backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Taro Root ( ပိန်းဥ )


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Taro Root ( ပိန်းဥ )

ပိန်းဥ

ပိန်းဥတွေ ရမယ်၊ ပိန်းဥတွေ ရမယ်။ အွန်လိုင်းမှာ သတင်းအတုတွေနဲ့ ငပိန်းဖမ်းသလို ဖမ်းလို့ရမယ့် ပိန်းဥတော့မဟုတ်ဘူးနော်။မြေကြီးထဲက တူးယူရတဲ့ သဘာဝဆေးဖက်ဝင် ပိန်းဥပါ။

ပိန်းဥကိုအရှေ့တောင်အာရှနဲ့အိန္ဒိယတောင်ပိုင်းမှာ စတင်စားသုံးကြတာလို့ ယူဆရပေမယ့် ကမ္ဘာအနှံ့ကနေရာဒေသအတော်များများမှာ စိုက်ပျိုးကြပါတယ်။ အာဖရိက၊ အိန္ဒိယတို့မှာ အဓိကစားသောက်ကုန်တစ်ခုဖြစ်နေပေမယ့် ဂျပန်၊အီဂျစ်တို့ကနေ အမေရိကန်၊ဖီဂျီနဲ့ စပိန်တို့အထိနေရာတိုင်းလိုလိုမှာ စားသုံးနေကြပါတယ်။ မြန်မာတွေကတော့ ပိန်းဥကိုပြုတ်စား၊ ဟင်းချက်စားလေ့ရှိကြပြီး အရွက်စုံနဲ့ရောကာ ဟင်းချိုချက်သောက်တာလည်း နှစ်သက်ကြပါတယ်။

ဒီလို စားလို့ကောင်းတဲ့ ပိန်းဥကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မသိချင်ဘူးလား။ ဒီအကျိုးကျေးဇူးတွေကြောင့်ပဲ စားသင့်တဲ့ အစားအစာတစ်ခုအဖြစ်နဲ့ ပိန်းဥကို ညွှန်းဆိုပေးချင်တာပါ။

ပိန်းဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အစာချေဖျက်နိုင်အားပိုကောင်းစေတယ်

ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကင်ဆာကာကွယ်နိုင်တယ်

ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥက ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်A၊ C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့free radicalsတွေကို ဖယ်ရှားရှင်းလင်းပေးမှာပါ။ ပိန်းဥမှာပါရှိတဲ့Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။

ဆီးချိုသွေးချိုကာကွယ်နိုင်တယ်

အမျှင်ဓါတ်က ခန္ဓါကိုယ်တွင်း အင်ဆူလင်နဲ့ဂလူးကို့စ်ဓါတ်တွေထွက်ရှိမှုကိုထိန်းညှိပေးတာကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ သင့်မှာ ဆီးချိုရှိပြီးသားဖြစ်နေရင်လည်း အန္တရာယ်ရှိတဲ့အဆင့်အထိ သကြားဓါတ်မြင့်တက်ခြင်း၊ကျဆင်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး

ပိန်းဥမှာပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ကသွေးကြောတွေနဲ့နှလုံးသွေးကြောတွေကို ဖိစီးမှုပြေလျော့စေပြီးသွေးဖိအားကိုလျော့ကျစေတဲ့အခါ အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးတာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေပါတယ်။

မျက်စိကျန်းမာရေး

အပေါ်မှာပြောခဲ့သလိုပဲ ပိန်းဥမှာbeta-carotene နဲ့ cryptoxanthin အပါအဝင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမျိုးစုံပါဝင်ပါတယ်။ အဲဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အမြင်အာရုံဆဲလ်တွေကို free radicalsတွေရဲ့တိုက်ခိုက်မှုရန်ကကာကွယ်ပေးပြီး အမြင်အာရုံကောင်းမွန်စေပါတယ်။

အသားအရေအတွက်ကောင်းကျိုး

ဗီတာမင် E နဲ့ ဗီတာမင် Aကြောင့် အသားအရေကိုထိန်းသိမ်းနိုင်စွမ်းပိုကောင်းစေလို့ ပိန်းဥကိုစားသုံးသင့်ပါတယ်။ ဒီဗီတာမင်တွေက အရေပြားအတွက်ရော ဆဲလ်တွေရဲ့ကျန်းမာရေးကိုပါကောင်းကျိုးပြုပါတယ်။ ရလဒ်ကတော့ အနာကျက်မြန်စေတယ်၊ အမည်းစက်တွေလျော့ပါးစေတယ်၊ အရေးအကြောင်းတွေပြေပျောက်စေတယ်၊ အသားအရေဝင်းလက်လှပစေနိုင်တယ်။ ခြုံပြောရရင် အသားလှစေမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ကိုအားကောင်းစေတယ်

ပိန်းဥရဲ့အဓိကအကျဆုံး အစွမ်းသတ္တိက ကိုယ်ခံအားစနစ်ကိုအားကောင်းစေတာပါပဲ။ ဗီတာမင် C ပါဝင်မှုမြင့်မားတဲ့အတွက်သွေးဖြူဥဆဲလ်တွေကို ပိုဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပြီးရောဂါဖြစ်စေမယ့်ပြင်ပကပိုးမွှားတွေကို ခုခံနိုင်စေပါတယ်။ ဒါ့အပြင် ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါလို အခြေအနေတွေဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးပါတယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

ပိန်းဥမှာပါတဲ့ သတ္တုဓါတ်တွေက အကျိုးပြုတယ်ဆိုပေမယ့် အဲဒီထဲက သံဓါတ်နဲ့ကော့ပါးကသွေးအားနည်းခြင်းကို ကာကွယ်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေဖို့ အဓိက အကျိုးပြုပါတယ်။ ဒီဓါတ်နှစ်မျိုးစလုံးကသွေးနီဥဆဲလ်တွေထုတ်လုပ်မှုအတွက် အရေးပါတာကြောင့်သွေးအားကောင်းစေပါတယ်။

သတိထားဖို့ကတော့

ပိန်းဥရဲ့တစ်ခုတည်းသောပြဿနာက ကယ်လိုရီပါဝင်မှုများနေတာပဲဖြစ်ပါတယ်။ ပိန်းဥ ၁၀၀ ဂရမ်မှာ ၁၁၂ ကယ်လိုရီ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်တော့ ထည့်စဉ်းစားရမယ့်အချက်ပါ။ သူက အာလူးထက်တောင် ကယ်လိုရီပိုများနေတာကြောင့် မချင့်ချိန်ဘဲ စားသုံးမှုလွန်ကဲရင် ဝိတ်တက်စေနိုင်ပါတယ်။ ထိုက်သင့်သလောက်ပမာဏကို မကြာမကြာစားပေးရင်တော့ ရသင့်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုဘေးဥပါဒ်ကင်းစွာ ရရှိနိုင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement