backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Forxiga (ဖော်ဆီဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Forxiga (ဖော်ဆီဂါ) ကို ဘာအတွက်အသုံးပြုကြသလဲ

Forxiga® ကို သွေးတွင်း ဂလူးကို့စ်အား ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် အသုံးပြုသည်။ ဆီးချိုသွေးချို အမျိုးအစား ၂ ရှိသော အသက် ၁၈ နှစ်နှင့် အထက် လူကြီးများတွင် အသုံးပြုသည်။

  • တစ်မျိုးတည်းကုထုံး။ စားသောက်ပုံနှင့် လေ့ကျင့်ခန်း သည် လူနာများတွင် လုံလောက်သော သွေးတွင်း ဂလူးကို့စ် ထိန်းချုပ်မှုကို မပေးနိုင်သောအခါ။ ထိုသူများတွင် metformin သုံးခြင်းသည် မသင့်တော်ပါ။
  • ထပ်ပေါင်း ဖြည့်စွက်မှု ကုထုံး။ အင်ဆူလင် အပါအဝင် အခြား ဂလူးကို့စ် လျော့ကျစေသော ဆေးများဖြင့် ပေါင်းသုံးခြင်း။ ၎င်းတို့နှင့်အတူ စားသောက်ပုံ၊ လေ့ကျင့်ခန်းသည် လုံလောက်သော သွေးတွင်း ဂလူးကို့စ် ထိန်းချုပ်မှုကို မပေးသောအခါ။

Forxiga (ဖော်ဆီဂါ) ဘယ်လိုသောက်သုံးသင့်သလဲ

Forxiga® ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးပါ။ တိကျသော ဆေးညွှန်းရရှိရန် ဆေးစာကို ဖတ်ရှုပါ။

အစာဖြင့် သို့မဟုတ် အစာမပါဘဲ သောက်နိုင်သည်။

Forxiga (ဖော်ဆီဂါ) ဘယ်လိုသိမ်းဆည်းရမလဲ

Forxiga® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Forxiga® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Forxiga® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Forxiga® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Forxiga (ဖော်ဆီဂါ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Forxiga® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင့်တွင် ဆီးချိုသွေးချို အမျိုးအစား ၁၊ diabetic ketoacidosis ရှိပါက
  • သင့်တွင် galactose မခံနိုင်ခြင်း၊ the Lapp lactase ချို့တဲ့ခြင်း သို့မဟုတ် glucose-galactose စုပ်ယူမှု မကောင်းခြင်း စသော မျိုးရိုးလိုက်သော ပြဿနာများ ရှိပါက

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Forxiga (ဖော်ဆီဂါ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Forxiga® သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Forxiga® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Forxiga® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Forxiga (ဖော်ဆီဂါ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးများမှာ

  • သွေးတွင်း ဂလူးကို့စ် နည်းခြင်း ( sulfonylurea သို့မဟုတ် အင်ဆူလင်နှင့် တွဲဖက်ပြီး)
  • လိင်အင်္ဂါ ရောဂါပိုးကူးစက်ခြင်းများ
  • ဆီးလမ်းကြောင်း ရောဂါပိုး ကူးစက်ခြင်း
  • မူးဝေခြင်း
  • ကျောနာခြင်း
  • ဆီးသွားရ ခက်ခြင်း သို့မဟုတ် ဆီးသွားစဉ် နာကျင်ခြင်း
  • ဆီးများစွာ သွားခြင်း
  • Haematocrit တက်ခြင်း
  • Renal CrCl ကျခြင်း
  • Dyslipidemia

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Forxiga (ဖော်ဆီဂါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Forxiga® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ

  • အင်ဆူလင် သို့မဟုတ် အခြား ဆီးချိုသွေးချို သောက်ဆေး ( ဥပမာ repaglinide,glipizid) အဘယ်ကြောင့်ဆိုသော် သွေးတွင်း သကြားဓါတ်ကို ပိုပြီး နည်းစေသည်။
  • ဆီးဆေးများ ( ဥပမာ furosemide, hydrochlorothiazide, spironolactone) အဘယ်ကြောင့်ဆိုသော် သွေးတွင်းဖိအားကို ပိုပြီး နည်းစေသည်။

အစားအသောက်တွေနဲ့ အရက်က Forxiga (ဖော်ဆီဂါ) နဲ့ ဓါတ်ပြုနိုင်သလား

Forxiga® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Forxiga (ဖော်ဆီဂါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Forxiga® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Forxiga (ဖော်ဆီဂါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တစ်မျိုးတည်းကုထုံး နှင့် ထပ်ပေါင်းဖြည့်စွက်မှု ကုထုံး။ ၁၀ မီလီဂရမ် တစ်နေ့ တစ်ကြိမ်

အင်ဆူလင် သို့မဟုတ် insulin secretagogue နှင့် တွဲဖက်ပြီး။ အင်ဆူလင် သို့မဟုတ် insulin secretagogue ကို ပမာဏ နည်းနည်းဖြင့် ပေးသင့်သည်။

အစပိုင်း ပေါင်းဖက် ကုထုံး ၁၀ မီလီဂရမ် dapagliflozin + ၅၀၀ မီလီဂရမ် metformin တစ်နေ့တစ်ကြိမ်။ ဆိုးရွားသော အသည်း ပျက်စီးမှု အစပိုင်းတွင် ၅ မီလီဂရမ်။ ဆေးဒဏ်ကို ကောင်းစွာ ခံနိုင်ပါက ၁၀ မီလီဂရမ်အထိ တိုးနိုင်သည်။

ကလေးတွေအတွက် Forxiga (ဖော်ဆီဂါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Forxiga (ဖော်ဆီဂါ) ကိုဘယ်လိုရရှိနိုင်သလဲ

Forxiga® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • Forxiga® အလွှာပါး အုပ်ထားသော ဆေးပြား ၅ မီလီဂရမ်
  • Forxiga® အလွှာပါး အုပ်ထားသော ဆေးပြား ၁၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Forxiga® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement