backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ceftibuten (ဆက်ဖ်တီဘူတန်)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ceftibuten (ဆက်ဖ်တီဘူတန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Ceftibutenကိုဘက်တီးရီးယားရောဂါပိုးဝင်ခြင်းအမျိုးမျိုးကုသဖို့အတွက် အသုံးပြုပါတယ်။ ဒီဆေးဟာcephalosporin အုပ်စုဝင်ပဋိဇီဝဆေးအမျိုးအစား ဖြစ်ပါတယ်။ ဘက်တီးရီးယားများပေါက်ပွားမှုကိုတားဆီးပေးနိုင်ပါတယ်။ ဒီဆေးအမျိုးအစားဟာဘက်တီးရီးယားကူးစက်ခြင်းတမျိုးကိုပဲကုသနိုင်ပါတယ်။ အအေးမိတုတ်ကွေးစတဲ့ ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းကိုတော့ မကုသနိုင်ပါဘူး။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေသုံးစွဲခြင်းကလည်း နောင်ကို ရောဂါပိုးဝင်ချိန်မှာ အာနိသင်မရဘဲ ဖြစ်တတ်ပါတယ်။

Ceftibuten (ဆက်ဖ်တီဘူတန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်းတနေ့တကြိမ်သောက်သုံးနိုင်ပါတယ်။ ဒီဆေးကိုအစာမစားမီ အနည်းဆုံး၂နာရီစောပြီး၊ အစာစားပြီးအနည်းဆုံးတနာရီစောင့်ပြီးသောက်သုံးပေးရပါတယ်။

တခါသောက်ခါနီးတိုင်းမှာပုလင်းကိုသေချာလှုပ်ပေးရပါတယ်။ ဆေးချိန်တဲ့ ကိရိယာ/ဇွန်းနဲ့ သေချာချိန်တွယ်ပေးရပါတယ်။ အိမ်သုံးတဲ့ဇွန်းနဲ့ဆေးချိန်ရင် ဆေးချိန်မမှန်နိုင်တာကြောင့် အိမ်သုံးဇွန်းနဲ့မချိန်ပါနဲ့။

ဆေးပမာဏဟာကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်းစတာတွေအပေါ် မူတည်ပါတယ်။ ကလေးတွေအတွက်ဆိုရင် ကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။ အာနိသင်အကာင်းဆုံးရအောင် အချိန်ကိုအတိအကျသောက်သုံးပါ။ မှတ်မိလွယ်အောင် နေ့စဉ် တူညီတဲ့အချိန်မှာသောက်သုံးသင့်ပါတယ်။

ဒီဆေးသောက်ပြီးရက်အနည်းငယ်နဲ့ ရောဂါသက်သာခဲ့မယ်ဆိုရင်တောင် ညွှန်ထားတဲ့ဆေးအားလုံးကိုကုန်အောင်သောက်သုံးရပါမယ်။ ဆေးကိုအချိန်မတိုင်မီရပ်ပစ်ရင် ရောဂါပိုးဝင်ခြင်းပြန်ဖြစ်နိုင်ပါတယ်။ ရောဂါမသက်သာရင် ပိုဆိုးလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Ceftibuten (ဆက်ဖ်တီဘူတန်) ဘယ်လိုသိမ်းဆည်းရမလဲ

Ceftibutenဆေးပြားနဲ့ ဆေးတောင့်တွေကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင်၊ အပူနဲ့အလင်းရောင် မထိတွေ့အောင်သိမ်းဆည်းရပါမယ်။

သောက်ဆေးရည်ဆိုရင်တော့ရေခဲသေတ္တာထဲမှာသိမ်းဆည်းရပါမယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့မပြုရပါဘူး။ ၁၄ရက်ကျော်သွားရင် စွန့်ပစ်ရပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ceftibuten (ဆက်ဖ်တီဘူတန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Ceftibutenမသုံးစွဲခင်မှာသူနဲ့ဓါတ်မတည့်တာရှိရင်၊ တခြားပဋိဇီဝဆေးတွေနဲ့ (ပင်နီဆလင်၊ cephalosporin အုပ်စုဝင်အခြားဆေးများ)ဓါတ်မတည့်ခြင်းတွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကိုဖွင့်ပြောပါ။ ဒီပစ္စည်းမှာဓါတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဆေးမသုံးခင်မှာမိမိရဲ့ ကျန်းမာရေးရာဇဝင်ကို (အထူးသဖြင့်ကျောက်ကပ်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါစတာတွေရှိရင်) ဆရာဝန် (သို့) သူနာပြုကိုဖွင့်ပြောပါ။

ဒီဆေးမှာ သကြားဓါတ်ပါဝင်တာကြောင့် ဆီးချိုရှိသူတွေမှာသတိထားသုံးစွဲသင့်ပါတယ်။

Ceftibutenဟာတိုင်ဖွိုက်ကာကွယ်ဆေးလိုဘက်တီးရီးယားကာကွယ်ဆေးတချို့ကိုအာနိသင်ပြယ်စေပါတယ်။ ဒီဆေးသုံးနေချိန်မှာ ဆရာဝန်အကြံဉာဏ်မပါဘဲ ကာကွယ်ဆေးမထိုးပါနဲ့။

ခွဲစိတ်မှု ခံယူရမယ်ဆိုရင် သောက်နေရတဲ့ ဆေးအမျိုးအစားအားလုံး (ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာ၀ ဆေးဘက်ဝင်ပစ္စည်းများ အပါအဝင်) ဆရာဝန်ကို ပြောပြပါ။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

မိခင်နို့ထဲကို ဖြတ်သန်းနိုင်ခြေရှိမရှိမသိရပါဘူး။ ဒါကြောင့်

ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ceftibuten (ဆက်ဖ်တီဘူတန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Ceftibutenကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Ceftibutenဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Bရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ceftibuten (ဆက်ဖ်တီဘူတန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့အန်ခြင်း၊ဝမ်းပျက်ခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီပြသနာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

ဆရာဝန်အနေနဲ့ ဒီဆေးကိုပေးရခြင်းဟာဆိုးကျိုးထက် ကောင်းကျိုးကပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒီဆေးကိုသုံးတဲ့ လူအများမှာတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ သွေးခြေဥလွယ် သွေးထွက်လွယ်ခြင်း၊ မောပန်းနွယ်းနယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း၊ တက်ခြင်း၊ ကျောက်ကပ်ပြသနာများ၊ အသည်းပြသနာများ (ဆက်တိုက်ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ မျက်လုံးနှင့်အသားဝါခြင်း၊ ဆီးမည်းခြင်း)၊ ရောဂါပိုးဝင်ခြင်းလက္ခဏာအသစ်များ (လည်ချောင်းနာခြင်း၊ ချမ်းတုန်ဖျားခြင်း) စတာတွေဖြစ်လာရင် ဆရာဝန်နဲ့ပြပါ။

ဒီဆေးကြောင့် ဆိုးရွားတဲ့ အစာအိမ်အူလမ်းကြောင်းပြသနာ (Clostridium difficile နှင့် ဆက်စပ်နေသော ဝမ်းပျက်ခြင်း)ကိုရှားရှားပါးပါး ဖြစ်စေနိုင်ပါတယ်။ ခုခံအားကောင်းတဲ့ ဘက်တီးရီယားကြောင့် ဖြစ်ပါတယ်။ ကုသနေစဉ် (ဒါမှမဟုတ်) ဆေးရပ်ပြီးလနဲ့ချီကြာချိန်မှာ ဖြစ်တတ်ပါတယ်။ ဆက်တိုက်ဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားစဉ် သွေးအမြှုပ်ပါခြင်းစတာတွေကြုံရင် ဆရာဝန်ကိုဖွင့်ပြောပါ။

အဲဒီလက္ခဏာတွေတွေ့ရရင် ဝမ်းပျက်ရောဂါကုသဆေးနဲ့ မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ မသုံးပါနဲ့။ ပိုဆိုးတတ်ပါတယ်။

ဒီဆေးကိုအချိန်ကြာမြင့်စွာသုံးစွဲခြင်း၊ မကြာခဏသုံးစွဲခြင်းစတာတွေဟာပါးစပ်အတွင်းမှာမက္ခရုပေါက်ခြင်း၊ မှိုစွဲရောဂါ စတာတွေဖြစ်လာနိုင်ပါတယ်။ ပါးစပ်ထဲမှာအဖြူဖတ်လေးတွေ သတိထားမိရင်၊ မိန်းမကိုယ်ကဆင်းတဲ့အရည်မှာပြောင်းလဲမှုဖြစ်ရင်၊ တခြားလက္ခဏာတွေရှိရင် ဆရာဝန်ကိုဖွင့်ပြောပါ။

Ceftibutenကြောင့် ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းတွေဖြစ်တာရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ceftibuten (ဆက်ဖ်တီဘူတန်) နဲ့ ဓါတ်ပြုနိုင်သလဲ

ပဋိဇီဝဆေးအများစုဟာ ဟော်မုန်းကိုယ်ဝန်တားဆေးတွေအပေါ် သက်ရောက်ခြင်းမရှိပေမယ့် ဆေးအနည်းငယ် (ဥပမာ rifampin, rifabutin) ကတော့ တားဆေးတွေရဲ့ အာနိသင်ကိုလျော့ကျစေပါတယ်။ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဟော်မုန်းကိုယ်ဝန်တားဆေးတွေသုံးနေရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကိုဖွင့်ပြောပါ။

ဒီဆေးဟာဓါတ်ခွဲစမ်းသပ်ချက်အချို့ကို (ဥပမာဆီးအတွင်းသကြားဓါတ်စစ်ဆေးခြင်း) မှားယွင်းစေနိုင်ပါတယ်။ ဒီဆေးသုံးနေတယ်ဆိုရင် ဓါတ်ခွဲခန်းဝန်ထမ်းများနဲ့ ဆရာဝန်ကို ဖွင့်ပြောပါ။

Ceftibutenဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Ceftibuten (ဆက်ဖ်တီဘူတန်) နဲ့ ဓါတ်ပြုနိုင်သလား

Ceftibutenဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ceftibuten (ဆက်ဖ်တီဘူတန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Ceftibutenဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ceftibuten (ဆက်ဖ်တီဘူတန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများနားအတွင်းပိုင်းရောင်ရမ်းခြင်းအတွက်

၄၀၀မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ဆက်တိုက် သောက်သုံးရပါတယ်။

လူကြီးများအာသီးရောင်ခြင်း၊အာခေါင်ရောင်ရမ်းခြင်းအတွက်

၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ဆက်တိုက် သောက်သုံးရပါတယ်။

လူကြီးများအဆုတ်လေပြွန်ရောင်ရမ်းခြင်းအတွက်

၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ဆက်တိုက် သောက်သုံးရပါတယ်။

လူကြီးများဆီးအိမ်ရောင်ရမ်းခြင်းအတွက်

၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၇ရက်ဆက်တိုက် သောက်သုံးရပါတယ်။

လူကြီးများအဆုတ်ရောင်ခြင်းအတွက်

၂၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၁၂နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၇ရက်ကနေ ၁၄ရက်ထိသောက်သုံးရပါတယ်။

လူကြီးများထိပ်ကပ်နာဖြစ်ခြင်းအတွက်

၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ကနေ ၁၄ရက်ထိ သောက်သုံးရပါတယ်။

ကျောက်ကပ်အတွက် ဆေးဝါးချိန်ဆခြင်း

ကိုယ်ခန္ဓါမှ ခရီအက်တနင်းစွန့်ထုတ်နှုန်းတမိနစ်လျှင် ၅မီလီလီတာမှ ၂၉မီလီလီတာ။ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၂.၂၅ မီလီဂရမ်သောက်ရန် (သို့) ၁၀၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရန်။

ကိုယ်ခန္ဓါမှ ခရီအက်တနင်းစွန့်ထုတ်နှုန်းတမိနစ်လျှင် ၃၀မီလီလီတာမှ ၄၉မီလီလီတာ။ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၄.၅ မီလီဂရမ်သောက်ရန် (သို့) ၂၀၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရန်။

အသည်းအတွက် ဆေးဝါးချိန်ဆခြင်း

အချက်အလက်တွေ မသိရပါဘူး။

ကျောက်ကပ်သွေးသန့်စင်ခြင်း

ကျောက်ကပ်ဆေးနေသူတွေမှာဆေးကို ၆၅%လောက် လျှော့ချရပါတယ်။ တပတ်ကို ၂ကြိမ်၃ကြိမ် ကျောက်ကပ်ဆေးနေသူတွေမှာလုပ်ငန်းစဉ်တခုလုံးပြီးမှ ၄၀၀ မီလီဂရမ်ကိုတကြိမ်တည်းသောက်သုံးရပါတယ်။ ဒါမှမဟုတ် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၉မီလီဂရမ် (အများဆုံး ၄၀၀မီလီဂရမ်)ကိုသောက်ဆေးရည်အနေနဲ့ ကျောက်ကပ်ဆေးအပြီးမှာပေးရပါတယ်။

အခြားမှတ်ချက်များ

Ceftibutenသောက်ဆေးရည်ကိုအစာမစားမီ အနည်းဆုံး၂နာရီစောပြီး၊ အစာစားပြီးအနည်းဆုံးတနာရီစောင့်ပြီးသောက်သုံးပေးရပါတယ်။ ဆေးရည်ကိုရေခဲသေတ္တာထဲမှာသိမ်းဆည်းရပါတယ်။ ၁၄ရက်နေပြီးရင် စွန့်ပစ်ရပါတယ်။

ကလေးတွေအတွက် Ceftibuten (ဆက်ဖ်တီဘူတန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများအဆုတ်လေပြွန်ရောင်ခြင်းအတွက်

အသက် ၁၂နှစ်အထက်။ ၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ဆက်တိုက် သောက်သုံးရပါတယ်။

ကလေးများဆီးအိမ်ရောင်ခြင်းအတွက်

အသက် ၁၂နှစ်အထက်။ ၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၇ရက်ဆက်တိုက် သောက်သုံးရပါတယ်။

ကလေးများအဆုတ်ရောင်ခြင်းအတွက်

အသက် ၁၂နှစ်အထက်။ ၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၁၂နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၇ရက်ကနေ ၁၄ရက်သောက်သုံးရပါတယ်။

ကလေးများထိပ်ကပ်နာဖြစ်ခြင်းအတွက်

အသက် ၁၂နှစ်အထက်။ ၄၀၀ မီလီဂရမ်ကိုသောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ကနေ ၁၄ရက်သောက်သုံးရပါတယ်။

ကလေးများနားအတွင်းပိုင်းရောင်ခြင်းအတွက်

အသက် ၆လအထက်။ တရက်လျှင် ကိုယ်အလေးချိန်တစ်ကီလိုလျှင် ၉မီလီဂရမ် (၄၀၀ မီလီဂရမ်) သောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ဆက်တိုက် သောက်သုံးရပါတယ်။

ကလေးများအာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်းအတွက်

အသက် ၆လအထက်။ တရက်လျှင် ကိုယ်အလေးချိန်တစ်ကီလိုလျှင် ၉မီလီဂရမ် (၄၀၀ မီလီဂရမ်) သောက်ဆေးအနေနဲ့ ၂၄နာရီကြာတိုင်း တကြိမ်သောက်သုံးရပါတယ်။ ၁၀ ရက်ဆက်တိုက် သောက်သုံးရပါတယ်။

Ceftibuten (ဆက်ဖ်တီဘူတန်) ကိုဘယ်လိုရရှိနိုင်သလဲ

Ceftibutenကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ဖျော်စပ်ရန်ဆေးမှုန့်
  • သောက်ဆေးတောင့်
  • သောက်ဆေးပြား
  • သောက်ဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ceftibutenဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement