ကရဝေးရွက် (Bay leaf)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကရဝေးရွက်ဆိုတာ

ကရဝေးရွက်ဆိုတာက အမြဲစိမ်းအပင်တစ်မျိုးကနေရရှိတဲ့ အနံ့မွှေးကြိုင်တဲ့မြေထဲပင်လယ်ဒေသမျိုးရင်းပင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးများသလို အမွှေးနံ့သာအဖြစ်နဲ့ထည့်သွင်းအသုံးပြုတာမျိုးလည်းရှိပါတယ်။

ကရဝေးရွက်ရဲ့အရသာက အနံ့စူးရှပြီး ခါးသက်သက်အရသာရှိပါတယ်။ ကရဝေးရွက်ရဲ့ အနံ့နဲ့အရသာက သစ်ကြံပိုးခေါက်ရဲ့ အနံ့အရသာနဲ့ခပ်ဆင်ဆင်တူပေမယ့် ကရဝေးရွက်ရဲ့ အနံ့အရသာက သစာကြံပိုးခေါက်လောက်တော့မပြင်းပါဘူး။ ကရဝေးရွက်ကို အစိမ်းဖြစ်ဖြစ်၊အခြောက်ခံပြီးဖြစ်ဖြစ် အမှုန့်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ကရဝေးရွက်ရဲ့အဆီကဆေးဖက်ဝင်ပြီး အသေးစားဖျားနာမှုတွေကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ကရဝေးရွက်က ခါးသက်သက်အရသာရှိတာကြောင့် ဟင်းပွဲတွေထဲမှာပဲ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်းစားသုံးပါတယ်။ ကရဝေးရွက်ကို ဟင်းပွဲတွေထဲမှာထည့်သွင်းစားသုံးနိုင်တဲ့အပြင် ဘက်တီးရီးယားတွေ၊မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းအာနိသင်၊ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့အစွမ်းအာနိသင်၊ ဆီးရွှင်စေနိုင်တာနဲ့သွေးတိတ်စေနိုင်တဲ့အစွမ်းသတ္တိတွေကြောင့်လည်း လူသိများပါတယ်။

ကရဝေးရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကရဝေးရွက်မှာ အပင်ကနေရရှိတဲ့ ဓါတ်ပေါင်းတွေ၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေများစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက်အကျိုးပြုပါတယ်။ ကရဝေးရွက်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေနဲ့ သတိပြုစရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁. ဆီးချိုကိုသက်သာစေခြင်း

ကရဝေးရွက်ကအမျိုးအစား – ၂ ဆီးချိုရောဂါကို ကုသရာမှာထိရောက်တဲ့အစွမ်းရှိပါတယ်။ ကရဝေးရွက်ကသွေးတွင်းသကြားဓါတ်၊ ကိုလက်စထရောနဲ့triglyceride ပမာဏတွေကိုကျဆင်းစေနိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုထိရောက်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေပြီး နှလု့းရဲ့လုပ်ဆောင်မငကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အမျိုးအစား – ၂ ဆီးချိုဝေဒနာရှင်တွေနဲ့ အင်ဆူလင်အစွမ်းသတ္တိကိုသိရှိခံစားမှုလျော့ကျလာခြင်း (insulin resistance) လက္ခဏာတွေခံစားနေရသူတွေစားသုံးပေးဖို့သင့်တော်ပါတယ်။

၂. အစာကျေချက်မှုကောင်းမွန်စေခြင်း

ကရဝေးရွက်က အစာကျေချက်မှုကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်သလို ရင်ပူတာနဲ့လေပွတာလိုမျိုး အစာချေစနစ်မှာဖြစ်ပေါ်တဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။ ကရဝေးရွက်က ဝမ်းချုပ်တာ၊ အစာအိမ်အချဉ်ပေါက်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်ဇိုင်းတွေက ပရိုတင်းဓါတ်တွေကိုဖြိုခွင်းပေးနိုင်ပါတယ်။ ကရဝေးရွက်က အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးနိုင်တာကြောင့် အဖျားရောဂါတွေကနေသက်သာစေပါတယ်။

၃. နှလုံးသွေးကြောတွေကိုကျန်းမာစေခြင်း

ကရဝေးရွက်မှပါတဲ့ အင်အားပြည့်ဝတဲ့phytonutrient ကရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာလိုမျိုး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေတဲ့rutin၊ salicylates၊ caffeic အက်ဆစ် နဲ့ phytonutrientတွေလိုမျို းကျန်းမာရေးအတွက် အဖိုးတန်တဲ့ ဓါတ်ပေါင်းတွေပါဝင်နေပါတယ်။ စိတ်ဖိစီးတတ်သူတွေနဲ့ နှလုံးရောဂါရှိသူတွေအတွက်သင့်တော်ပါတယ်။

၄. အဖျားရောဂါနဲ့ကူးစက်ရောဂါတွေကိုသက်သာစေခြင်း

ကရဝေးရွက်မှာအအေးမိတာ၊တုပ်ကွေးနဲ့ကူးစက်ရောဂါလက္ခဏာတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်။ချောင်းဆိုးတာနဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ အဖျားကျစေနိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

၅. နာကျင်မှုတွေကိုသက်သာစေခြင်း

ကရဝေးရွက်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းရှိတာကြောင့် အဆစ်လွဲခြင်း၊ကြွက်သားတွေတောင့်တင်းခြင်း၊အဆစ်အမြစ်တွေရောင်ရမ်းခြင်း၊ဒူလာရောဂါတွေကိုသက်သာစေနိုင်သလို နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေပါတယ်။သွေးလည်ပတ်မှုကိုတိုးတက်ကောင်းမွန်စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းမှုအတွက်လည်း အသုံးပြုနိုင်ပါတယ်။ခေါင်းကိုက်တာကိုလည်းသက်သာစေနိုင်စွမ်းရှိပါတယ်။

၆. ကင်ဆာတိုက်ဖျက်နိုင်တဲ့အစွမ်းရှိခြင်း

ကရဝေးရွက်မှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းကိုထောက်ပံ့ပေးတဲ့ chemo-protectiveအစွမ်းသတ္တိတွေရှိတဲ့ caffeic အက်ဆစ်၊ quercetin၊ euganol နဲ့ catechin တို့ပါဝင်ပါတယ်။ ကရဝေးရွက်မှာ သားအိမ်ခေါင်းကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိတဲ့parthenolide လို့ခေါ်တဲ့phytonutrient ပါဝင်နေပါတယ်။

၇. ကိုယ်ဝန်ဆောင်ချိန်မှာလည်း အထောက်အကူပြုပေးခြင်း

ကရဝေးရွက်မှာဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်မဆောင်ခင် ၃ လအလိုနဲ့ ကိုယ်ဝန်ဆောင်ကာလ ၃ လအတွင်းမှာစားသုံးပေးမယ်ဆိုရင် သန္ဓေသားအတွက်လိုအပ်တဲ့ဖောလစ်အက်ဆစ်တွေကိုထောက်ပံ့ပေးပြီး ကလေးငယ်မှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကရဝေးရွက်မှာ သန္ဓေအောင်စေနိုင်တဲ့အစွမ်းရှိပါတယ်။

၈. ရာသီသွေးဆင်းတဲ့ပြဿနာတွေကို သက်သာစေခြင်း

ကရဝေးရွက်က ရာသီသွေးကိုပုံမှန်ဆင်းစေပါတယ်။ အဖြူဆင်းတာကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

၉. အိပ်ပျော်စေခြင်း

အိပ်ရာဝင်ခါနီး ကရဝေးရွက်စားသုံးပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။

၁၀. နှာခေါင်းသွေးလျှံတာကို တိတ်စေခြင်း

နှခေါင်းသွေးလျှံရင် ကရဝေးရွက် အစို (သို့) အရွက်ခြောက် သန့်သန့်ကိုခြေပြီးရှုပေးပါကသွေးတိတ်စေမှာဖြစ်ပါတယ်။

၁၁. သွားတွေကိုဖြူဖွေးစေနိုင်ခြင်း

ကရဝေးရွက်အမှုန့်နဲ့ သွားတိုက်ပေးမယ်ဆိုရင် သွားတွေဖြူဝင်းလာစေမှာဖြစ်ပါတယ်။

၁၂. ပိုးမွှားတွေကို နှိမ်နှင်းနိုင်ခြင်း

ကရဝေးရွက်မှာlauric အက်ဆစ်ပါဝင်တာကြောင့် အင်းဆက်ပိုးမွှားတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားအကိုက်ခံရတာမျိုးတွေအတွက် ကရဝေးရွက်ကိုခြေပြီး ဆီအနည်းငယ်နဲ့ရောထားတဲ့အနှစ်ကိုအသုံးပြုပေးလို့ရပါတယ်။

၁၃.ကျောက်ကပ်ဝေဒနာတွေကို သက်သာစေခြင်း

ကျောက်ကပ်မှာပိုကူးစက်တာနဲ့ ကျောက်ကပ်ကျောက်တည်တာတွေအတွက်လည်း ကရဝေးရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကရဝေးရွက်ကိုရေနွေးနဲ့ပြုတ်သောက်တာကကျောက်ကပ်ကျောက်တည်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကရဝေးရွက်နဲ့အရေပြားကျန်းမာရေး

ကရဝေးရွက်မှာ ဗီတာမင်၊သတ္တုဓါတ်နဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားအတွက် အကျိုးပြူပါတယ်။ အရေပြားကျန်းမာရေးအတွက် ကရဝေးရွက်ရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁၄. အရေပြားဆိုင်ရာပြဿနာတွေကိုသက်သာစေခြင်း

ကရဝေးရွက်ကအရေပြားဆိုင်ရာပြဿနာတွေဖြစ်တဲ့ အရေးအကြောင်းတွေဖြစ်ပေါ်တာ၊အရေပြားပေါ်မှာ အနီအကွက်တွေဖြစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားရောဂါတွေအတွက် ကရဝေးရွက်ကိုရေနွေးထဲထည့်ပြုတ်ပြီး အငွေ့ကိုခံပေးနိုင်ပါတယ်။

၁၅. အနာကျက်စေနိုင်ခြင်း

ကရဝေးရွက်မှာအနာတွေကိုကျက်စေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပိုးမွှားနဲ့အဆိပ်ရှိတဲ့ အကောင်တွေကိုက်ခံရတဲ့အနာတွေအတွက် အသုံးပြုနိုင်သလိုပြတ်ရှိဒဏ်ရာတွေနဲ့ အနာဆွေးတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။ ကရဝေးရွက်ရဲ့ အင်းဆက်တွေနဲ့ မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းအာနိသင်က အရေပြားကူးစက်ရောဂါတွေကိုသက်သာစေပါတယ်။

ကရဝေးရွက်နဲ့ဆံသားကျန်းမာရေး

ကရဝေးရွက်ရဲ့ အာဟာရဓါတ်တွေက ဆံသာကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဆံသားအတွက်ကရဝေးရွက်ရဲ့ အကျိုးသက်ရောက်မငလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁၆. ဆံပင်ကျွတ်တာနဲ့ဗောက်ထတာကိုသက်သာစေခြင်း

ခေါင်းလျှော်ပြီးတဲ့အခါ ကရဝေးရွက်ပြုတ်ရည်ခပ်နွေးနွေးလေးကို ဦးရေပြားအထိရာက်အောင်ဆေးချပေးတာကဗောက်ထတာကိုသက်သာစေပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ က၇ဝေးရွက်အဆီကတော့ ဆံသားနဲ့ဦးရေအတွက်မသင့်တော်ပါဘူး။ပြုတ်ရည်ကိုပဲသုံးပေးသင့်ပါတယ်။

၁၇. သန်းကင်းစေခြင်း

ခေါင်းမှာသန်းတွယ်နေရင် ကရဝေးရွက်တွေကိုခြေပြီးရေနွေးနဲ့ပြုတ်လိုက်ပါ။ ဆံပင်အရင်းနားအထိရောက်အောင်လောင်းချပေးပါ။ ၃ နာရီကနေ ၄ နာရီလောက်ထားပြီးခေါင်းလျှော်ချလိုက်ပါ။ခေါင်းပေါ်ကသန်းတွေလျော့သွားစေမှာဖြစ်ပါတယ်။

ကရဝေးရွက်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ

ကရဝေးရွက်မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ကရဝေးရွက်မှာcopper ၊ပိုတက်စီယမ်၊ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊ဇင့်၊ သံဓါတ်၊ဆီလီယမ်နဲ့ မဂ္ဂနိတွေလိုမျိုးဗီတာမင်တွေကြွယ်ဝစွာပါရှိပါတယ်။

ကရဝေးရွက်ရဲ့ ဘေးထွက်ဆိုးကျိုးများ

  • ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေအနေနဲ့ ကရဝေးရွက်ကိုစားသုံးမယ်ဆိုရင် တတ်သိနားလည်သူနဲ့တိုင်ပင်သင့်ပါတယ်။
  • ကရဝေးရွက်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတာကြောင့် ဆီးချိုဝေဒနာသည်တွေအနေနဲ့ မိမိရဲ့သွေးချိုမာဏကို သိရှိပြီးမှသာ စားသုံးသင့်ပါတယ်။ ကရဝေးရွက်ကိုဆေးအဖြစ်ဆေးအဖြစ်သုံးစွဲနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ကိုသေသေချာချာစောင့်ကြည့်ပါ။
  • ကရဝေးရွက်က ပင်မအာရုံကြောစနစ် (CNS) ရဲ့လုပ်ဆောင်မှုကိုကျဆင်းစေနိုင်ပါတယ်။ ကရဝေးရွက်နဲ့မေ့ဆေး၊ထုံဆေးနဲ့ခါဲစိတ်ကုသမှုမှာအသုံးပြုတဲ့အခြားဆေးတွေနဲ့ထိတွေ့မိတဲ့အခါ ပင်မအာရုံကြောစနစ် (CNS) ရဲ့လုပ်ဆောင်မှုကို တအားကျဆင်းသွားစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့ရှိပါက ခွဲခန်းမဝင်ရခင် ၂ ပတ်လောက်အလိုကတည်းက ကရဝေးရွက်ကိုဆေးအဖြစ်မှီဝဲနေတာကိုရပ်တန့်ပါ။
  • ကရဝေးရွက်အခြောက်က အစာခြေအူလမ်းကြောင်းအထက်ပိုင်းသွေးယိုစီးမှုကိုဖြစ်စေနိုင်ပါတယ်။
  • ကရဝေးရွက်မှာ အရေးပြားနဲ့ အမြှေးပါးတွေမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်တဲ့Eugenol ပါဝင်ပါတယ်။
  • ကရဝေးရွက်နဲ့ကရဝေးရွက်အဆီက ပန်းနာရင်ကျပ်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက်အန္တရာယ်ရှိပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 5, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 8, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။