backup og meta

ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ

    ကျောက်ချဉ် (alum) ဆိုတဲ့ အသံကိုကြားလိုက်မယ်ဆိုရင် ချိုင်းလိမ်းတဲ့နေရာမှာ သုံးတာလို့ပဲ အများစုက မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျောက်ချဉ်ကို အသုံးပြုလို့ရတဲ့ အခြားနည်းလမ်း‌တွေ အများအပြားရှိပါတယ်။ ကျောက်ချဉ်ဆိုတဲ့နေရာမှာလည်း ကျောက်ချဉ်အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အိမ်တွင်းသုံးနည်းလမ်းတွေမှာ အသုံးပြုလို့ရတဲ့ ကျောက်ချဉ်က ပိုတက်ဆီယမ်ကျောက်ချဉ်တစ်မျိုးတည်းသာ ဖြစ်ပါတယ်။

    ကျောက်ချဉ်ကို ကမ္ဘာတလွှားမှာ ရေသန့်စင်ရာမှာနဲ့ ချိုင်းလိမ်းတဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ ကျောက်ချဉ်ကို ခံတွင်းအနာတွေ၊ ဖနောင့်ကွဲတာတွေကို သက်သာစေဖို့ အသုံးပြုနိုင်သလို ခံတွင်းနံ့ကောင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်က ဈေးသက်သာသလို ရောဂါတော်တော်များများအတွက် အိမ်တွင်းကုထုံးအဖြစ်လည်း အသုံးပြုပါတယ်။

    ကျောက်ချဉ်က ဆေးဖက်ဝင်သလို ကျန်းမာရေးကို အထောက်အကူပြုပေမယ့်လည်း ကိုယ်တွင်းဝေဒနာတွေအတွက် ကျောက်ချဉ်ကို စားသုံးတဲ့အခါ ခန္ဓာကိုယ်အတွက် သင့်တင့်မျှတတဲ့ပမာဏဖြစ်ဖို့ လိုအပ်ပါတယ်။ ကျောက်ချဉ်ကို အများအပြားစားသုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ်ကို ကျန်းမာရေးနဲ့ညီညွတ်အောင်ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ ကျောက်ချဉ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ

    ကျောက်ချဉ် (Alum) ကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူး နဲ့ အသုံးဝင်ပုံများ ကတော့

    (၁)ခံတွင်းအနာတွေကို သက်သာစေခြင်း

    ပါးစပ်ထဲမှာ အနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊ အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့် နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ မလုပ်သင့်ပါဘူး။

    ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ပါ။ ဆားအနည်းငယ်နဲ့ ကျောက်ချဉ်အနည်းငယ်ကိုရောပြီး ရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။

    (၂) မျက်စိပြည်တည်နာ (eye abscess) ကို သက်သာစေခြင်း

    ကျောက်ချဉ်က မျက်စိပြည်တည်နာအတွက် လည်းကောင်းတယ်လို့ဆိုပါတယ်။ ကျောက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ ကျောက်ချဉ်ကို နှစ်ချီပြီး ထားလို့ရပါတယ်။

    (၃) ခြေဖနောင့်ကွဲတာတွေကို သက်သာစေခြင်း

    ကျောက်ချဉ်မှုန့်က ခြေဖနောင့်ကွဲတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ ကျောက်ချဉ်ကို အပူပေး အအေးခံပြီးတဲ့နောက်မှာ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောစပ်ပြီးလိမ်းပေးလို့ရပါတယ်။

    (၄) မုတ်ဆိတ်ရိတ်တာအတွက် အသုံးပြုနိုင်ခြင်း

    ကျောက်ချဉ်အရည်ကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ လိမ်းလေ့ရှိပါတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့ ဘာမှသိပ်သိသာမှာမဟုတ်ပေမယ့် ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့ အသားအရေအတွက် အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။

    (၅) ရေသန့်စင်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

    ကျောက်ချဉ်ကရေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရွှံရည်တွေကို သန့်စင်စေပါတယ်။ကျောက်ချဉ်က ရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်။

    (၆) ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

    ကျောက်ချဉ်မှာ အနံ့ဆိုးတွေကို တိုက်ဖျက်နိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့်ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။

    (၇) အမွေးကျွတ်ဆေး(hair removal)အဖြစ် အသုံးပြုနိုင်ခြင်း

    ကျောက်ချဉ်ကို အမျိုးသမီးတွေမှာ ခန္ဓာကိုယ်မှာပေါက်တတ်တဲ့ မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ လည်းအသုံးပြုလို့ရပါတယ်။

    (၈) အရေးအကြောင်းတွေကို သက်သာစေခြင်း

    ကျောက်ချဉ်ကအရေပြားကို တင်းရင်းစေနိုင်တာကြောင့် မျက်နှာနဲ့လည်ပင်းတဝိုက်မှာဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက် အစိုဓာတ်ထိန်းပေးတဲ့ လိမ်းစရာအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။

    (၉) ဝက်ခြံတွေကို သက်သာစေခြင်း

    ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ ရောစပ်ပြီး ဝက်ခြံတွေအတွက် အသုံးပြုလို့လည်းရပါတယ်။ ကျောက်ချဉ်က ဝက်ခြံတွေအတွက်လည်း အရမ်းကောင်းပါတယ်။

    (၁၀) သန်းကင်းစေနိုင်ခြင်း

    ဆံပင်မှာသန်းတွယ်နေရင်လည်းကျောက်ချဉ်ကို အသုံးပြုပြီး သန်းကင်းအောင်လုပ်ဆောင်လို့ရပါတယ်။ ကျောက်ချဉ်၊ လက်ဖက်ဆီနဲ့ ရေတို့ကိုရောစပ်ပြီး သန်းကင်းဆေးအဖြစ်အသုံးပြုလို့ရပါတယ်။

    (၁၁) ခံတွင်းသန့်စင်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

    ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာက ခံတွင်းနံ့ဆိုးရစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးရှိပါတယ်။ ခံတွင်းကို ကျောက်ချဉ်ရည်နဲ့ ဆေးကြောပေးတာက ဘက်တီးရီးယားတွေပေါက်ဖွားတာကို ကာကွယ်ပေးနိုင်ပါတယ်။

    (၁၂) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်ခြင်း

    ကျောက်ချဉ်မှုန့်မှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိမှန်း လူတော်တော်များများကမသိကြပါဘူး။ ကျောက်ချဉ်မှုန့်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်သလို အရေပြားကိုချောမွေ့တောက်ပစေပါတယ်။

    (၁၃) ဆားဝက်ခြံတွေကို သက်သာစေခြင်း

    ကျောက်ချဉ်မှုန့်ကို ရေ (သို့) rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေပေါ်ကို လိမ်းပေးလို့ရပါတယ်။ မျက်နှာပါင်းတင်လို့လည်း ရပါတယ်။

    (၁၄) ချိုင်းမည်းတာကို သက်သာစေနိုင်ခြင်း

    ချိုင်းမည်းတာတွေကို ကျောက်ချဉ်သုံးပြီး သက်သာအောင် လုပ်လို့ရပါတယ်။ နေ့စဉ်တော့ အသုံးမပြုသင့်ပါဘူး။

    (၁၅) မျက်ကွင်းညိုတာကို သက်သာစေခြင်း

    ကျောက်ချဉ်ကို မျက်ကွင်းညိုတာအတွက်လည်းအသုံးပြုလို့ရပါတယ်။ကျောက်ချဉ်မှုန့်ကို ရေနဲ့ရောပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာ အသုံးပြုပေးလို့ရပါတယ်။ သတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။

    (၁၆) သဲဝဲစားတာကို သက်သာစေခြင်း

    ကျောက်ချဉ်ကို သဲဝဲစားတာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကိုရေနွေးထဲထည့်ပြီး ခြေထောက်စိမ်ပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ စိမ်ထားပေးရမှာဖြစ်ပါတယ်။

    (၁၇) ဗောက်ပျောက်စေနိုင်ခြင်း

    ခေါင်းလျှော်တဲ့အခါ ကျောက်ချဉ် အနည်းငယ် ထည့်လျှော်ပေးမယ်ဆိုရင် ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံတာကို သက်သာစေမှာဖြစ်ပါတယ်။ အများကြီးမသုံးမိဖို့တော့ သတိပြုရမှာဖြစ်ပါတယ်။

    သတိထားရမယ့်အချက်များ

    ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမယ်ဆိုရင်တော့ သတိလစ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အရေပြားမှာ အသုံးပြုမယ်ဆိုရင် တည့်မတည့် အရင်စမ်းဖို့ လိုပါတယ်။ ဒါက အိမ်တွင်းကုထုံးသာ ဖြစ်တဲ့အတွက် ကိုယ့်မှာ ခံစားနေရတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ကျောက်ချဉ်ကိုပဲ အားမကိုးဘဲ တတ်ကျွမ်းနားလည်သူနဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement