backup og meta

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

    ဒီ ပရန္နဝါရွက် လေးတွေ ထွက်တဲ့ ပရန္နဝါဆိုတဲ့ အပင်ကို မတွေ့ဖူးကြပေမယ့် ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ချိုပေစွဟင်းချိုကဗျာလေးကြောင့် ရင်းနှီးနေမှာတော့ အသေအချာပါပဲနော်။ ငယ်ငယ်ကကျောင်းတက်ရင်း

    ” အိမ်ကိုပြန်လျှင်၊ အကျွန် ကျွပ်နုပ်

    ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန်

    ကျပ်ခိုးခံလို့၊ ပရန္နဝါ

    ရွက်နုညှာကို၊ ဝါးပြာထည့်ကျို

    အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ

    ဆောင့်ကြောင့်ထိုင်၊မွှေလိုက်တယ်

    ချိုပေစွဟင်းချိုကို

    စလောင်းတို အခြေပဲ့နှင့်

    အာခေါင်မှာ၊ ပူအောင်ထည့်လို့

    မျိုလှည့်ကွဲ့လေး။” ဆိုတဲ့ စာပိုဒ်လေးကိုရွတ်ရင်း ရင်းနှီးခဲ့ဖူးမယ်ထင်ပါတယ်။

    အခုတစ်ခေါက်တော့ ငယ်ငယ်ကတည်းကပါးစပ်မှာ တတွတ်တွတ်ရွတ်ရင်း ရင်းနှီးခဲ့မယ့် ပရန္နဝါရွက်လေးအကြောင်းကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးမယ်နော်။

    ပရန္နဝါရွက် ဆိုတာက

    ပရန္နဝါဆိုတာကမြေလျှောက်အပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံကကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။ ပရန္နဝါပင်လေးတွေက အဖြူ၊အပြာ၊အနီဆိုပြီး အမျိုးမျိုးကွဲပြားကြပေမယ့် ဒီကဗျာလေးထဲကပရန္နဝါကတော့ ပန်းရောင်အပွင့်လေးတွေပွင့်တတ်ပြီး စားလို့ရသလိုဆေးဖက်လည်းဝင်ပါတဲ့ ပရန္နဝါပင်လေးကိုပြောထားတာပါ။

    မိုးစရွာလာတဲ့အခါမျိုးမျာ လယ်ကွင်းတွေ ကွင်းပြင်တွေမှာပေါက်ရောက်လာတတ်ကြပြီး အများစုကတော့သေးငယ်လွန်းတဲ့မြေလျှောက်ပင်လေးဖြစ်တဲ့ ပရန္နဝါပင်လေးကိုပေါင်းပင်လေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒါပေမယ့် ပရန္နဝါပင်လေးရဲ့ဆေးဖက်ဝင်မှုအာနိသင်ကတော်တော်လေးတော့များလှပါတယ်။

    ပရန္နဝါပင်က ဘယ်လိုဆေးဖက်ဝင်တာလဲ

    ဟင်းခတ်စရာအဖြစ်နဲ့ အသုံးပြုကြတဲ့ ပရန္နဝါပင်လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားကိုတိုက်ဖျက်ပေးနိုင်သလို စိတ်ဖိစီးမှုတွေကိုပြေလျော့စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှလုံးကို ကျန်းမာစေနိုင်သလို အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အတက်ရောဂါ၊ မျက်လုံးနဲ့ကျောက်ကပ်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်

    ပရန္နဝါက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းရောဂါတွေအတွက် ပရန္နဝါရွက်ကို ငရုတ်ကောင်း၊ ချင်း (ဂျင်း) တို့နဲ့ ရောစပ်ပြီး စားသုံးပေးလို့ရပါတယ်။

    စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

    ပရန္နဝါရွက်က စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကျသူတွေ စိုးရိမ်ပူပန်စိတ်များတဲ့သူတွေအနေနဲ့ ပရန္နဝါရွက်ကို စားသုံးပေးသင့်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်

    ပရန္နဝါရွက်က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့အာနိသင်ရှိပြီး နှလုံးရောဂါလေးဖက်နာရောဂါ၊ ဆီးချို နဲ့ ပန်းနာရင်ကျပ်ရောဂါတွေကြောင့် ခန္ဓါကိုယ်မှာဖြစ်တဲ့နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုကိုလည်း သိသိသာသာသက်သာစေနိုင်ပါတယ်။

    အသည်းကျန်းမာစေနိုင်တယ်

    ပရန္နဝါရွက်က အသည်းရောင်ရောဂါအပါအဝင် အသည်းရောဂါအမျိုးမျိုးကို သက်သာစေနိုင်ပါတယ် ပရန္နဝါမြစ်က အသည်းကို ဓါတုပစ္စည်းတွေ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အစာခြေစနစ်ကိုကျန်းမာစေနိုင်ပြီး ဆီးရွှင်စေနိုင်တာကြောင့် ကိုယ်တွင်းမှာ အရည်စုပုံမှုမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ အဝမလွန်ချင်သူတွေအတွက်လည်း အသုံးတည့်တဲ့ဆေးဖက်ဝင်အပင်လေးတစ်မျိုးပါ။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်မှာ အသေအချာပါ။

    နာကျင်မှုကို သက်သာစေနိုင်တယ်

    ပရန္နဝါရွက်ကို နာကျင်မှုတွေရောင်ရမ်းမှုကိုသက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာတာကို သက်သာစေနိုင်သလို ခန္ဓါကိုယ်မှာဖြစ်တဲ့ ထိခိုက်နာကျင်မှုတွေကို ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။

    မျက်လုံးကျန်းမာစေနိုင်တယ်

    မျက်စိနာတာအပါအဝင် အမျိုးမျိုးသောမျက်လုံးပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ မျက်လုံးရောင်တာ၊ မျက်လုံးကျိန်းစပ်စပ်ဖြစ်တာတွေအတွက်လည်း ပရန္နဝါရွက်ကို အသုံးပြုပေးလို့ရပါတယ်။

    ကျောက်ကပ်ကျန်းမာစေနိုင်တယ်

    ကျောက်ကပ်ကျန်းမာစေဖို့နဲ့ ဆီးလမ်းကြောင်းရောဂါကင်းဖို့အတွက် ပရန္နဝါရွက်ကို အသုံးပြုလို့ရသလိုကျောက်ကပ်ကျောက်တည်တာအတွက်လည်း ပရန္နဝါရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဆီးရွှင်စေတဲ့ အာနိသင်ရှိနေတာကြောင့်ကျောက်ကပ်နဲ့ဆီးလမ်းကြောင်း ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ဆီးချိုသက်သာစေနိုင်တယ်

    ပရန္နဝါရွက်ကို စားသုံးပေးတာဆီးချိုသမားတွေအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ သံဓါတ်ကြွယ်ဝတာကြောင့်သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး အင်ဆူလင်ထွက်ရှိမှုကောင်းအောင်လှုံ့ဆော်ပေးပါတယ်။ ဆီးချိုကာကွယ်ချင်သူတွေရော ဆီးချိုရောဂါခံစားနေရသူတွေပါ စားသုံးပေးသင့်ပါတယ်။

    အတက်ရောဂါကို သက်သာစေနိုင်တယ်

    ပရန္နဝါမြစ်ကို အတက်ရောဂါကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ပရန္နဝ်ရွက်မှာပါတဲ့liriodendronဒြပ်ပေါင်းက အတက်ရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး အတက်ရောဂါကို ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။

    နှလုံးကျန်းမာစေနိုင်တယ်

    ပရန္နဝါရွက်က နှလုံးကြီးတာအပါအဝင် နှလုံးရောဂါအမျိုးမျိုးကို သက်သာစေနိုင်ပြီး နှလုံးရဲ့ လုပ်ဆောင်မှုတွေကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ပရန္နဝါရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ဒြပ်ပေါင်းတွေက နှလုံးကျန်းမာနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

    အရေပြားကျန်းမာစေနိုင်တယ်

    အနာကက်ျစေနိုင်ပြီး ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကို ထိခိုက်စေနိုင်တဲ့ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ပရန္နဝါရွက်ကို သုံးပေးလို့ရပါတယ်။

    တီဘီရောဂါကို သက်သာစေနိုင်တယ်

    တီဘီရောဂါဆိုတာက အဆုတ်ကိုရောဂါပိုးဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ အဆုတ်ရောဂါတစ်မျိုးပါ။ ဒီရောဂါက အဆုတ်ကိုတင်ထိခိုကစေနိုင်တာမျိုးမဟုတ်ဘဲ အာရုံကြောစနစ်နဲ့အရိုးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီဝေဒနာကို ကာကွယ်ဖို့အတွက်ရော သက်သာစေို့အတွက်ပါ ပရန္နဝါရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အစောပိုင်းစမ်းသပ်မှုတွေအရ ပရန္နဝါရွက်စားသုံးပေးမှုက တီဘီရောဂါခံစားရသူတွေမှာ ကိုယ်အလေးချိန်တိုးလာစေပြီးသွေးဖြူဥအရေအတွက် တိုးလာစေသလိုချောင်းဆိုးတာနဲ့ ဖျားနာမှုတွေကိုပါ သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement