Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) Brand Name(s): Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း).

အသုံးပြုပုံများ

Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Atenolol + Chlorthalidoneကို သွေးပေါင်ချိန်မြင့်ခြင်း (သွေးတိုးရောဂါ)ကုသဖို့အတွက် သုံးပါတယ်။ သွေးပေါင်ချိန်ကို လျှော့ချပြိး လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ်ရောဂါ စတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒီဆေးမှာ Atenolol နဲ့ Chlorthalidoneဆိုပြီး ဆေး၂မျိုးပါဝင်ပါတယ်။ Atenolol ဟာ beta blocker အုပ်စုဝင်ဆေးဖြစ်ပြီး အပီနက်ဖရင်းလို့ခေါ်တဲ့ ကိုယ်ခန္ဓာထဲက သဘာဝဓာတ်ပစ္စည်းများကို ပိတ်ဆို့တဲ့ အာနိသင်ရှိပါတယ်။ အဲဒီအခါ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကျဆင်းပြီး နှလုံးအပေါ် ဒဏ်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။

Chlorthalidoneဟာ ဆီးဆေးဖြစ်ပြီး ကိုယ်ခန္ဓာထဲမှာပိုနေတဲ့ ဆားနဲ့ရေတွေကို စွန့်ထုတ်စေပါတယ်။ ဒီဆေးကိုစသောက်ချိန်မှာ ဆီးပမာဏများလာနိုင်ပါတယ်။ သွေးကြောတွေကိုလည်း ပြေလျော့စေပါတယ်။ ဆေးတမျိုးတည်းနဲ့ သွေးပေါင်ချိန်ကို မထိန်းနိုင်တော့တဲ့အခါ ဒီဆေး၂မျိုးကို တွဲသုံးပါတယ်။  ဆရာဝန်အနေနဲ့ ဆေးတမျိုးမျိုးကို အရင်ပေးပြီး ဒီဆေး၂မျိုးပေါင်းပေးလို့ အကောင်းဆုံးဖြစ်မယ်လို့ ယူဆလာရင် ပြောင်းလဲပေးနိုင်ပါတယ်။

Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

အစာနဲ့ဖြစ်စေ အစာမပါဘဲဖြစ်စေ ဆရာဝန်ညွှန်တဲ့အတိုင်း တနေ့တကြိမ်သောက်သုံးနိုင်ပါတယ်။ အိပ်ရာဝင်ခါနီးသောက်ရင် ဆီးထသွားရတတ်ပါတယ်။ ဒါကြောင့် အိပ်ရာမ၀င်ခင် အနည်းဆုံး ၄နာရီကြိုသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဆေးသောက်ချိန်နဲ့ ပတ်သက်ပြီး သိလိုတာတွေရှိရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ပန်းသီး၊ လိမ္မော်သီးဖျော်ရည်များဟာ ကိုယ်ခန္ဓာကနေ atenolol ကို အပြည့်အ၀မစုပ်ယူနိုင်အောင် တားမြစ်ပါတယ်။ဆေးသောက်ထားပြီး ၄နာရီအတွင်း ပန်းသီးလိမ္မော်သီးဖျော်ရည်များ ရှောင်ပေးရင် အကောင်းဆုံးပါပဲ။

ဆေးပမာဏဟာ ကျန်းမာရေး အခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်း စတာတွေအပေါ် မူတည်ပါတယ်။ အာနိသင်အကာင်းဆုံးရအောင် အချိန်မှန်သောက်သုံးပါ။ မှတ်မိလွယ်အောင် နေ့စဉ် တူညီတဲ့အချိန်မှာ သောက်သုံးသင့်ပါတယ်။

ကိုလက်စထရောကျစေတဲ့ cholestyramine (သို့) colestipol လို တခြားဆေးဝါးတွေကို သောက်သုံးနေတယ်ဆိုရင် ဒီဆေးမသောက်ခင် အနည်းဆုံး ၂နာရီ ဒါမှမဟုတ် သောက်ပြီး အနည်းဆုံး၎နာရီကြာမှ သောက်သုံးပါ။

ဆေးရဲ့အာနိသင်အပြည့်အ၀ကို ရရှိနိုင်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ သက်သာတယ်လို့ထင်လာရင်တောင် ဆေးကိုဆက်သောက်ဖို့ အရေးကြီးပါတယ်။ သွေးတိုးနေတဲ့လူအများစုဟာ နေထိုင်မကောင်းတဲ့ပုံစံ မခံစားရပါဘူး။

ရောဂါမသက်သာရင် ပိုဆိုးလာရင် (သွေးပေါင်ချိန်မကျရင် ပိုတက်လာရင်) ဆရာဝန်နဲ့ တိုင်ပင်ပါ။

Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

Atenolol + Chlorthalidoneကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Atenolol + Chlorthalidoneဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Atenolol + Chlorthalidoneကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Atenolol + Chlorthalidoneမသုံးစွဲခင်မှာ atenolol ဒါမှမဟုတ် chlorthalidoneနဲ့ဓာတ်မတည့်တာရှိရင်၊ တခြားဓာတ်မတည့်ခြင်းတွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို ဖွင့်ပြောပါ။ ဒီပစ္စည်းမှာ ဓာတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဆေးမသုံးခင်မှာ မိမိရဲ့ ကျန်းမာရေးရာဇ၀င်ကို (အထူးသဖြင့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ ဂေါက်ရောဂါ၊ လူးပတ်ရောဂါ၊ ပန်းနာရင်ကျပ် အဆုတ်လေပြွန်ရောင်ခြင်း စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာများ၊ ရေးနော့ရောဂါ၊ ကိုယ်ခန္ဓာအစွန်အဖျားနေရာတွေမှာဖြစ်တဲ့ သွေးကြောရောဂါစတဲ့ သေါးလည်ပတ်မှုဆိုင်၇ာ ပြသနာများ၊ ဓာတ်ဆားများဟန်ချက်မညီခြင်း၊ အပီနက်ဖရင်း အသုံးပြုကုသနေရသော ဓာတ်မတည့်ခြင်းများ၊ ကြွက်သားနှင့်အာရုံကြောရောဂါစတာတွေရှိရင်) ဆရာဝန် (သို့) သူနာပြုကို ဖွင့်ပြောပါ။

ဒီဆေးဟာ အိပ်ငိုက်စေနိုင်ပါတယ်။ ဒီဆေးသောက်ထားချိန်မှာ ယာဉ်မောင်းခြင်း၊ စက်ယန္တရားမောင်းနှင်ခြင်းနဲ့ နိုးနိုးကြားကြားလုပ်ရမယ့် လှုပ်ရှားမှုတွေကို မပြုလုပ်ပါနဲ့။ အရက်သောက်တာ လျှော့ပါ။

ချွေးထွက်များခငြ်း၊ ၀မ်းပျက်ခြင်း၊ အန်ခြင်းစတဲ့ပြသနာတွေဟာ ကိုယ်ခန္ဓာကနေ အရည်ဓာတ်ကို အလွန်အမင်းဆုံးရှုံးစေပြီး မူးဝေသတိလစ်ခြင်းပြသနာကို ပိုဆိုးစေပါတယ်။ ၀မ်းပျက်ခြင်း၊ အန်ခြင်း ကြာရှည်နေမယ်ဆိုရင် ဆရာဝန်ပြပါ။ ဆရာဝန်အနေနဲ့ တခြားညွှန်ကြားတာမရှိဘူးဆိုရင် အရည်ဓာတ်ဆုံးရှုံးတာကို ကာကွယ်နိုင်ဖို့ အရည်များများ သောက်ပေးပါ။

ခွဲစိတ်မှု ခံယူရမယ်ဆိုရင် သောက်နေရတဲ့ ဆေးအမျိုးအစားအားလုံး (ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝ ဆေးဘက်ဝင်ပစ္စည်းများ အပါအ၀င်) ဆရာဝန်ကို ပြောပြပါ။

အသက်ကြီးသူများဟာ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ပိုပြီးကြုံနိုင်ပါတယ်။ အထူးသဖြင့် မူးဝေခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာ သုံးသင့်ပါတယ်။ ဒီဆေးတွေဟာ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကို သိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဒီဆေးဟာ

မိခင်နို့ထဲကို ဖြတ်သန်းနိုင်ပါတယ်။ ဒါကြောင့်

ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Atenolol + Chlorthalidoneကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Atenolol + Chlorthalidoneဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် D ရှိတယ်လို့ သတ်မှတ်ထားပါတယ်။) အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

မူးဝေခြင်း၊ သတိလစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ပျို့အန်ခြင်း၊ ၀မ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီပြသနာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

မူးဝေသတိလစ်ခြင်းကို လျှော့ချနိုင်ဖို့ ထိုင်နေလှဲနေရာကနေ မတ်တပ်ရပ်တဲ့အခါ ဖြည်းဖြည်းချင်းထပါ။

ဒီဆေးဟာ ခြေတွေလက်တွေဆီ သွေးလည်ပတ်မှုကို လျော့နည်းစေပြီး ခြေဖျားလက်ဖျားများ အေးစေတတ်ပါတယ်။ ဆေးလိပ်သောက်ရင် အဲဒီပြသနာကို ပိုဆိုးစေပါတယ်။ နွေးထွေးအောင်ဝတ်ဆင်ပြီး ဆေးလိပ်ကိုရှောင်ပါ။

ဆရာဝန်အနေနဲ့ ဒီဆေးကို ပေးရခြင်းဟာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒီဆေးကိုသုံးတဲ့ လူအများမှာတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။ chlorthalidone ကြောင့် အရည်ဓာတ်နဲ့ ဓာတ်ဆားများဆုံးရှုံးခြင်း ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ ရေအလွန်ငတ်ခြင်း၊ အာခြောက်ခြင်း၊ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ နှလုံးခုန်မြန်ခြင်း ပုံမှန်မခုန်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကျောက်ကပ်ပြသနာများ (ဆီးနည်းခြင်း)၊ ခြေမအဆစ်များနာခြင်း၊ စိတ်ကျခြင်း စိတ်အတက်အကျဖြစ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ ခြေချောင်းလက်ချောင်းများပြာခြင်း၊ နှလု့းရောဂါလက္ခဏာများ ပိုဆိုးလာခြင်း (ခြေထောက်ဖောရောင်ခြင်း၊ ဆိုးဆိုးရွားရွား မောပန်းခြင်း၊ အသက်ရှူခက်ခြင်း၊ ကိုယ်အလေးချိန်ရုတ်တရက် တက်လာခြင်း) စတာတွေ ကြုံနိုင်ပါတယ်။

ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အမြင်အာရုံကျဆင်းခြင်း၊ မျက်စိအောင့်ခြင်းဖြစ်ရင် ဆေးကုသမှု ခံယူပါ။

Atenolol + Chlorthalidoneကြောင့် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်းတွေဖြစ်တာ ရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

cisapride, dofetilide, dolasetron, fingolimod, lithiumစတဲ့ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဘယ်ဆေးတွေသောက်သုံးနေသလဲဆိုတာ၊ ဘေးကင်းစိတ်ချရအောင် ဘယ်လိုသုံးစွဲရမယ်ဆိုတာ ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။ အထူးသဖြင့် အအေးမိအကိုက်အခဲပျောက်ဆေးတွေ၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုတဲ့ဆေးတွေ၊ ibuprofen/naproxen လို စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးတွေ ဖြစ်ပါတယ်။

ဒီဆေးဟာ parathyroid, protein-bound iodide စစ်ဆေးခြင်းအပါအ၀င် ဓာတ်ခွဲစမ်းသပ်ချက်အချို့ကို မှားယွင်းစေနိုင်ပါတယ်။ ဒီဆေးသုံးနေတယ်ဆိုရင် ဓာတ်ခွဲခန်းဝန်ထမ်းများနဲ့ ဆရာဝန်ကို ဖွင့်ပြောပါ။

Atenolol + Chlorthalidoneဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) နဲ့ ဓာတ်ပြုနိုင်သလား

Atenolol + Chlorthalidoneဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Atenolol + Chlorthalidoneဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဆီးချိုလူနာတွေမှာ သွေးတွင်းသကြားဓာတ်အလွန်အမင်းကျဆင်းရင် ဖြစ်တတ်တဲ့ နှလုံးခုန်မြန်ခြင်းကို သတိမပြုမိဘဲ ဖြစ်တတ်ပါတယ်။ ဒီဆေးသောက်ချိန်မှာ သကြားဓာတ်ကို ထိန်းချုပ်ရခက်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မကြာခဏစစ်ဆေးပြီး ဆရာဝန်နဲ့တိုင်ပင်ပါ။ ရေငတ်ခြင်း၊ ဆီးများခြင်း စတဲ့ သွေးတွင်းသကြားဓာတ်တက်တဲ့ လက္ခဏာတွေကြုံရရင် ဆရာဝန်ကို ဖွင့်ပြောပါ။ ဆရာဝန်အနေနဲ့ ဆီးချိုဆေး၊ လေ့ကျင့်ခန်း အစီအစဉ်၊ စားသောက်မှုပုံစံ စတာတွေကို ထိန်းညှိပေးဖို့ လိုနိုင်ပါတယ်။

ဒီဆေးဟာ နေရာင်ခြည်ဒဏ်ကို ပိုပြီးမခံနိုင်ဖြစ်စေပါတယ်။ နေရောင်အောက်မှာ သိပ်မနေပါနဲ့။ အသားအရေညိုအောင်လုပ်တဲ့ စက်တွေကို အသုံးပြုခြင်း ရှောင်ပါ။ အပြင်ထွက်ရင် နေရောင်ခြည်ဒဏ်ကာကွယ်နိုင်တဲ့ အသုံးအဆောင်တွေကို ၀တ်ဆင်ပါ။ နေလောင်ရင်၊ အရည်ကြည်ဖုတွေထရင် ဆရာဝန်ပြပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများ သွေးတိုးခြင်းအတွက်

ကနဦးပမာဏ။ Atenolol ၅၀ မီလီဂရမ် – Chlorthalidone ၂၅ မီလီဂရမ်ကို သောက်ဆေးအနေနဲ့ တနေ့တကြိမ် သောက်သုံးရပါတယ်။

ဆက်လက်သောက်သုံးရန်။ Atenolol ၅၀မှ ၁၀၀မီလီဂရမ် – Chlorthalidone ၂၅ မီလီဂရမ်ကို သောက်ဆေးအနေနဲ့ တနေ့တကြိမ်သောက်သုံးရပါတယ်။ လူနာအပေါ်မူတည်ပြီး သင့်တော်တဲ့ပမာဏနဲ့ ပေါင်းစပ်ကာ သွေးတိုးခြင်းကို ကုသဖို့ သုံးပါတယ်။

ကျောက်ကပ်အတွက် ဆေးဝါးချိန်ဆခြင်း

ကိုယ်ခန္ဓာကနေ ခရီအက်တနင်းစွန့်ထုတ်နှုန်း ၁.၇၃ m2 နှင့် တမိနစ်၃၅မီလီလီတာထက်များရင်ထိန်းညှိဖို့မလိုပါဘူး။

ကိုယ်ခန္ဓာကနေ ခရီအက်တနင်းစွန့်ထုတ်နှုန်း ၁.၇၃ m2 နှင့် တမိနစ်၁၅ကနေ ၃၅မီလီလီတာဆိုရင် တနေ့ကို atenolol ၅၀ မီလီဂရမ် အများဆုံး ပေးနိုင်ပါတယ်။

ကိုယ်ခန္ဓာကနေ ခရီအက်တနင်းစွန့်ထုတ်နှုန်း ၁.၇၃ m2 နှင့် တမိနစ်၁၅မီလီလီတာထက်နည်းရင် တရက်ခြားကို atenolol ၅၀ မီလီဂရမ် အများဆုံး ပေးနိုင်ပါတယ်။

အသည်းအတွက် ဆေးဝါးချိန်ဆခြင်း

သတိပြုသုံးစွဲသင့်ပါတယ်။

ကလေးတွေအတွက် Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာ သုံးစွဲရမယ့် ပမာဏကို မသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Atenolol + Chlorthalidone (အတီနော်ေ်လော + ကလိုသလီဒုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Atenolol + Chlorthalidoneကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊ အချိုးအစားများနဲ့ ရရှိနိုင်ပါတယ်

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေများမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Atenolol + Chlorthalidoneဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင် လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 24, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။