backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Amikacin (အေမီကာစင်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုခြင်း

Amikacin ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Amikacin ကို ဘက်တီးရီးယားရောဂါပိုးတွေကို ကာကွယ်ကုသဖို့အတွက် အသုံးပြုကြပါတယ်။ Amikacin ဟာ aminoglycoside ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ဘက်တီးရီးယားပိုးတွေ ပွားခြင်းကို တားမြစ်ပေးပါတယ်။

Amikacin ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Amikacin ကို ဆရာဝန်ညွှန်ကြားချက် အတိုင်း သွေးပြန်ကြောအတွင်း (သို့) ကြွက်သားအတွင်း ထိုးပြီး အသုံးပြုကြပါတယ်။ ဆေးပမာဏဟာ ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်နဲ့ ဆေးတုန့်ပြန်မှုတွေပေါ် မူတည်ပါတယ်။ ဓါတ်ခွဲစစ်ဆေးမှုတွေဖြစ်တဲ့ (ကျောက်ကပ် လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း၊ သွေးအတွင်း ဆေးပမာဏ စစ်ဆေးခြင်း) တွေကို သင့်အခြေအနေအတွက် အသုံးပြုသင့်တဲ့ ဆေးပမာဏ အချိုးအစားကို သိရှိဖို့အတွက် အသုံးပြုသင့်ပါတယ်။

အိမ်မှာ ကိုယ်တိုင်ဆေးထိုးတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူ ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ အသုံးမပြုခင် ဆေးအမှုန်တွေ၊ ဆေးအရောင်ပြောင်းလဲခြင်းတွေ ရှိမရှိ စစ်ဆေးသင့်ပြီး ရှိရင်တော့ အသုံးမပြုသင့်ပါဘူး။ ကျန်းမာရေး ကိရိယာတွေကို ဘယ်လိုသေချာစွာ လွှင့်ပစ်ရမလဲဆိုတာ သိရှိသင့်ပါတယ်။

ပိုးသတ်ဆေးတွေဟာ ကိုယ်ခန္ဓါအတွင်းမှာ တူညီတဲ့ ပမာဏရှိရင် အကောင်းဆုံးဖြစ်တာမို့ အချိန်သေချာခြားပြီး သောက်သင့်ပါတယ်။ နေ့စဉ် အချိန်မှန် သောက်သင့်ပါတယ်။

ရောဂါလက္ခဏာတွေ သက်သာသွားရင်တောင် ဆေးဆက်သောက်သင့်ပါတယ်။ ဆေးကို အစောကြီးရပ်လိုက်ခြင်းဟာ ဘက်တီးရီးယား ပိုးတွေကို ပွားလာစေပြီး ရောဂါပိုးဝင်မှုကို ပြန်ဖြစ်စေပါတယ်။

ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

သိမ်းဆည်းနည်း

Amikacin ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Amikacin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Amikacin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amikacin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Amikacin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Amikacin ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • amikacin, gentamicin (Garamycin)၊ kanamycin (Kantrex)၊ neomycin ၊ netilmicin (Netromycin)၊ streptomycin ၊ tobramycin (Nebcin) (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
  • သောက်နေတဲ့ ဆေးတွေအကုန် {အထူးသဖြင့် ရေဆေး၊ cisplatin (Platinol)၊ amphotericin (Amphotec ၊ Fungizone)} နဲ့ အခြားပိုးသတ်ဆေးတွေ၊ ဗီတာမင်တွေ
  • ကျောက်ကပ်ရောဂါ၊ ချာချာလည်မူးခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ နားအူခြင်း၊ ကြွက်သားပျော့ခွေ အာရုံကြောရောဂါ (myasthenia gravis)၊ ပါကင်ဆန် ရောဂါ
  • အခြားဆေးတွေ၊ အစားအသောက်တွေ၊ ဆိုးဆေးတွေ၊ ထပ်ထည့်ဆေးတွေ၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်ရင်
  • ကိုယ်ဝန်ရှိရင်၊ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင်၊ ကလေးနို့တိုက်နေရင်။ ဆေးသောက်နေစဉ် ကိုယ်ဝန် ရှိသွားရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။ ဒီဆေးဟာ ကလေးကို ဒုက္ခပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Amikacin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အောက်ပါပြင်းထန်တဲ့ လက္ခဏာတွေ ရှိရင် ဆေးသောက်မှု ရပ်ပြီး အရေးပေါ်ကုသမှု ယူသင့်ပါတယ်။

  • ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
  • ဆီးနည်းခြင်း၊ လုံးဝမသွားခြင်း
  • အကြားအာရုံချို့ယွင်းခြင်း၊ နားအတွင်း အသံမြည်ခြင်း
  • ခေါင်းမူးခြင်း၊ ခြေလက်ကတုန်ကယင်ဖြစ်ခြင်း
  • ထုံကျဉ်ခြင်း၊ ကြွက်သားဆတ်ခနဲ လှုပ်ခြင်း၊ တက်ခြင်း
  • ဝမ်းအရည်သွားခြင်း၊ ဗိုက်နာခြင်း

သိပ်မပြင်းထန်တဲ့ လက္ခဏာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါဆို ဆေးဆက်သောက်ပြီး ဆရာဝန်ကို ဒီအကြောင်းပြောပြသင့်ပါတယ်။

  • ရေပိုဆာခြင်း
  • အစားအသောက် ပျက်ခြင်း
  • ပျို့အန်ခြင်း
  • အနီကွက် ထခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Amikacin နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Amikacin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့်

  • Amifampridine
  • Ataluren
  • Alcuronium
  • Atracurium
  • Cidofovir
  • Cisatracurium
  • Colistimethate Sodium
  • Decamethonium
  • Doxacurium
  • Ethacrynic Acid
  • Fazadinium
  • Foscarnet
  • Furosemide
  • Gallamine
  • Hexafluorenium
  • Lysine
  • Metocurine
  • Mivacurium
  • Pancuronium
  • Pipecuronium
  • Rapacuronium
  • Rocuronium
  • Succinylcholine
  • Tacrolimus
  • Tubocurarine
  • Vancomycin
  • Vecuronium
  • Ibuprofen

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Amikacin နဲ့ ဓါတ်ပြုနိုင်ပါသလား။

Amikacin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Amikacin နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Amikacin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ပန်းနာရင်ကျပ်
  • ဆာလဖာ ဓါတ်မတည့်ခြင်း
  • ကျောက်ကပ်ရောဂါ
  • ကြွက်သားပြဿနာများ
  • Myasthenia gravis (ကြွက်သားပျော့ခွေရောဂါ)
  • အာရုံကြော ပြဿနာများ
  • ပါကင်ဆန်ရောဂါ
  • ကျောက်ကပ်ရောဂါ

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Amikacin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

  • သွေးအတွင်း ဘက်တီးရီးယားဝင်ခြင်းအတွက် ။ ။ ရောဂါပိုးပြင်းထန်မှုပေါ်မူတည်ပြီး 15 to 22.5 mg/kg/day အကြောဆေး (သို့) အသားဆေးကို ၁-၃ကြိမ်ခွဲပြီးပေးနိုင်သည်။ (ပထမဦးဆုံး အများဆုံးပမာဏကို 1.5 g/dayထိ ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)
  • ဝမ်းဗိုက်အတွင်းရောဂါပိုးဝင်ခြင်းအတွက် ။ ။ 15 to 22.5 mg/kg/day အကြောဆေး (သို့) အသားဆေးကို ၁-၃ကြိမ်ခွဲပြီး ပေးနိုင်သည်။ (ပထမဦးဆုံး အများဆုံးပမာဏ 1.5 g/day ထိပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)
  • အဆစ်ရောဂါပိုးဝင်ခြင်းအတွက် ။ ။ 15 to 22.5 mg/kg/day အကြောဆေး (သို့) အသားဆေးကို ၁-၃ကြိမ်ခွဲပြီး ပေးနိုင်သည်။ (ပထမဦးဆုံးအကြိမ်အတွက် အများဆုံးပမာဏ 1.5 g/dayထိ ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)
  • Osteomyelitis အတွက် ။ ။ 15 to 22.5 mg/kg/day အကြောဆေး (သို့) အသားဆေးကို ၁-၃ကြိမ်ခွဲပြီးပေးနိုင်သည်။ (ပထမဦးစွာ အများဆုံးပမာဏ ကို 1.5 g/day ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)
  • အဆုတ်ရောင်ခြင်းအတွက် ။ ။ 15 to 22.5 mg/kg/day အကြောဆေး (သို့) အသားဆေးကို ၁-၃ကြိမ်ခွဲပြီး ပေးနိုင်သည်။ (ပထမဦးစွာ အများဆုံးပမာဏ ကို 1.5 g/day ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)
  • အရေပြား (သို့) တစ်ရှူးပိုးဝင်ခြင်း အတွက် ။ ။ 15 to 22.5 mg/kg/day အကြောဆေး (သို့) အသားဆေးကို ၁-၃ကြိမ်ခွဲပြီး ပေးနိုင်သည်။ (ပထမဦးစွာ အများဆုံးပမာဏ ကို 1.5 g/day ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)
  • Cystic Fibrosis အတွက် ။ ။ ဆေးပမာဏ 35 mg/kg/day ကို နေ့စဉ် တစ်ရက်တစ်ကြိမ် အကြောဆေးသွင်းပေးခြင်း (သို့) ၆-၈နာရီတစ်ခါခွဲပြီးပေးခြင်းပြုလုပ်နိုင်သည်။
  • Febrile Neutropenia (သွေးဖြူဥ Neutrophil နည်း အဖျားဝင်ခြင်းအတွက်) အတွက် ။ ။ ဆေးပမာဏသည် တစ်ဦးချင်းစီ၏ သွေးရည်ကြည်တွင်းရှိသောပမာဏပေါ် မူတည်သည်။ ဆေးပမာဏ အကြောဆေး 15 to 30 mg/kg/day ကို ၁-၃ကြိမ်ခွဲပြီး beta-lactam antibiotic ပိုးသတ်ဆေးနှင့်အတူတွဲပေးခြငး (ပထမဦးစွာ အများဆုံးပမာဏ ကို 1.5 g/day ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။).
  • ဦးနှောက်အမြှေးရောင်ခြင်းအတွက် ။ ။ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး အကြောဆေး (သို့) အသားဆေး 15 to 22.5 mg/kg/day ကို ၁-၃ ကြိမ်ခွဲပေးသည်။ (ပထမဦးစွာ အများဆုံးပမာဏ ကို 1.5 g/day ပေးပြီးနောက် လိုချင်သော ပမာဏပေါ်မူတည်ပြီး ဆေးပမာဏကို ထိန်းညှိသွားသည်။)

Intrathecal: gram-negative ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်းကို ကုသရန် ခန့်မှန်းခြေ 2 mg/kg ကို အခြားပိုးသတ်ဆေး(သောက်ဆေးမဟုတ်) နှင့် အတူတွဲပေးသည်။

  • Nosocomial Pneumonia (ဆေးရုံမှ ရောဂါပိုးကူး၍ဖြစ်သော အဆုတ်ရောင်ရောဂါ) အတွက် လူကြီးတွေမှာအသုံးပြုရန်: 20 mg/kg /day အကြောဆေးကို ၁-၃ကြိမ်ခွဲပေးသည်။
  • Peritonitis (ဝမ်းတွင်းခေါင်းအမြှေးပါးရောင်ရမ်းခြင်း) အတွက် လူကြီးတွေမှာအသုံးပြုရန်

Peritoneal dialysis-related peritonitis (ဝမ်းတွင်းခေါင်းအမြှေးပါးရောင်ရမ်းခြင်းနှင့်ပတ်သက်ပြီး ဝမ်းတွင်းခေါင်းဆေးခြင်းအတွက်):

CAPD intermittent dosing: ဆီးမထွက်သောလူနာအတွက် 2 mg/kg in 1 exchange/day (စံအလေးချိန်ပေါ်အခြေခံထား) intraperitoneally နှင့် ဆီးထွက်သောလူနာအတွက် 2.5 mg/kg/bag

CAPD continuous dosing: ဆီးမသွားသောလူနာအတွက် 24 mg/L exchange intraperitoneally နှင့် ဆီးထွက်သောလူနာအတွက် 30 mg/L

အများဆုံးပမာဏ: 1.5 g/day

  • တီဘီရောဂါအတွက် လူကြီးတွေမှာအသုံးပြုရန် – Active: 15 mg/kg (maximum 1 g) အကြောဆေး(သို့) အသားဆေး ၂၄ နာရီတစ်ခါ
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် လူကြီးတွေမှာအသုံးပြုရန်: နောက်ဆက်တွဲပြဿနာမရှိသော ကိစ္စများအတွက်: 250 mg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ

Amikacin ကို မပြင်းထန်တဲ့ရောဂါပိုးဝင်မှုတွေအတွက် အသုံးမပြုသင့်ပါဘူး။

ကလေးငယ်တွေမှာ Amikacin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

  • Febrile Neutropenia ခံစားနေရသောကလေး အတွက် အသုံးပြုရန် :

၁ နှစ် မှ ၁၈ နှစ်ကြားကလေး။ ဆေးပမာဏများများ လိုအပ်သည်။ လိုအပ်သောဆေးပမာဏသည် လူနာတစ်ဦးချင်းစီ၏ အခြေအနေနှင့် သွေးရည်ကြည်တွင်းပမာဏပေါ် မူတည်သည်။ ဆေးပမာဏသည် 15 to 30 mg/kg/day ကြားတွင်ရှိပြီး တစ်ရက်ကို ၁-၃ကြိမ်ခွဲပေးကာ beta-lactam ပိုးသတ်ဆေးနှင့်အတူ တွဲပေးသည်။

  • Cystic Fibrosis အတွက် ကလေးတွေမှာ အသုံးပြုရန်:

၁ နှစ် မှ ၁၈နှစ်ကြားကလေး : ပမာဏများများ လိုကောင်းလိုနိုင်သည်။ လိုအပ်သောဆေးပမာဏသည် လူနာတစ်ဦးချင်းစီ၏ အခြေအနေနှင့် သွေးရည်ကြည်တွင်းပမာဏပေါ် မူတည်သည်။ ဆေးပမာဏ 35 mg/kg/day အကြောဆေးကို ၁-၃ ကြိမ်ခွဲပြီးပေးလေ့ရှိသည်။

  • Peritonitis အတွက် ကလေးတွေမှာ အသုံးပြုရန်:

Peritoneal dialysis-related peritonitis (ဝမ်းတွင်းခေါင်းအမြှေးပါးရောင်ရမ်းခြင်းနှင့်ပတ်သက်ပြီး ဝမ်းတွင်းခေါင်းဆေးခြင်းအတွက်):

၁၇ နှစ်အောက် :

Initial dose: 25 mg/L dialysate intraperitoneally

Maintenance dose: 12 mg/L dialysate

အများဆုံးပမာဏ: 1.5 g/day

• တီဘီရောဂါအတွက် အတွက် ကလေးတွေမှာ အသုံးပြုရန် – Active: 15 to 30 mg/kg (အများဆုံး 1 g) အကြောဆေး (သို့) အသားဆေး ၂၄ နာရီတစ်ခါပေးရန်

Amikacin ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Amikacin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေး- 250 mg/mL

ကလေးထိုးဆေး -50 mg/mL

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Amikacin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement