Meclizine (မက်ကလီဇင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Meclizine (မက်ကလီဇင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Meclizine (မက်ကလီဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Meclizine သည် antihistamine တစ်မျိုး ဖြစ်သည်။ ကားမူးခြင်း ကြောင့်ဖြစ်သော မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း ကို သက်သာစေရန်၊ ကာကွယ်ရန် သုံးသည်။ အတွင်းနား ပြဿနာများကြောင့် ဖြစ်သော မူးဝေခြင်း၊ မျှခြေ မထိန်းနိုင်ခြင်း ( ချာချာလည် မူးခြင်း) ကို သက်သာစေရန် လည်း သုံးသည်။

Meclizine (မက်ကလီဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးထုပ်တွင် ပါသော လမ်းညွှန်ချက် အားလုံးကို လိုက်နာပါ။ သင့်ဆရာဝန်သည် ဤဆေးကို သောက်ရန် ပေးပါက ညွှန်ကြားသည့်အတိုင်း သောက်ပါ။ အချက်အလက် အချို့ကို နားမလည်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ပညာရှင်ဖြင့် တိုင်ပင်ပါ။

ဤဆေးကို အစာဖြင့် သို့မဟုတ် အစာမပါဘဲ သောက်ပါ။ ဝါးစားနိုင်သော ဆေးပြားများကို မျိုမချမီ သေချာ ဝါးပါ။

ဆေးပမာဏသည် သင်၏ ကျန်းမာရေး အခြေအနေနှင့် ကုသမှုအား တုံ့ပြန်ချက်အပေါ် မူတည်သည်။ ဤဆေးကို ညွှန်ကြားထားသည်ထက် ပမာဏပိုများစွာ သို့မဟုတ် အကြိမ်ရေ ပိုများစွာ မသောက်ပါနှင့်။

ကားမူးခြင်း မဖြစ်အောင် ပထမ ဆေးကို ခရီးမထွက်ခင် ၁ နာရီအလိုတွင် သောက်ပါ။

သင့်အခြေအနေသည် သက်သာမလာပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အား ပြောပါ။

Meclizine (မက်ကလီဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Meclizine ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Meclizine ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Meclizine တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Meclizine ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Meclizine (မက်ကလီဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Meclizine သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင်သည် ရေတိမ်၊ အဖို သုတ်ရည် ဂလန်း ကြီးခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်း၊ ပန်းနာရင်ကြပ် ရှိပါက သို့မဟုတ် ရှိဖူးပါက

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Meclizine (မက်ကလီဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Meclizine သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Meclizine မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Meclizine သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Meclizine (မက်ကလီဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင်သည် အောက်ပါ ဓါတ်မတည့်သော လက္ခဏာများ ရပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ အင်ပျဉ်များ၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ခေါင်းကိုက်ခြင်း
  • အော့အန်ခြင်း
  • ပါးစပ် ခြောက်ခြင်း
  • မောပန်းသလို ခံစားရခြင်း
  • ငိုက်မျဉ်းခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Meclizine (မက်ကလီဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Meclizine သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ

  • Cinacalcet
  • Quinidine
  • Terbinafine
  • စိတ်ကျပျောက်ဆေးများ bupropion, duloxetine, fluoxetine, paroxetine, သို့မဟုတ် sertraline

အစားအသောက်တွေနဲ့ အရက်က Meclizine (မက်ကလီဇင်း) နဲ့ ဓါတ်ပြုနိုင်သလား

Meclizine သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Meclizine (မက်ကလီဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Meclizine သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ကျန်းမာရေး အခြေအနေ များမှာ

  • ပန်းနာရင်ကြပ်
  • အဖိုသုတ်ရည် ဂလန်းကြီးခြင်း
  • ရေတိမ်
  • ကျောက်ကပ် ရောဂါ
  • အသည်း ရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Meclizine (မက်ကလီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မအီမသာ ဖြစ်ခြင်း/ အော့အန်ခြင်းအတွက် ပုံမှန် လူကြီး ပမာဏ

သောက်ဆေး ၂၅-၅၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် လိုအပ်သလို

ချာချာလည် မူးခြင်းအတွက် ပုံမှန် လူကြီးပမာဏ

သောက်ဆေး ၂၅ မီလီဂရမ် တစ်နေ့ ၁-၄ ကြိမ် သို့မဟုတ် သောက်ဆေး ၅၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်

ကားမူးခြင်းအတွက် ပုံမှန် လူကြီး ပမာဏ

သောက်ဆေး ၂၅-၅၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ် လိုအပ်သလို။ Meclizine ကို ခရီးမသွားခင် တစ်နာရီအလိုတွင် သောက်သင့်သည်။ သွားနေစဉ်အတွင်း ဆက်သောက် သင့်သည်။ ၂၄ နာရီအတွင်း ၅၀ မီလီဂရမ် ထက် မကျော်ပါစေနှင့်။

ကလေးတွေအတွက် Meclizine (မက်ကလီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မအီမသာ ဖြစ်ခြင်း/ အော့အန်ခြင်းအတွက် ပုံမှန် ကလေး ပမာဏ

အသက် ၁၂ နှစ်အောက်။ သောက်ဆေး ၂၅-၅၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် လိုအပ်သလို

ချာချာလည် မူးခြင်းအတွက် ပုံမှန်ကလေး ပမာဏ

အသက် ၁၂ နှစ်အောက်။ သောက်ဆေး ၂၅ မီလီဂရမ် တစ်နေ့ ၁-၄ ကြိမ် သို့မဟုတ် သောက်ဆေး ၅၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်

ကားမူးခြင်းအတွက် ပုံမှန် ကလေး ပမာဏ

အသက် ၁၂ နှစ်အောက်။ သောက်ဆေး ၂၅-၅၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ် လိုအပ်သလို။ Meclizine ကို ခရီးမသွားခင် တစ်နာရီအလိုတွင် သောက်သင့်သည်။ သွားနေစဉ်အတွင်း ဆက်သောက် သင့်သည်။ ၂၄ နာရီအတွင်း ၅၀ မီလီဂရမ် ထက် မကျော်ပါစေနှင့်။

Meclizine (မက်ကလီဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Meclizine ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား။ သောက်ဆေး။ ၁၂.၅ မီလီဂရမ်၊ ၂၅ မီလီဂရမ်၊ ၅၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Meclizine သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 9, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။