Acetazolamide (အက်စီတာဇိုးလမိုက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Acetazolamide (အက်စီတာဇိုးလမိုက်) Brand Name(s): Acetazolamide (အက်စီတာဇိုးလမိုက်).

အသုံးပြုပုံများ

Acetazolamide (အက်စီတာဇိုးလမိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

အမြင့်သို့ရောက်သော အခါ မူးဝေအော့အန်တတ်သူများအတွက် ကာကွယ်ကုသရန် Acetazolamide ကို အသုံးပြုပါသည်။ Acetazolamide သည် အမြင့်ပေ ၁၀၀၀၀နှင့် အထက်သို့ရောက်သောအခါ ခံစားရလေ့ရှိသည့် ခေါင်းမူးခြင်း၊နွမ်းနယ်ခြင်း၊ပျို့ခြင်း၊မူးဝေနောက်ကျိခြင်း နှင့် အသက်ရှုမဝခြင်းများကို လျော့နည်းသက်သာစေပါသည်။ အဆိုပါ အမြင့်ပေများသို့ အမြန်ရောက်ရှိမည့် အခြေအနေမျိုးတွင် Acetazolamide သည် အထူး အသုံးဝင်လှသည်။အမြင့်သို့ရောက်သောအခါ ခံစားမည့်ဝေဒနာများကို ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ထိုအမြင့်ပေသို့ ဖြည်းညင်းစွာ တက်ခြင်း၊ ခန္တာကိုယ်အနေဖြင့် အမြင့်ပေကို ကျင့်သားရစေရန် တက်နေသည့်အချိန်တွင် ၂၄နာရီခန့် အနားပေးခြင်း နှင့် ဦးစွာ စ,တက်သည့် ၁ရက်၊၂ရက်တွင် ဖြည်းဖြည်းမှန်မှန် တက်ရန်တို့ဖြစ်သည်။

Acetazolamide ကိုရေတိမ်ရောဂါကုသရာတွင်လည်း အသုံးပြုလေ့ရှိသည်။ Acetazolamide သည် ဆီးရွှင်စေသော အာနိသင်(ကိုယ်ခန္တာအတွင်းမှ ရေများကို အပြင်သို့ထွက်စေနိုင်စေသောအာနိသင်) ရှိသည်။၎င်းသည် မျက်လုံးအတွင်း မလိုလားအပ်သော အရည်များစုပုံလာခြင်းကို လျော့နည်းစေသည်။
Congestive Heart Failure ကဲ့သို့သော ရောဂါများနှင့် အချို့သောဆေးများကြောင့် ဖောရောင်ခြင်းကို ကုသရာတွင်လည်း Acetazolamide ကိုသုံးသည်။ Acetazolamide သည် အချိန်ကြာမြင့်စွာ အာနိသင်ပြနိုင်ခြင်း မရှိသဖြင့် ၎င်းကို ကာလတိုအတွက်သာ အသုံးပြုနိုင်သည်။
အခြားသော ဆေးများနှင့် ပူးပေါင်းပြီး အတက်ရောဂါကို ကုသရာတွင်လည်း Acetazolamide ကို အသုံးပြုနိုင်သည့် အပြင် အကြောဆွဲခြင်းကို ကုသရာတွင်လည်းသုံးနိုင်သည်။

Acetazolamide (အက်စီတာဇိုးလမိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြား ။ တစ်နေ့လျှင် ၁ကြိမ်မှ ၄ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။

ကြာရှည်စွာ အာနိသင်ပြသည့် ဆေးတောင့် ။ တစ်နေ့လျှင် ၁ကြိမ်မှ ၂ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။ ဆေးတောင့်ကို သေချာစွာမြိုချရမည်။ဆေးတောင့်ကို ဖွင့်ခြင်း၊ချိုးခြင်း၊ဝါးစားခြင်းများ မပြုရ ။အဘယ့်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းများသည် ဆေး၏အာနိသင်ကြာရှည်ခံမှုကို ထိခိုက်စေသည့်အပြင် ဘေးထွက်ဆိုးကျိုးများကိုလည်း ပိုလာစေနိုင်၍ဖြစ်သည်။

Acetazolamide ကို အစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ သောက်နိုင်သည်။ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်းမျိုးမရှိလျင် ဆေးသောက်သောအခါ ရေများများနှင့်သောက်ပါ။ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။

အမြင့်ကြောင့် ဝေဒနာခံစားရခြင်းများကို ကာကွယ်ရန် Acetazolamide ကို တောင်မတက်ခင်/အမြင့်မတက်ခင် ၁ရက် ၂ရက်ခန့် ကြိုတင်သောက်သုံးထားရမည်။အမြင့်တက်နေစဉ် အတောအတွင်းလည်း ဆေးကိုဆက်လက်သောက်နေရမည်ဖြစ်ကာ မိမိတက်လိုသော နောက်ဆုံးအမြင့်သို့ရောက်ပြီးသည့် အချိန်တွင်လည်း ဆေးကို အနည်းဆုံး ၄၈နာရီဆက်သောက်ရမည်ဖြစ်သည်။ မိမိတက်လိုသော အမြင့်တွင် ရှိနေစဉ်ကာလအတွင်း၌ ရောဂါလက္ခဏာများကို ကာကွယ်ရန်အလို့ငှါ Acetazolamide ကို ဆက်သောက်ရန် လိုကောင်းလိုပါလိမ့်မည်။အကယ်၍ ပြင်းထန်ဆိုးရွားသော ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အောက်သို့တတ်နိုင်သမျှ အမြန်ပြန်ဆင်းရန်လိုအပ်ပါသည်။Acetazolamide သည်  အမြင့်ပေကြောင့်ဖြစ်ပေါ်သည့် အလွန်ပြင်းထန်ဆိုးရွားသော ရောဂါလက္ခဏာများကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။

အကယ်၍သင်သည်ုAcetazolamide ကို အခြားသော ပြဿနာများ (ဥပမာ။   ။ရေတိမ်၊အတက်ရောဂါ)အတွက် အသုံးပြုပါက ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။တနေ့တာအတွက် နောက်ဆုံးဆေးကို ညနေခပ်စောစောအချိန်တွင် သောက်သုံးခြင်းဖြင့် သင့်အနေဖြင့် ညအိပ်ယာမှ ထကာ ဆီးသွားရခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဆေးသောက်ချိန်နှင့် ပတ်သတ်၍ မရှင်းလင်းသည်များကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများထံ မေးမြန်းနိုင်သည်။

ဆရာဝန်နှင့် မတိုင်ပင်ဘဲ မိမိသဘောဖြင့် ဆေးပမာဏ လျှော့ခြင်း၊တိုးခြင်း သို့မဟုတ် ဆေးဆက်မသောက်တော့ခြင်းသည် ရောဂါကို ပိုဆိုးစေပါသည်။ထို့ကြောင့် ဆေးပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဖြည်းဖြည်းချင်း လျှော့ချရန် လိုအပ်ပါသည်။

ထို့အပြင် Acetazolamide ကို ကာလကြာရှည်စွာ အသုံးပြုပါက ဆေးယဉ်ပါးပြီး ဆေးမတိုးတော့ခြင်းဖြစ်နိုင်သဖြင့် ဆေးပမာဏကို အခါအားလျော်စွာ အပြောင်းအလဲ အတိုးအလျှော့လုပ်ပေးရန် လိုအပ်ပါသည်။သင့်ရောဂါ၏ အခြေအနေ တိုးတက်ဆုတ်ယုတ်မှုကို သင့်ဆရာဝန်က တောက်လျှောက် စောင့်ကြည့်နေပါလိမ့်မည်။

သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်(ဥပမာ။    ။ တက်သည့် အကြိမ်ရေ စိပ်လာခြင်း)

Acetazolamide သည် သင့်ခန္တာကိုယ်အတွင်းရှိ ပိုတက်ဆီယမ် ပမာဏကို လျော့နည်းစေပါလိမ့်မည်။ထို့ကြောင့်  Acetazolamide သောက်နေစဉ် ကာလအတွင်း ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသော အစားအစာများ(ဥပမာ။   ။ငှက်ပျောသီး၊ လိမ္မ်ာရည် စသည်တို့)ကို စားသောက်ရန် သင့်ဆရာဝန်က သင့်ကိုအကြံပြုလိမ့်မည်။အကယ်၍ လိုအပ်ပါက ပိုတက်ဆီယမ်အားဆေးများကို သောက်သုံးရန် သင့်ဆရာဝန်က ညွှန်ကြားမည် ဖြစ်သည်။အသေးစိတ် ထပ်မံသိလိုလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Acetazolamide (အက်စီတာဇိုးလမိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Acetazolamide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Acetazolamide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Acetazolamide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Acetazolamide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ
Acetazolamide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်တော့ မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Acetazolamide (အက်စီတာဇိုးလမိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Acetazolamide သည် အချို့သော ကျန်းမာရေးအခြေအနေများအပေါ် သက်ရောက်မှုရှိသည်။ထို့ကြောင့် သင့်တွင်ကျန်းမာရေးအခြေအနေ တခုခုရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို အသိပေးပါ။ အထူးသဖြင့်

  • သင်သည် ကိုယ်ဝန်ရှိနေခြင်း၊ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်း။
  • သင်သည် ဆေးတမျိုးမျိုးကို သောက်နေခြင်း (ဆရာဝန် ညွှန်ကြားထားသောဆေး၊မိမိဖာသာသောက်သောဆေး၊သဘာဝဆေးဖက်ဝင်ပစ္စည်းများ၊ဖြည့်စွက်စာများ အားလုံးအကျုံးဝင်သည်)။
  • သင်သည် ဆေး၊အစားအသောက် သို့မဟုတ် ပစ္စည်း တခုခုနှင့် ဓာတ်မတည့်ခြင်း။
  • သင့်တွင် ဆီးကျောက်တည်သည့် ရောဂါရှိခြင်း၊အဆုတ်ရောဂါရှိခြင်း၊ရေတိမ်ရှိခြင်း၊ဆီးချိုရှိခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်း။
  • သင်သည် အခြား ဆာလဖာပါဝင်သော ဆေးများ (ဥပမာ။     ။ acetazolamide, celecoxib)၊ ဆီးဆေးများ (ဥပမာ။     ။ hydrochlorothiazides) ၊ glyburide၊ probenecid ၊ sulfamethoxazole ၊ valdecoxib၊ zonisamide တို့နှင့်  ပြင်းထန်သော ဓာတ်မတည့်သည့် ဝေဒနာခံစားနေရခြင်း (အနီပြင်များ ဆိုးရွားစွာထွက်ခြင်း၊အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲခြင်း၊မူးဝေထိုင်းမှိုင်းခြင်း စသည့်လက္ခဏာများ)။

အချို့သော ဆေးများသည်လည်း Acetazolamide နှင့် ဓာတ်ပြုနိုင်သည်။ထို့ကြောင့် အောက်ဖော်ပြပါ ဆေးများသုံးစွဲနေရပါက ဆရာဝန်ကို အသိပေးပါ။

  • Salicylates (ဥပမာ။ ။ Aspirin) များသည် Acetazolamide ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေသည်။
  • Carbonic anhydrase inhibitor (ဥပမာ။   ။methazolamide)များ၊ cyclosporine၊ quinidine၊ phenytoin၊ amphetamine၊ sodium bicarbonate တို့သည် Acetazolamide နှင့် အတူသုံးစွဲလျှင် ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများ ပိုများလာစေသည်။
  • Acetazolamide သည် primidone၊ salicylates (Aspirin)၊ lithium၊ methenamine တို့၏ အာနိသင်ကို လျော့နည်းစေသည်။

အထက်ပါ ဆေးများသည် စာရင်းအပြည့်အစုံ မဟုတ်သေးပါ။ သင်သောက်နေသော ဆေးနှင့် Acetazolamide တို့ ဓာတ်ပြုခြင်းရှိမရှိသိလိုလျှင် ဆရာဝန်ကို မေးမြန်းပါ။မည်သည့်ဆေးမဆို စသောက်လျှင်၊ရပ်လျှင် သို့မဟုတ် ဆေးပမာဏပြောင်းလျှင် ဆရာဝန်နှင့် ဦးစွာ ဆွေးနွေးတိုင်ပင်ပါ။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Acetazolamide (အက်စီတာဇိုးလမိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Acetazolamide (အက်စီတာဇိုးလမိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးသည် ဘေးထွက်ဆိုးကျိုးအနည်းနှင့် အများရှိကြသည်သာ။ သို့သော် လူအများစုသည် အဆိုပါ ဘေးထွက်လက္ခဏာများကို လုံးဝမခံစားရ သို့မဟုတ် အနည်းငယ်သာ ခံစားရပါသည်။အောက်တွင်ဖော်ပြထာသော အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ ပေါ်ပေါက်လာလျှင် သို့မဟုတ် အချိန်တော်တော်ကြာ ဆက်ရှိနေလျှင် သင့်ဆရာဝန်ထံ အကြောင်းကြားပါ။

  • အမြင်ဝေဝါးခြင်း၊ အရသာ ခံနိုင်စွမ်း ပြောင်းလဲခြင်း၊ဝမ်းချုပ်ခြင်း၊ဝမ်းလျှောဝမ်းပျက်ခြင်း။
  • မူးဝေထိုင်းမှိုင်းလေးလံခြင်း၊ ဆီးခဏခဏသွားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊အန်ခြင်း။

အောက်ဖော်ပြပါ လက္ခဏာများကို ခံစားရလျှင် အရေးပေါ်ကုသမှုခံယူပါ။

  • ပြင်းထန်သော ဓာတ်မတည့်သည့် လက္ခဏာများ (အစက်များထွက်ခြင်း၊အင်ပြင်များထွက်ခြင်း၊ယားယံခြင်း၊အသက်ရှုကြပ်ခြင်း၊ရင်ကြပ်ခြင်း၊ပါးစပ်၊မျက်နှာ၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ ရောင်ရမ်းခြင်း)
  • ဆီးထဲ သွေးပါခြင်း။
  • အကြားအာရုံ အနည်းငယ် ပြောင်းလဲခြင်း။
  • တက်ခြင်း။
  • သွေးဝမ်းသွားခြင်း၊ ဝမ်းမည်းမည်းများ သွားခြင်း။
  • အသက်ရှုမြန်ခြင်း၊ အားမရှိခြင်း။
  • ဆီအရောင်မည်းခြင်း။
  • ခါးနာခြင်း။
  • အရေပြားတွင် နီရဲ၊ဖောင်းကား၊ရောင်ကိုင်းနေခြင်း။
  • နားထဲတွင် ဆူဆူညံညံ အသံများ ကြားနေရခြင်း။
  • လည်ချောင်းနာခြင်း
  • ခြေ၊လက်များတွင် ကျဉ်နေခြင်း။
  • ပုံမှန်မဟုတ်သော သွေးထွက်ခြင်း သို့မဟုတ် သွေးခြေဥလွယ်ခြင်း
  • အမြင် ပြောင်းလဲသွားခြင်း။
  • အသား သို့မဟုတ် မျက်ဖြူသား ဝါခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Acetazolamide (အက်စီတာဇိုးလမိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Acetazolamide ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Acetazolamide ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ Acetazolamide ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

  • Methenamine

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Acetazolamide နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

  • Arsenic Trioxide, Carbamazepine, Ceritinib, Dabrafenib, Digitalis, Droperidol,
    Eslicarbazepine Acetate, Idelalisib, Levomethadyl, Metformin, Mitotane, Nilotinib,
    Piperaquine, Proscillaridin, Quinidine, Siltuximab, Sotalol.

အစားအသောက်တွေနဲ့ အရက်က Acetazolamide (အက်စီတာဇိုးလမိုက်) နဲ့ ဓာတ်ပြုနိုင်သလား

Acetazolamide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Acetazolamide (အက်စီတာဇိုးလမိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

  • Acetazolamide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
  • လူကြီးဆီးချိုရောဂါ ။ Acetazolamide များကို အသုံးပြုခြင်းဖြင့် လူနာ၏ သွေးနှင့် ဆီးထဲရှိ သကြားဓာတ်ပမာဏကို များပြားစေနိုင်သည်။
  • Emphysema(အဆုတ်လေခိုနာ) နှင့် အခြားနာတာရှည် အဆုတ်ရောဂါများ ။ Acetazolamide များကို အသုံးပြုခြင်းဖြင့် acidosis ဟုခေါ်သော အခြေအနေတခုဆီ ဦးတည်စေသည်။(အသက်ရှုမဝခြင်း၊အသက်ရှုရခက်ခဲခြင်း)
  • ဂေါက်ရောဂါ
  • သွေးတွင်း ပိုတက်ဆီယမ် သို့မဟုတ် ဆိုဒီယမ်ပမာဏနည်းခြင်း ။ Acetazolamide များကို အသုံးပြုခြင်းဖြင့် အခြေအနေကို ပိုမိုဆိုးရွားစေသည်။
  • ကျောက်ကပ်ရောဂါ သို့မဟုတ် ဆီးကျောက်တည်ခြင်း ။ Acetazolamide များကို အသုံးပြုခြင်းဖြင့် သွေးတွင်းပမာဏကို များလာစေပြီး အခြားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည့် အပြင် ရောဂါအခြေအနေကိုလည်းပိုမိုဆိုးရွားစေသည်။
  • အသည်းရောဂါ ။ Carbonic anhydrase inhibitor များကို အသုံးပြုခြင်းဖြင့် အလက်ထရိုလိုက် ဓာတ် မညီမျှခြင်းကို ပိုဆိုးစေသည့်အပြင် ရောဂါအခြေအနေကို လည်း ပိုမိုဆိုးရွားစေသည်။
  • အက်ဒရီနယ်ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း (အက်ဒီဆင်ရောဂါ) ။ Acetazolamide များကို အသုံးပြုခြင်းဖြင့် electrolyte ဓာတ် မညီမျှခြင်းကို ပိုဆိုးစေသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Acetazolamide (အက်စီတာဇိုးလမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဖောရောင်ခြင်းအတွက် ။ ။
၂၅၀-၃၇၅မီလီဂရမ် ကို သောက်ဆေးသို့မဟုတ် အကြောထိုးဆေးအဖြစ် တနေ့လျှင် တကြိမ်
Acetazolamide ကို ဆက်လက်အသုံးပြုရန် ဆရာဝန်က အကြံပြုသည့်အခါ ကျောက်ကပ်ကို အနားပေးရန်အတွက် ဒုတိယနှင့် တတိယအကြိမ်မြောက် ဆေးများကို သောက်ရန်/သွင်းရန် မလိုပါ။

တောင်တက်လျှင် ခံစားရသည့် ဝေဒနာများအတွက် ။ ။
သောက်ဆေးပြား ။ ၁၂၅-၂၅၀မီလီဂရမ် ကို ၆နာရီခြား တခါ သို့မဟုတ် ၁၂နာရီခြား တခါသောက်ရန်။
ကြာရှည်အာနိသင်ရှိသော ဆေးတောင့် ။ ၅၀၀မီလီဂရမ် ကို ၁၂နာရီခြား သို့မဟုတ် ၂၄နာရီခြားတခါ သောက်ရန်။
တနေ့တာအတွက် အများဆုံးသောက်နိုင်သော ဆေးပမာဏမှာ ၁ဂရမ်ဖြစ်သည်။
အမြင့်သို့ လျင်မြန်စွာတက်ရမည့် အခြေအနေမျိုးတွင် ပုံမှန်ထက် ပမာဏများသော ဆေးကို အမြင့်မတက်မီ ၂၄နာရီမှ ၄၈နာရီအတွင်း ကြိုသောက်ပြီး အမြင့်သို့ရောက်လျှင်လည်း ၄၈နာရီခန့် ဆက်သောက်ခြင်းဖြင့် ရောဂါလက္ခဏာများကို ကာကွယ်နိုင်သည်။

ရေတိမ်အတွက်။ ။
Open-angle glaucoma (ထောင့်ပွင့်ရေတိမ်)
သောက်ဆေးပြား သို့မဟုတ် အကြောသွင်းဆေး ။၂၅၀မီလီဂရမ်ကို တနေ့လျှင် တကြိမ်မှ လေးကြိမ်။
ကြာရှည်အာနိသင်ရှိသော ဆေးတောင့် ။ ၅၀၀မီလီဂရမ်ကို တနေ့လျှင် တကြိမ် သို့မဟုတ် နှစ်ကြိမ်။

Closed-angle glaucoma (ထောင့်ပိတ် ရေတိမ်)။ ။
၂၅၀-၅၀၀မီလီဂရမ်ကို အကြောသွင်းဆေးဖြင့်သွင်းရမည်။ အများဆုံးသွင်းနိုင်သည့် ပမာဏမှာ တနေ့လျှင် ၁ဂရမ်ဖြစ်ပြီး ၂နာရီခြား သို့မဟုတ် ၄နာရီခြားတခါ လိုအပ်သလို သွင်းနိုင်သည်။

အတက်ရောဂါကို ကာကွယ်ရန်အတွက်။ ။
8-30 mg/kg/day ကို လေးကြိမ်အထိ ခွဲပေးနိုင်သည်။ အများဆုံး တနေ့လျှင် ၁ဂရမ်ထက် မပိုရ။
အကယ်၍လူနာသည် အတက်ရောဂါအတွက် အခြားသော ဆေးများကိုလည်း သုံးစွဲနေပြီးဖြစ်လျှင် Acetalzolamide ကို ပထမဆုံးစတင်ပေးသင့်သော ပမာဏမှာ ၂၅၀မီလီဂရမ် တနေ့လျှင် တကြိမ်ဖြစ်သည်။သို့သော် Acetalzolamide တမျိုးတည်းကိုသာ အသုံးပြုပါက ကျောက်ကပ်ကောင်းစွာအလုပ်လုပ်လျက်ရှိသော လူနာများအနေဖြင့် တနေ့လျှင် ဆေးပမာဏ ၃၇၅-၁၀၀၀မီလီဂရမ်အထိကို ကောင်းစွာတုန့်ပြန်နိုင်သည်။ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်တော့သော လူနာများအတွက် Acetalzolamide ကို အများဆုံးပေးသင့်သည့် ပမာဏမှာ တိတိကျကျမရှိပေ။ လူနာ၏ ရောဂါအခြေအနေနှင့် ဆေးဓာတ်ခံနိုင်စွမ်းတို့ကို မူတည်၍ ဆေးပမာဏကို ချိန်ဆနိုင်သည်။

Acetalzolamide သည် ယေဘုယျအားဖြင့် အတက်ရောဂါကို ကုသရာတွင်အခြားဆေးများနှင့် တွဲဖက်၍ အဓိကအသုံးပြုလေ့ရှိသည်။ ဈေးကွက်အတွင်းရှိ အခြားသောဆေးများနှင့် ထိန်းချုပ်၍မရသည့် partial၊ myoclonic၊ absence နှင့် primary generalized tonic-clonic အစရှိသော အတက် အမျိုးအစားများအတွက် Acetalzolamideမှာ အသုံးဝင်သော်လည်း ယခုလက်ရှိ ကျင့်သုံးနေသော စံအခြေအနေများနှင့် တိုက်ဆိုင်ပြီး လုံလောက်စွာ မလေ့လာရသေးပါ။

ကလေးတွေအတွက် Acetazolamide (အက်စီတာဇိုးလမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရေတိမ်အတွက် (၁နှစ် အထက်)။ ။
သောက်ဆေး ။ 8-30mg/kg/day သို့မဟုတ် 300-900 mg/m2/dayကို အကြိမ်ရေခွဲပြီး ၈နာရီခြားတခါ သောက်ရန်။
အကြောသွင်းဆေး ။ 20-40 mg/kg/day ကို အကြိမ်ရေခွဲပြီး ၆နာရီခြားတခါ ထိုးသွင်းရန်။
အများဆုံး သောက်နိုင်/သွင်းနိုင်သော ပမာဏမှာ တနေ့လျှင် ၁ဂရမ်ဖြစ်သည်။

ဖောရောင်ခြင်းအတွက် (၁နှစ်နှင့် အထက်)။ ။
သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး။ 5mg/kg ကို တနေ့လျှင် တကြိမ်

အတက်ရောဂါအတွက် (၁ နှစ်နှင့်အထက်)။ ။
သောက်ဆေး ။ 8-30mg/kg/day ကို တကြိမ်မှ လေးကြိမ် ခွဲသောက်ရန်။အများဆုံး သောက်နိုင်သော ပမာဏမှာ တနေ့လျှင် ၁ဂရမ်ဖြစ်သည်။

ဦးခေါင်းအတွင်းအရည်စုပုံပြီး ခေါင်းကြီးနေသောရောဂါ(Hydrocephalus) အတွက်။ ။
သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး ။ 20-100 mg/kg/day ကို ၆နာရီခြား တခါ သို့မဟုတ် ၈နာရီခြားတခါ သောက်နိုင်/သွင်းနိုင်သည်။ အများဆုံး သောက်နိုင်/သွင်းနိုင်သော ပမာဏမှာ တနေ့လျှင် ၂ဂရမ်ဖြစ်သည်။

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Acetazolamide (အက်စီတာဇိုးလမိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Acetazolamide ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ကြာရှည်အာနိသင်ပြသော ဆေးတောင့် ။ ၅၀၀မီလီဂရမ်
ပုံမှန်ဆေးပြား ။ ၁၂၅မီလီဂရမ်၊ ၂၅၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

PasteTextHereအရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်သော လက္ခဏာများမှာ ။ ပုံမှန်မဟုတ်သော အရေပြားအထိအတွေ့အာရုံများ (ရွစိရွစိဖြစ်ခြင်း၊ယားယံခြင်း၊မီးလောင်သလို ပူနေခြင်း၊နားထဲတွင် ပုံမှန်မဟုတ်သော အသံများကြားခြင်း (ဆူညံသံ၊ဝီစီမှုတ်သံ စသည်) ၊မူးဝေထိုင်းမှိုင်းခြင်း၊ခံတွင်းပျက်ခြင်း၊ ခန္တာကိုယ် အစိတ်အပိုင်းများ ပူးပေါင်းလုပ်ဆောင်ခြင်း အားနည်းခြင်း၊ပျို့ခြင်း၊ခြေလက်များ အကြောင်းမဲ့ တုန်ခါခြင်း၊အငြိမ်မနေ လှုပ်ရှားနေခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Acetazolamide ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ