backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Prochlorperazine (ပရိုကလိုပါရာဇင်း )


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Prochlorperazine (ပရိုကလိုပါရာဇင်း ) ကို ဘာအတွက်အသုံးပြုကြသလဲ

Prochlorperazineသသည်Promethazine အုပ်စုဝင်ဖြစ်ပြီးအချို့သောအခြေအနေများ (ဥပမာ။။ ခွဲစိတ်ပြီးနောက်၊ကင်ဆာဆေးသွင်းပြီးနောက် ) နှင့်ဆက်စပ်သောပျို့အန်ခြင်းများကိုကုသရန်သုံးသည်။

Promethazine ကိုအသက်၂နှစ်အောက်ကလေးများနှင့်ခွဲစိတ်မှုခံယူနေရသောကလေးများတွင်အသုံးမပြုရပါ။

Promethazine စအိုထည့်ဆေးတောင့်ကိုအသုံးပြုပုံ

-အထုတ်ကိုဖြည်ပြီး ဆေးတောင့်ကိုထုတ်ပါ။ ထို့နောက်ဆရာဝန်ညွှန်ကြားသည့်အတိုင်းစအိုထဲသို့တစ်နေ့လျှင်၂ကြိမ်ထည့်ပါ။ ဆေးထည့်ပြီးနောက်မိနစ်အနည်းငယ်ကြာသည်အထိဆက်လက်လဲလျောင်းနေပါ။ သွေးကြောထဲသို့ ဆေးကိုစုပ်ယူသွားစေရန်အတွက် ဆေးတောင့်ထည့်ပြီးတစ်နာရီကျော်ခန့်အကြာထိဝမ်းသွားခြင်းကို ရှောင်ကြဉ်ပါ။ ဆေးတောင့်သည်စအိုထဲသို့ထည့်ရန်သာ ဖြစ်ပါသည်။

ဆေးပမာဏသည်သင်၏အသက်၊ကျန်းမာရေးအခြေအနေနှင့်၊ဆေးအပေါ်တုန့်ပြန်မှုတို့အပေါ်မူတည်ပါသည်။ ကလေးများတွင်ကိုယ်အလေးချိန်ကိုပါထည့်သွင်းစဉ်းစားရပါသည်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲမိမိသဘောနှင့် ဆေးပမာဏတိုးခြင်း၊အကြိမ်ရေတိုးခြင်းတို့ကိုမပြုလုပ်ရ။ အကယ်၍ ရောဂါအခြေအနေမသက်သာလျှင်သို့မဟုတ်ပိုဆိုးလာလျင်သင့်ဆရာဝန်ကိုအကြောင်းကြားပါ။

Prochlorperazine (ပရိုကလိုပါရာဇင်း ) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းတွင်ပါသမျှလမ်းညွှန်ချက်များအားလုံးကိုလိုက်နာပါ။ အကောင်းဆုံးသောအကျိုးအာနိသင်ကိုရရှိနိုင်ရန်အတွက်သင့်ဆရာဝန်အနေနှင့် ဆေးပမာဏကိုအခါအားလျော်စွာ ပြောင်းလဲကောင်းပြောင်းလဲပါလိမ့်မည်။Prochlorperazineကိုကာလကြာရှည်စွာအသုံးပြုရပါကလိုအပ်သောစစ်ဆေးစမ်းသပ်မှုများကိုမကြာခဏဆိုသလိုခံယူရန်လိုအပ်ပါသည်။ အကယ်၍သင်သည်ဓါတ်မှန်ရိုက်ရန်သို့မဟုတ်အကြောထဲဆေးတစ်မျိုးထိုးသွင်းပြီးကွန်ပျူတာဓါတ်မှန်ရိုက်ရန်လိုအပ်ပါကProchlorperazineသောက်သုံးခြင်းကို ခေတ္တရပ်ထားရန်လိုပါလိမ့်မည်။ ထို့ကြောင့်ဆရာဝန်များကိုသင်Prochlorperazine သောက်သုံးနေရကြောင်းကြိုတင်၍ သေချာစွာ ပြောပြပါ။

ကာလကြာရှည်စွာProchlorperazineကိုသုံးစွဲပြီးနောက်ရုတ်တရက်ရပ်ဆိုင်းလိုက်ခြင်းသည်အခံရခက်သော ဆေးဖြတ်သည့်လက္ခဏာများကိုခံစားရစေနိုင်၍ ဆေးကိုရုတ်တရက်မဖြတ်လိုက်ရပါ။Prochlorperazineကိုဆက်လက်အသုံးပြုရန်မလိုတော့ပါကအဆိုပါ ဆေးဖြတ်သည့်လက္ခဏာများကို ရှောင်ရှားနိုင်ရန်အတွက်ဆရာဝန်ထံမှအကြံဉာဏ်တောင်းခံပါ။

Prochlorperazine (ပရိုကလိုပါရာဇင်း ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)

Prochlorperazineကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Prochlorperazineကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Prochlorperazine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Prochlorperazineကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Prochlorperazineကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Prochlorperazine (ပရိုကလိုပါရာဇင်း ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အချို့သောကျန်းမာရေးအခြေအနေများသည်Prochlorperazine၏အာနိသင်ကို နှောင့်ယှက်စေပါသည်။ ထို့ကြောင့်သင်သည်ကျန်းမာရေးအခြေအနေတခုကိုခံစားနေရပါကသင့်ဆရာဝန်ကို ပြောပြပါ။ အထူးသဖြင့်

  • ဆရာဝန်ညွှန်ကြားထားသောဆေး၊ဆရာဝန်ညွှန်ကြားချက်မလိုသောဆေး၊သဘာဝဆေးဖက်ဝင်ပစ္စည်းသို့မဟုတ် ဖြည့်စွက်အားဆေးများသုံးစွဲနေလျှင်
  • ဆေး၊အစားအစာသို့မဟုတ်ပစ္စည်းတစ်ခုခုနှင့်ဓါတ်မတည့်ခြင်းများရှိလျှင်
  • အခြားသောProchlorperazineအုပ်စုဝင်ဆေးတမျိုးမျိုး (ဥပမာ။။ thioridazine )ကိုသုံးစွဲစဉ်ဆိုးရွားသော ဘေးထွက်လက္ခဏာများကိုခံစားရခြင်းများရှိခဲ့လျှင် (သွေးပြဿနာများ၊အသားဝါလာခြင်း၊မျက်ဖြူသားဝါလာခြင်း)
  • နှလုံးရောဂါ (ရင်ဘတ်အောင့်တတ်ခြင်း၊နှလုံးအဆို့ရှင်ပြဿနာများ)၊ သွေးရောဂါမျာ်း (သွေးအားနည်းရောဂါစသည်)၊ဆီးချို၊အသည်းရောဂါ (အသည်းခြောက်ခြင်းစသည်)၊သွေးတိုးတတ်ခြင်း၊သွေးပေါင်ကျတတ်ခြင်း၊ကျောက်ကပ်ပြဿနာများ၊neuroleptic malignant syndrome (NMS)ရောဂါ၊ tardive dyskinesia (TD) ရောဂါ၊ရိုးတွင်းချဉ်ဆီဆိုင်ရာပြဿနာမျာ်း(သွေးဖြူဥပမာဏနည်းခြင်းစသည်)၊ဆီးကျိတ်ရောင် ရောဂါ၊ဆီးသွားရခက်ခြင်း၊စိတ်ရောဂါတစ်မျိုးမျိုး (စိတ်ကျရောဂါစသည်)၊ adrenal ဂလင်းကင်ဆာ(pheocromocytoma) အစရှိသည့် ရောဂါများရှိလျှင်
  • ပန်းနာရင်ကျပ်၊အဆုတ်ပိုးဝင်သို့မဟုတ်အခြားအဆုတ်နှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများရှိလျှင်၊ရေတိမ်ရှိလျှင်၊သို့မဟုတ် ရေတိမ်ဖြစ်နိုင်ချေရှိလျှင်
  • အယ်လ်ဇိုင်းမား ရောဂါရှိလျှင်၊အသက်ကြီး၍သတိမေ့တတ်လျင်၊dopamine ကျဆင်းခြင်းကြောင့်ဖြစ်လာသော ခြေလက် တုန်ယင်၊ တောင့်တင်း၊နှေးကွေးကာ ဟန်ချက်မထိန်းနိုင်သော ရောဂါ (Parkinson disease)သို့မဟုတ်လျင်မြန်စွာဆိုးဝါးလာသော ဦးနှောက် နဲ့အာရုံကြောရောဂါ (Reye syndrome)ရှိလျှင်
  • သွေးတွင်း prolactin ဟော်မုန်းများနေလျှင်သို့မဟုတ်အချို့သောကင်ဆာများဖြစ်ဖူးလျှင် (ရင်သားကင်ဆာ၊ပန်ကရိယကင်ဆာ၊ပစ်ကျူထရီဂလင်းကင်ဆာ၊ဦးနှောက်ကင်ဆာစသည်) သို့မဟုတ်ရင်သားကင်ဆာဖြစ်နိုင်ချေရှိလျှင်။
  • သင့်ကျန်းမာရေးအခြေအနေမကောင်းလျှင်၊သင်သည် ပြင်းထန်သောအပူချိန်သို့မဟုတ်အချို့သောပိုးသတ်ဆေးများနှင့်အမြဲတစေထိတွေ့နေရသူဖြစ်လျှင်
  • အရက်စွဲနေလျှင်၊အရက်သောက်တတ်လျှင်၊အရက်ဖြတ်ဝေဒနာခံစားဖူးလျှင်
  • ကျောရိုးပင်မအာရုံကြောကြီးကိုဓါတ်မှန်ရိုက်သည့်စစ်ဆေးမှုခံယူဖူးလျှင်ခံယူနေရလျှင်
  • နှလုံးခုန်မမှန်စေသည့်ဆေးများကိုသုံးစွဲနေရလျှင်။ မည်သည့်ဆေးများသည်နှလုံးခုန်မမှန်ခြင်းကို ဖြစ်စေကြောင်းသင့်အနေနှင့်မသေချာပါကဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Prochlorperazine (ပရိုကလိုပါရာဇင်း ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Prochlorperazine (ပရိုကလိုပါရာဇင်း ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။

အောက်ပါလက္ခဏာများခံစားရပါက Prochlorperazine သောက်သုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နှင့်အမြန်ပြသပါ။

  • မျက်လုံး၊နှုတ်ခမ်း၊လျှာ၊မျက်နှာ၊လက်မောင်းနှင့်ခြေထောက်တို့အကြောလိုက်ခြင်း။
  • လက်၊ခြေတို့မချုပ်ထိန်းနိုင်အောင်တုန်ခါခြင်း၊သွားရည်ကျခြင်း၊မြိုချရခက်ခြင်း၊လမ်းကိုတဖြောင့်တည်းမလျှောက်နိုင်ခြင်း၊ခန္တာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း။
  • အဖျားကြီးခြင်း၊ကြွက်သားများမာတင်းနေခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ချွေးပျံခြင်း၊နှလုံးခုန်မမှန်ခြင်း၊မြန်ခြင်း။
  • မေ့လဲတော့မယောင်ခံစားရခြင်း။
  • တက်ခြင်း။
  • အသားရေ ဖြူဖျော့ခြင်း၊ သွေးထွက်လွယ်ခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ လည်ချောင်းနာခြင်း၊ တုပ်ကွေးလက္ခဏာများ ပြခြင်း။
  • ညဘက်အမြင်အာရုံအားနည်းခြင်း၊မိမိရှေ့တည့်တည့်တွင်ရှိသောအရာဝတ္ထုများကိုသာ မြင်ရခြင်း၊မျက်ရည်များကျနေခြင်း၊အလင်းရောင်ကိုမခံနိုင်ခြင်း။
  • ထင်ယောင်ထင်မှားဖြစ်ခြင်း (အမှန်တကယ်မရှိသည်များကို မြင်နေကြားနေရခြင်း)။
  • ပျို့ခြင်း၊ဗိုက်နာခြင်း၊အနီစက်များထွက်ခြင်း၊အသားဝါခြင်း။
  • ဆီးနည်းသွားခြင်းသို့မဟုတ်လုံးဝမသွားတော့ခြင်း။
  • ဖျားပြီးအဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း၊အကျိတ်များ ရောင်ခြင်း၊ကြွက်သားများနာကျင်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊အန်ခြင်း၊မူမမှန်သောအတွေးများအမူအကျင့်များ ပေါ်လာခြင်း၊အသားအရေအရောင်မမှန်ခြင်း။
  • နှလုံးခုန်နှေးခြင်း၊သွေးခုန်နှုန်းအားနည်းခြင်း၊သတိလစ်ခြင်း၊အသက်ရှုနှေးခြင်း(အသက်ရှုပင်ရပ်သွားနိုင်သည်)။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • မူးဝေထိုင်းမှိုင်းလေးလံခြင်း၊စိုးရိမ်ပူပန်မှုများခြင်း။
  • အမြင်ဝေဝါးခြင်း၊အာခြောက်ခြင်း၊နှာပိတ်ခြင်း။
  • နားထဲတွင်ဆူဆူညံညံအသံများကြားနေရခြင်း။
  • ခြေ၊လက်များ ဖောရောင်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်း။
  • မြုံခြင်း၊လိင်ဆက်ဆံရာတွင်အထွတ်အထိပ်သို့မရောက်နိုင်ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ရင်သားတင်းခြင်း၊အရည်များထွက်ခြင်း။
  • အနည်းငယ်ယားယံခြင်း၊အနီစက်များထွက်ခြင်း။
  • ခေါင်းကိုက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Prochlorperazine (ပရိုကလိုပါရာဇင်း ) နဲ့ ဓါတ်ပြုနိုင်သလဲ

Prochlorperazineဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အချို့ဆေးဝါးများသည် Prochlorperazine နှင့်ဓါတ်ပြုနိုင်သဖြင့်အကယ်၍သင်သည်အခြားဆေးဝါးများကိုသုံးစွဲနေရပါကသင့်ဆရာဝန်ကိုအသိပေးပါ။ အထူးသဖြင့်

-ဆရာဝန်ညွှန်ကြားချက်လိုသော/မလိုသော ဆေးအများအပြား (ဥပမာ။။ ဓါတ်မတည့်ခြင်းကိုကုသရာတွင်သုံးသော ဆေးများ၊သွေးခဲခြင်းနှင့်ဆိုင်သော ရောဂါများတွင်အသုံးပြုသော ဆေးများ၊ကင်ဆာဆေးများ၊ပိုးသတ်ဆေးများ၊အရောင်ကျဆေးများ၊အကိုက်အခဲပျောက်ဆေးများ၊နှလုံးဆေးများ၊သွေးတိုးကျဆေးများ၊အဆီကျဆေးများ၊နှလုံးခုန်မမှန်ခြင်းကိုကုသသောဆေးများ၊စိတ်ရောဂါကုဆေးများ၊ပျို့အန်ခြင်းကိုကုသသော ဆေးများ၊Parkinson disease ရောဂါတွင်သုံးသောဆေးများ၊အတက်ကျဆေးများ၊အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ဆေးများ၊ဆီးရောဂါအတွက်ဆေးများ)၊ဗီတာမင်အားဆေးများ၊သဘာဝအားဖြည့်ဆေးများ၊ဖြည့်စွက်စာများ (ဥပမာ။။ သဘာဝလက်ဖက်ရည်၊coenzyme Q10၊ကြက်သွန်ဖြူ၊ဂျင်ဆင်း၊ဂျင်ကိုမြစ်၊ St.John’s wort) တို့သည် Prochlorperazine နှင့်ဓါတ်ပြုနိုင်သည်။

သင်သောက်သုံးနေသော ဆေးဝါးသည် Prochlorperazine နှင့်ဓါတ်ပြုခြင်းရှိမရှိမသေချာပါကဆရာဝန်နှင့် မေးမြန်းဆွေးနွေးပါ။

အစားအသောက်တွေနဲ့ အရက်က Prochlorperazine (ပရိုကလိုပါရာဇင်း ) နဲ့ ဓါတ်ပြုနိုင်သလား

Prochlorperazineကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Prochlorperazine (ပရိုကလိုပါရာဇင်း ) နဲ့ ဓါတ်ပြုနိုင်သလဲ

Prochlorperazineဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Prochlorperazine (ပရိုကလိုပါရာဇင်း ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပြင်းထန်သောမူးဝေပျို့အန်ခြင်းအတွက်

ဆေးပြား ——>၅ – ၁၀မီလီဂရမ်ကိုတစ်နေ့လျှင်သုံးကြိမ်မှ လေးကြိမ်။

ဆေးတောင့်——->၁၅မီလီဂရမ်ကို ဝေဒနာခံစားရချိန်သို့မဟုတ်၁၀မီလီဂရမ်ကို၁၂နာရီခြားတစ်ခါ။ ပုံမှန် ဆေးပမာဏနှင့်မသက်သာသောလူနာများတွင်သာတစ်နေ့လျှင်၄၀မီလီဂရမ်ထက်ပို၍အသုံးပြုသင့်သည်။

စအိုထည့်ဆေးတောင့် ——->၂၅မီလီဂရမ်ကိုတစ်နေ့လျှင်နှစ်ကြိမ်။

အသားထိုးဆေး ———>၅ – ၁၀မီလီဂရမ်။ အကယ်၍လိုအပ်လျှင်၃နာရီသို့မဟုတ်၄နာရီခြားတစ်ခါထပ်ပေးနိုင်သည်။ စုစုပေါင်းဆေးပမာဏမှာတစ်နေ့လျှင်၄၀မီလီဂရမ်ထက်မများသင့်ပါ။

အကြောသွင်းဆေး ——->၂.၅ – ၁၀မီလီဂရမ်ကို 5mg/min နှုန်းထက်မမြန်စေဘဲ ဖြည်းဖြည်းသွင်းပေးရမည်။ တစ်ခါသွင်းလျှင်၁၀မီလီဂရမ်ထက်မပိုရ။ စုစုပေါင်းဆေးပမာဏမှာတစ်နေ့လျှင်၄၀မီလီဂရမ်ထက်မများသင့်ပါ။

ခွဲစိတ်ပြီးနောက် ပြင်းထန်သောမူးဝေပျို့အန်ခြင်းအတွက်

အသားထိုးဆေး——->၅ – ၁၀မီလီဂရမ်ကို မေ့ဆေးမပေးမီ၁နာရီသို့မဟုတ်၂နာရီအလိုတွင်ထိုးရမည်(လိုအပ်ပါကမိနစ်၃၀အတွင်းတကြိမ်ထပ်ပေးနိုင်သည်)။ သို့မဟုတ်ခွဲစိတ်စဉ်/ခွဲစိတ်ပြီးနောက်လက္ခဏာများကိုထိန်းချုပ်ရန် (လိုအပ်ပါကတကြိမ်ထပ်ပေးနိုင်သည်)။

အကြောသွင်းဆေး——–>၅ – ၁၀မီလီဂရမ်ကို မေ့ဆေးမပေးမီ၁၅မိနစ်သို့မဟုတ်မိနစ်၃၀အတွင်းအကြောသွင်းဆေးကို ဖြည်းညင်းစွာ ပေးရမည်။ သို့မဟုတ်ခွဲစိတ်စဉ်/ခွဲစိတ်ပြီးနောက်လက္ခဏာများကိုထိန်းချုပ်ရန် (လိုအပ်ပါကတကြိမ်ထပ်ပေးနိုင်သည်)။ တစ်ကြိမ်သွင်းလျှင်၁၀မီလီဂရမ်ထက်မပိုရ။ ဆေးသွင်းနှုန်းသည်တစ်မိနစ်လျှင်၅မီလီဂရမ်ထက်မပိုရ။

စိုးရိမ်ပူပန်စိတ်များခြင်းအတွက်

စိတ်ရောဂါမဟုတ်သောစိုးရိမ်စိတ်များခြင်းအတွက်

  • ဆေးပြား : ၅မီလီဂရမ်ကိုတစ်နေ့လျှင်၃ကြိမ်မှ၄ကြိမ်။
  • ဆေးတောင့် : ၁၅မီလီဂရမ်ကိုစတင်ပေးရမည်သို့မဟုတ်၁၀မီလီဂရမ်ကို၁၂နာရီခြားတခါ ပေးရမည်။
  • တနေ့လျှင်၂၀မီလီဂရမ်ထက်ပိုမပေးရသို့မဟုတ်၁၂ပတ်ထက်ပိုပြီးစွဲမသောက်ရ။

စိတ်ဝေဒနာများအတွက်

မပြင်းထန်သောစိတ်ဝေဒနာများအတွက်

  • ၅ – ၁၀မီလီဂရမ်ကိုတစ်နေ့လျှင်၃ကြိမ်မှ၄ကြိမ်

အတန်အသင့်မှ ပြင်းထန်သောစိတ်ဝေဒနာများအတွက်

  • သောက်ဆေး—–၁၀မီလီဂရမ်ကိုတစ်နေ့လျှင်၃ကြိမ်မှ၄ကြိမ်။ ရောဂါလက္ခဏာများသက်သာသွားသည်အထိသို့မဟုတ် ဘေးထွက်လက္ခဏာများစတင်ပေါ်ပေါက်လာသည်အထိ ဆေးပမာဏကို၂ရက်တခါ၊၃ရက်တခါတိုးသွားပါ။ အချို့လူနာများသည်တစ်နေ့လျှင်၅၀မှ၇၅မီလီဂရမ်ပမာဏသောက်ခြင်းဖြင့် ကျေနပ်လောက်သောအာနိသင်ကိုရရှိသည်။ ပိုဆိုးသောလူနာများတွင်အများဆုံးသုံးရသော ဆေးပမာဏမှာ၁၀၀ – ၁၅၀မီလီဂရမ် ဖြစ်သည်။
  • အသားထိုးဆေး——->အလွန်ဆိုးရွားသောလူနာများတွင်အလျှင်အမြန်အာနိသင်ရစေရန်ကနဦးဆေးပမာဏအဖြစ်၁၀ – ၂၀မီလီဂရမ်အားတင်ပါးထိုးဆေးအဖြစ်နက်နက်ထိုးပါ။ ထိုသို့ကနဦးဆေးထိုးပြီးနောက်လူနာအများစုတွင်အာနိသင် ကောင်းစွာပြလေ့ရှိပါသည်။ အကယ်၍လိုအပ်လျှင်၂နာရီခြားသို့မဟုတ်၄နာရီခြားတစ်ခါ (ပိုဆိုးလျှင်တစ်နာရီတစ်ခါ) ထပ်ပေးနိုင်သည်။၃ကြိမ်သို့မဟုတ်၄ကြိမ်ထက်ပိုထိုးရခြင်းမှာရှားပါသည်။ ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်ပြီးနောက်ထိုးဆေးနှင့်ပမာဏတူသို့မဟုတ်ပမာဏပိုများသော သောက်ဆေးသို့ ပြောင်းပါ။ အကယ်၍ (ရှားရှားပါးပါး) ထိုးဆေးကိုအချိန်ကြာမြင့်စွာပေးရမည်ဆိုပါက၁၀ – ၂၀မီလီဂရမ်ကို၄နာရီသို့မဟုတ်၆နာရီခြားတစ်ခါ ပေးပါ။

ကလေးတွေအတွက် Prochlorperazine (ပရိုကလိုပါရာဇင်း ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများတွင်ပမာဏအတန်သင့်ပေးလျှင်ပင်ကြွက်သားများ တောင့်တင့်ခြင်း၊ရုန်းခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း အစရှိသည့် လက္ခဏာများရနိုင်ခြေပိုများသဖြင့်အနည်းဆုံးပမာဏကိုသာအသုံးပြုပါ။

Prochlorperazine (ပရိုကလိုပါရာဇင်း ) ကိုဘယ်လိုရရှိနိုင်သလဲ

Prochlorperazineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

ဆေးပြား : ၅မီလီဂရမ်၊၁၀မီလီဂရမ်

ဆေးတောင့် : ၁၀မီလီဂရမ်၊၁၅မီလီဂရမ်

ထိုးဆေး : 2ml (5mg/ml) , 10ml (5mg/ml)

စအိုထည့်ဆေးတောင့် : ၂.၅မီလီဂရမ်၊၅မီလီဂရမ်၊၂၅မီလီဂရမ်

သောက်ဆေးအရည် : 5mg/ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်ခြင်း၏လက္ခဏာများမှာ

  • စိတ်တိုစိတ်ဆတ်ဒေါသထွက်ခြင်း
  • စိတ်မတည်မငြိမ်ဖြစ်ခြင်း
  • အိပ်မပျော်ခြင်း
  • မျက်နှာတွင်မည်သည့်ခံစားမှုမှမရှိခြင်း။
  • သွားရည်ကျခြင်း
  • တစ်ကိုယ်လုံးမထိန်းချုပ်နိုင်ဘဲတုန်ခါခြင်း။
  • လမ်းတရွတ်တိုက် လျှောက်ခြင်း။
  • အိပ်ငိုက်ခြင်း။
  • အချိန်အတော်ကြာသတိလစ်မေ့မျောခြင်း။
  • တက်ခြင်း။
  • နှလုံးခုန်မမှန်ခြင်း။
  • ဖျားခြင်း။
  • အာခြောက်ခြင်း။
  • ဝမ်းချုပ်ခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Prochlorperazineကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement