက်ဒါဏ်ရာရခြင်း စတဲ့ ဖိစီးမှုတွေရင်ဆိုင်နေရချိန်မှာ သင့်ခန္ဓါကိုယ်ဟာ အင်ဆူလင်ဓါတ်ကို ပိုမိုလိုအပ်လို့လာပါတယ်။ အချို့သော ဆေးများ (ဥပမာ hydrocortisone/prednisone စတဲ့ ကော်တီကိုစတီးရွိုက်ဆေးများ၊ပဋိသန္ဓေတားဆေးအစရှိတဲ့ ဟော်မုန်းဆေးများ)ဟာ သင့်ရဲ့ သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေပါလိမ့်မယ်။ ဒါကြောင့် သင်သုံးစွဲနေတဲ့ ဆေးပမာဏကို အခြေအနေပေါ်မူတည်ပြီး ချိန်ညှိပေးဖို့ လိုအပ်လာပါတယ်။ အသေးစိတ်ပိုမိုသိရှိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ သွေးတွင်းသကြားဓါတ်မြင့်မားခြင်းရဲ့ လက္ခဏာတွေပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်း အသိပေးပါ။

ခွဲစိတ်မှုမခံယူခင်မှာ သင်လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေအကြောင်းကို သင့်ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကို အသိပေးပါ (ဆရာဝန်ညွှန်ကြားချက်နဲ့သောက်တဲ့ ဆေး၊ဆရာဝန်ဆေးစာမလိုဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေး၊သဘာဝဆေးဖက်ဝင်သစ်ဥသစ်ဖုတွေက ထုတ်လုပ်တဲ့ဆေး စသဖြင့် အားလုံးပါဝင်ပါတယ်)။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မဖြစ်မနေလိုအပ်မှသာ ဒီဆေးကို သုံးစွဲသင့်ပါတယ်။ ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ သင့်မှာ ကိုယ်ဝန်ရှိရင်၊ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိရင်၊ကိုယ်ဝန်ရှိနေပြီလို့ ယူဆရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ ဒီဆေးဟာ မိခင်နို့ထဲမှာ ပါဝင်လာနိုင်သလားဆိုတာ အတိအကျမသိရသေးပါဘူး။ ဒါကြောင့် မိခင်နို့မတိုက်ကျွေးခင်မှာ ဆရာဝန်ကို ဦးစွာမေးမြန်းပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ။

Diazoxide က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ပျို့ခြင်း၊အစားအသောက်ပျက်ခြင်း၊ဗိုက်နာဗိုက်အောင့်ခြင်း၊အရသာခံစားမှုပြောင်းလဲခြင်း စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ လက္ခဏာတွေ ပိုဆိုးလာရင် ဒါမှမဟုတ် အချိန်ကြာမြင့်စွာ ဆက်ရှိနေရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

ခန္ဓါကိုယ်အမွှေးအမျှင်ပေါက်ရောက်မှုမှာ မူမမှန်အနေအထားတွေ ဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် နဖူး၊ကျော၊ခြေထောက်နဲ့လက်တွေမှာ ဖြစ်ပေါ်နိုင်တာပါ။ ဒါဟာ တသက်လုံးဖြစ်သွားမှာမျိုးမဟုတ်ဘဲ ဆေးရပ်လိုက်ပြီဆိုတာနဲ့ ဒီလိုအနေအထားလည်း ပျောက်ကွယ်သွားမှာပါ။ ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။ ဒီဆေးဟာ ဆိုဒီယမ်ဓါတ်နဲ့ ရေဓါတ်ကို ခန္ဓါကိုယ်ထဲမှာ စုပုံလာစေတတ်တဲ့အတွက် ဆိုးရွားပြင်းထန်တဲ့ နှလုံးပြဿနာတွေဆီကို ဦးတည်လာနိုင်ပါတယ်။ ခြေ/လက်/ခြေကျင်းဝတ်/လက်ကောက်ဝတ် စတဲ့နေရာတွေမှာ ရောင်ရမ်းလာခြင်း၊အကြောင်းအကျိုး မည်မည်ရရမရှိဘဲ ကိုယ်အလေးချိန်တက်လာခြင်း၊အသက်ရှုမဝခြင်း၊မူမမှန်စွာ ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

ဒီဆေးဟာ သွေးတွင်းသကြားဓါတ်ကို အလွန်မြင့်တက်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီဘေးထွက်ဆိုးကျိုးကို တားဆီးကာကွယ်နိုင်ဖို့အတွက် သွေးတွင်းသကြားဓါတ်ပမာဏနဲ့ ဆီးတွင်း သကြားဓါတ်/ketones ဓါတ်ပမာဏတို့ကို ပုံမှန်တိုင်းတာပြီး ရလာဒ်ကို ဆရာဝန်ထံအသိပေးရမှာ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်မြင့်မားခြင်းဟာ အလွန်အန္တရာယ်များပြီး ရုတ်ချည်းပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓါတ် အလွန်မြင့်မားခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးမကြာခဏသွားခြင်း၊မူမမှန်စွာ ရေအလွန်အမင်းငတ်ခြင်း၊အသက်ရှုထုတ်လျင် ချဉ်စူးစူးအနံ့ရခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊အကြောင်းရင်းတစုံတရာမရှိဘဲ ကိုယ်အလေးချိန်ထိုးကျသွားခြင်း၊အသက်ရှုမြန်ခြင်း/ရှိုက်ရှိုက်ပြီး အသက်ရှုနေရခြင်း၊နှုတ်ခမ်း/အရေပြားတို့ ပြာနှမ်းလာခြင်း၊အလွန်အမင်း ငိုက်မျဉ်းတွေဝေခြင်း၊အားနည်းခြင်း စတာတွေ ပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

အလွယ်တကူ သွေးခြေဥခြင်း/သွေးယိုစီးခြင်း၊သတိလစ်ခြင်း၊နှလုံးခုန်မြန်ခြင်း/တဒိုင်းဒိုင်းခုန်နေခြင်း၊မျက်နှာ/ကြွက်သားများ အကြောဆွဲခြင်း၊ခြေချောင်း/အဆစ်အမြစ်များ နာကျင်ခြင်း၊မူမမှန်စွာ ဂဏှာမငြိမ်ဖြစ်ခြင်း၊ကြွက်တက်ခြင်း/ကြွက်သားများတောင့်တင်းခြင်း၊ခြေလက်များ အကြောဆွဲခြင်း အစရှိတဲ့ ရှားပြားပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင်လည်း ဆရာဝန်ကို ချက်ချင်းအသိပေးရပါမယ်။ ဒီဆေးကြောင့် ပြင်းထန်စွာ ဓါတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ပြင်းထန်စွာဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ။

ဘယ်ဆေးဝါးတွေက Diazoxide နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

ဒီဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးတွေကတော့ : သွေးကျဆေးများ (ဥပမာ enalapril, methyldopa, prazosin စသည်)၊ သွေးကျဲဆေးများ (ဥပမာ warfarin) နဲ့ phenytoin တို့ပဲ ဖြစ်ကြပါတယ်။

ဒီဆေးဟာ အချို့သော ဓါတ်ခွဲစစ်ဆေးမှုများရဲ့ ရလာဒ်အဖြေတွေကို အနှောင့်အယှက်ပြုနိုင်တဲ့အတွက် မှားယွင်းတဲ့အဖြေတွေ ထွက်လာစေနိုင်ပါတယ် (ဥပမာ glucagon test)။ သင့်အနေနဲ့ ဒီဆေးသုံးစွဲနေကြောင်း ဓါတ်ခွဲခန်းတာဝန်ရှိသူကိုရော၊ဆရာဝန်ကိုပါ ကြိုတင်အသိပေးထားပါ။Diazoxide ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Diazoxide နဲ့ ဓါတ်ပြုနိုင်ပါသလား။

Diazoxide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Diazoxide နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Diazoxide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ medication ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သွေးပေါင်ချိန်အလွန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေအတွက်

အကြောသွင်းဆေး : 1 – 3 mg/kg နှုန်းနဲ့ သွင်းပေးနိုင်ပြီး ၅ – ၁၅ မိနစ်အတွင်း အများဆုံး ၁၅၀ မီလီဂရမ်ထိ အသုံးပြုနိုင်ပါတယ်။ ဒီနောက်မှာတော့ ၄ – ၂၄ နာရီခြားတခါ ဆက်သွင်းရပါမယ်။ ဆေးသွင်းတဲ့အခါ ခြေ၊လက်အကြောတွေကနေ စက္ကန့်သုံးဆယ်အတွင်း အပြီးသွင်းရပါမယ်။

သွေးတွင်းသကြားဓါတ်နည်းပါးခြင်းအတွက်

တနေ့လျှင် 3 – 8 mg/kg ပမာဏကို ၈နာရီခြား သို့မဟုတ် ၁၂နာရီခြားတကြိမ် သောက်နိုင်ပါတယ်။ ဆေးသိပ်မတိုးတဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းအတွက် များပြားသောဆေးပမာဏကို (တနေ့လျှင် 15 mg/kg အထိ) အသုံးပြုနိုင်ပါတယ်။

ဆေးပမာဏ ချိန်ဆခြင်း

သွေးပေါင်ချိန်ပမာဏကို ကောင်းစွာထိန်းချုပ်နိုင်ချိန်အထိ အကြောသွင်းဆေးကို ၅ – ၁၅ မိနစ်တကြိမ် သွင်းပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ငါးရက်ထက်ပိုပြီး ဆက်သွင်းစရာ မလိုတတ်ပါဘူး။ ဒီဆေးကို ၁၀ရက်ထက်ပိုပြီး မသုံးစွဲရပါဘူး။

သတိပေးချက်များ

အကြောသွင်းဆေး သွင်းပေးခြင်းအားဖြင့် သွေးပေါင်ချိန်ကို သိသိသာသာ လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို လုံးဝထိန်းချုပ်နိုင်တဲ့အထိ အနီးကပ်စောင့်ကြည့်ရမှာဖြစ်ပြီး ဒီနောက်မှာတော့ အနည်းဆုံး တနာရီတခါလောက် တိုင်းပေးရမှာ ဖြစ်ပါတယ်။

Diazoxide ဟာ ခန္ဓါကိုယ်တွင်းဆိုဒီယမ်ပမာဏကို မြင့်မားစေပြီး pheochromocytoma ရောဂါမှာ အာနိသင်သက်ရောက်ခြင်း မရှိပါဘူး။

ကလေးငယ်တွေမှာ Diazoxide ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သွေးပေါင်ချိန်အလွန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေအတွက်

အကြောသွင်းဆေး : 1 – 5 mg/kg နှုန်းနဲ့ သွင်းပေးနိုင်ပြီး ၅ – ၁၅ မိနစ်အတွင်း အများဆုံး ၁၅၀ မီလီဂရမ်ထိ အသုံးပြုနိုင်ပါတယ်။ ဒီနောက်မှာတော့ ၄ – ၂၄ နာရီခြားတခါ ဆက်သွင်းရပါမယ်။ ဆေးသွင်းတဲ့အခါ ခြေ၊လက်အကြောတွေကနေ စက္ကန့်သုံးဆယ်အတွင်း အပြီးသွင်းရပါမယ်။ နောက်ထပ်နည်းလမ်းတမျိုးအဖြစ် 3 – 5 mg/kg ကို မိနစ်၃၀အတွင်း အပြီးသွင်းတဲ့ ပုံစံမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ သွေးပေါင်အကျလွန်သွားခြင်းနဲ့ သွေးတွင်းသကြားဓါတ်လွန်စွာ မြင့်မားသွားခြင်းတို့ကို အဖြစ်နည်းစေပါလိမ့်မယ်။

သွေးတွင်းသကြားဓါတ်နည်းပါးခြင်းအတွက်

သွေးတွင်းအင်ဆူလင်ဓါတ်များပြားခြင်းကြောင့် သကြားဓါတ်ကျဆင်းနည်းပါးခြင်း :

အသက်၁လအောက် : ကနဦးဆေးပမာဏ : တနေ့လျှင် 10 mg/kg ပမာဏကို ၈နာရီခြားတခါစီ ခွဲပေးနိုင်ပါတယ်။ လိုတိုးပိုလျှော့ပမာဏအနေနဲ့ တနေ့လျှင် 5 – 15 mg/kg ပမာဏကို ၈နာရီခြားတခါစီ ခွဲပေးနိုင်ပါတယ်။

အသက်၁နှစ်အောက် : ကနဦးဆေးပမာဏ : တနေ့လျှင် 10 mg/kg ပမာဏကို ၈နာရီခြားတခါစီ ခွဲပေးနိုင်ပါတယ်။ လိုတိုးပိုလျှော့ပမာဏအနေနဲ့ တနေ့လျှင် 5 – 20 mg/kg ပမာဏကို ၈နာရီခြားတခါစီ ခွဲပေးနိုင်ပါတယ်။

အသက်၁နှစ်နှင့် အထက် : ကနဦးဆေးပမာဏ : တနေ့လျှင် 3 mg/kg ပမာဏကို ၈နာရီခြားတခါစီ ခွဲပေးနိုင်ပါတယ်။ လိုတိုးပိုလျှော့ပမာဏအနေနဲ့ တနေ့လျှင် 3 – 8 mg/kg ပမာဏကို ၈နာရီခြားတခါစီ ခွဲပေးနိုင်ပါတယ်။

ဆေးသိပ်မတိုးတဲ့ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းအတွက် များပြားသောဆေးပမာဏကို (တနေ့လျှင် 15 mg/kg အထိ) အသုံးပြုနိုင်ပါတယ်။

အခြားမှတ်ချက်များ

thiazides သို့မဟုတ် အခြားသော sulfonamide အနွယ်ဝင်ဆေးတွေနဲ့ ဓါတ်မတည့်တဲ့ လူနာတွေမှာ ဒီဆေးကို မသုံးရပါဘူး။

Diazoxide ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Diazoxide ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးရည်။
  • ဆေးပြား။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Diazoxideကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement