Zofran (ဇိုဖရန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zofran (ဇိုဖရန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zofran (ဇိုဖရန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zofran® ကို ခွဲစိတ်မှု၊ ကင်ဆာ ဓါတုကုထုံး သို့မဟုတ် ဓါတ်ရောင်ခြည် ကုထုံး စသည်တို့ကြောင့် ဖြစ်သော မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းကို ကာကွယ်ရန် သုံးသည်။

Zofran (ဇိုဖရန်) ဘယ်လိုသောက်သုံးသင့်သလဲ

Zofran® ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ ဤဆေးကို ကုသမှု မစခင် မိနစ် ၃၀ အတွင်း သောက်ပါ။

ပထမ ဆေးကို ခွဲစိတ်မှု၊ ဓါတုကုထုံး သို့မဟုတ် ဓါတ်ရောင်ခြည် မစတင်မီ ပေးလေ့ ရှိသည်။ ဆရာဝန်ပေးသော ဆေးညွှန်းများကို ဂရုတစိုက် လိုက်နာပါ။

ပုံမှန် ဆေးပြားကို ရေတစ်ဖန်ခွက် အပြည့်ဖြင့် သောက်ပါ။

Zofran (ဇိုဖရန်) ဘယ်လိုသိမ်းဆည်းရမလဲ

Zofran® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zofran® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zofran® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Zofran® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zofran (ဇိုဖရန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Zofran® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

သင်သည် အောက်ပါတို့ ဖြစ်ပါက Zofran® ကို မသုံးသင့်ပါ။

  • သင်သည် apomorphine (Apokyn) သုံးနေပါက
  • သင်သည် ondansetron သို့မဟုတ် အလားတူ ဆေးများ (dolasetron,granisetron,palonosetron) နှင့် ဓါတ်မတည့်ပါက

Zofran® သည် မမွေးသေးသော ကလေးငယ်ကို ထိခိုက်စေပုံ မပေါ်ပါ။ သင့်တွင် ကိုယ်ဝန်ရှိပါက ဆရာဝန်အား ပြောပြပါ။

Ondansetron သည် မိခင်နို့မှ ဖြတ်သွားသလား မသိရှိပါ။ နို့စို့ကလေးငယ်ကို ထိခိုက်စေနိုင်သလား မသိပါ။ သင်သည် ကလေးနို့တိုက်နေပါက ဆရာဝန်အား ပြောပြပါ။

Ondansetron ကို အသက် ၄ နှစ်အောက် ကလေးများတွင် မသုံးရပါ။

ပါးစပ်ထဲတွင် ကျေသွားသော Zofran ဆေးပြားတွင် phenylalanine ပါဝင်နိုင်သည်။ သင့်တွင် phenylketonuria (PKU) ရှိပါက ဆရာဝန်အား ပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zofran (ဇိုဖရန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zofran® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zofran® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Zofran® သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zofran (ဇိုဖရန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ငိုက်မျဉ်းခြင်း
  • မောပန်းသလို ခံစားရခြင်း
  • မူးဝေခြင်း
  • ငန်းဖမ်းခြင်း

သင်သည် အောက်ပါတို့ ခံစားရပါက ဆရာဝန်အား ချက်ချင်း ခေါ်ပါ။

  • ဆိုးရွားသော ဝမ်းချုပ်ခြင်း၊ အစာအိမ် အောင့်ခြင်း သို့မဟုတ် လေပွခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ ပြင်းထန်စွာ မူးဝေခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ မူးလဲခြင်း၊ နှလုံးခုန်သံ မြန်ခြင်း၊ တဒိန်းဒိန်း မြည်ခြင်း
  • နှလုံးခုန်သံ မြန်ခြင်း၊ တဒိန်းဒိန်း မြည်ခြင်း
  • Jaundice ( အရေပြား သို့မဟုတ် မျက်လုံး ဝါခြင်း)
  • အမြင် ဝေဝါးခြင်း သို့မဟုတ် ယာယီ အမြင် ဆုံးရှုံးခြင်း ( မိနစ် အနည်းငယ်မှ နာရီများစွာထိ ကြာနိုင်သည်)
  • ခန္ဓါကိုယ်တွင် serotonin ပမာဏ တက်ခြင်း — တုန်လှုပ်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ အဖျား တက်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ အလိုအလျောက် တုံ့ပြန်မှုများ အလွန်များနေခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း၊ သတိလစ်ခြင်း

သင့်တွင် Zofran နှင့် ဓါတ်မတည့်သော လက္ခဏာများ ရပါက အရေးပေါ် ကျန်းမာရေးအကူအညီ ရယူပါ။ ဥပမာ အဖုအပိမ့်၊ အင်ပျဉ်၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်း။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zofran (ဇိုဖရန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zofran® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ

  • စိတ်ဓါတ်ကျခြင်းကို ကုသသော ဆေး
  • စိတ်ရောဂါ တစ်ခုကို ကုသသော ဆေး
  • Anarcotic (opioid) ဆေး
  • မအီမသာဖြစ်ခြင်းနှင့် အော့အန်ခြင်းကို သက်သာစေသော ဆေး

အစားအသောက်တွေနဲ့ အရက်က Zofran (ဇိုဖရန်) နဲ့ ဓါတ်ပြုနိုင်သလား

Zofran® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zofran (ဇိုဖရန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zofran® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ကျန်းမာရေး အခြေအနေ များမှာ

  • Qt Interval ရှည်လျားခြင်း
  • အသည်းရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zofran (ဇိုဖရန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အလွန်အမင်း အော့အန်စေသော ကင်ဆာ ဓါတုကုထုံး

တစ်ခါသောက် 24 mg ကို အလွန်အမင်း အော့အန်စေသော ဓါတုကုထုံး မစခင် မိနစ် 30 အလိုတွင် ပေးပါ။ 50 mg/m2 နှင့် ညီမျှသော သို့မဟုတ် ပိုများသော cisplatin ပါဝင်သည်။

အတော်အသင့် အော့အန်စေသော ကင်ဆာ ဓါတုကုထုံး

8 mg ကို ဓါတုကုထုံး မစခင် မိနစ် 30 အလိုတွင် ပေးသည်။ ပထမ အကြိမ်ပေးပြီးနောက် 8 နာရီအကြာတွင် 8 mg ဆက်ပေးပါ။

ထို့နောက် 8 mg ကို တစ်နေ့ နှစ်ကြိမ် ( 12 နာရီ တစ်ခါ) ပေးပါ။ ဓါတုကုထုံးပြီးနောက် 1-2 ရက်အထိ ပေးပါ။

ဓါတ်ရောင်ခြည် ကုထုံး

တစ်ကိုယ်လုံး ဓါတ်ရောင်ခြည် ပေးခြင်းအတွက်။ ဓါတ်ရောင်ခြည် ကုထုံး တစ်ပိုင်း မစခင် 1-2 နာရီအလိုတွင် 8 mg ကို ပေးသည်။

ဗိုက်ကို တစ်ကြိမ်တည်း ပမာဏများများဖြင့် ဓါတ်ရောင်ခြည် ပေးခြင်းအတွက်။ ဓါတ်ရောင်ခြည် ကုထုံး မစခင် 1-2 နာရီအလိုတွင် 8 mg ကို ပေးသည်။ ပထမ အကြိမ် ပေးပြီးနောက် 8 mg ကို 8 နာရီတစ်ခါ ဆက်ပေးပါ။ ဓါတုကုထုံး ပြီးနောက် 1-2 ရက်အထိ ပေးပါ။

ဗိုက်ကို နေ့စဉ် အပိုင်းခွဲပြီး ဓါတ်ရောင်ခြည် ပေးခြင်းအတွက်။ ဓါတ်ရောင်ခြည် ကုထုံး မစခင် 1-2 နာရီအလိုတွင် 8 mg ကို ပေးသည်။ ပထမ အကြိမ် ပေးပြီးနောက် 8 mg ကို 8 နာရီတစ်ခါ ဆက်ပေးပါ။ ဓါတ်ရောင်ခြည် ကုထုံးပေးသော နေ့တိုင်းတွင် ပေးပါ။

ခွဲစိတ်ပြီးနောက်

16 mg ကို မေ့ဆေး မပေးခင် 1 နာရီအလိုတွင် ပေးသည်။

ကလေးတွေအတွက် Zofran (ဇိုဖရန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အတော်အသင့် အော့အန်စေသော ကင်ဆာ ဓါတုကုထုံး

အသက် 12-17 နှစ်။ 8 mg ကို ဓါတုကုထုံး မစခင် မိနစ် 30 အလိုတွင် ပေးသည်။ ပထမ အကြိမ်ပေးပြီးနောက် 4 နာရီနှင့် 8 နာရီအကြာတွင် 8 mg ဆက်ပေးသည်။ ထို့နောက် 8 mg ကို တစ်နေ့ သုံးကြိမ် ပေးသည်။ ဓါတုကုထုံးပြီးနောက် 1-2 ရက်အထိ ပေးသည်။

အသက် 4-11 နှစ်။ 4 mg ကို ဓါတုကုထုံး မစခင် မိနစ် 30 အလိုတွင် ပေးသည်။ ပထမ အကြိမ်ပေးပြီးနောက် 4 နာရီနှင့် 8 နာရီအကြာတွင် 4 mg ဆက်ပေးသည်။ ထို့နောက် 4 mg ကို တစ်နေ့ သုံးကြိမ် ပေးသည်။ ဓါတုကုထုံးပြီးနောက် 1-2 ရက်အထိ ပေးသည်။

Zofran (ဇိုဖရန်) ကိုဘယ်လိုရရှိနိုင်သလဲ

Zofran® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား၊ ပါးစပ်ထဲတွင် ကျေသွားသော ဆေးပြား၊ ပျော်ရည်။ ondansetron hydrochloride 4 mg in 5 MI

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zofran® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 31, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။