backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Piracetam (ပိုင်ရာစီတမ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Piracetam (ပိုင်ရာစီတမ်)

Piracetam (ပိုင်ရာစီတမ်) က ဦးနှောက်နဲ့ အာရုံကြောစနစ်အတွက် အလုပ်လုပ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အောက်ဆီဂျင်ပြတ်လပ်တာမျိုး မဖြစ်စေဖို့၊ မှတ်မိနိုင်စွမ်း နဲ့ သိမြင်မှုစွမ်းရည် ကောင်းစေဖို့ လုပ်ဆောင်ပေးတယ်လို့ ယူဆထားကြပါတယ်။

အသုံးပြုပုံများ

Piracetam (ပိုင်ရာစီတမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Piracetam (ပိုင်ရာစီတမ်)ကို အများဆုံးအသုံးပြုကြတာကတော့

  • သိမြင်မှုစွမ်းရည်ပိုင်းဆိုင်ရာ ပြဿနာ
  • ကြွက်သားတွေ အကြောလိုက်တာ
  • စာအရေးအဖတ်နဲ့ စာလုံးပေါင်းတာ မလုပ်နိုင်တာ
  • ချာချာလည်အောင် မူးတာ
  • အယ်လ်ဇိုင်းမား ရောဂါတွေအတွက် အသုံးပြုကြပါတယ်။

Piracetam (ပိုင်ရာစီတမ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးပြား ဖြစ်မယ်ဆိုရင် ဆေးကို ဝါးစားတာ၊ အမှုန့်ကြိတ်ပြီး ဖျော်သောက်တာမျိုး မလုပ်ဘဲ တစ်လုံးလုံးကို ရေတစ်ခွက် ဒါမှမဟုတ် သစ်သီးဖျော်ရည်နဲ့ သောက်ပေးပါ။ အစားနဲ့ တွဲသောက်လို့ ရသလို တွဲမသောက်လည်း ရပါတယ်။

အကြောဆေးကိုတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုင်စင်ရဆရာဝန်နဲ့ ထိုးရပါမယ်။ ကိုယ်တိုင် အကြောဆေး သွင်းတာမျိုး မလုပ်ရပါဘူး။

Piracetam (ပိုင်ရာစီတမ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Piracetam (ပိုင်ရာစီတမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Piracetamကို မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင် အထူးသဖြင့်
    • နှလုံးရောဂါ
    • ကျောက်ကပ်ရောဂါ
    • သွေးရောဂါ
    • ဦးနှောက်ထဲမှာ သွေးယိုစီးတာ
    • ကြွက်သားတွေက အထိန်းအကွပ်မရှိ လှုပ်ရှားတာ
    • ခွဲစိတ်ကုသမှု ခံယူဖို့ရှိနေမယ်ဆိုရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Piracetam (ပိုင်ရာစီတမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများ ရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ဒါကြောင့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် N ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Piracetam (ပိုင်ရာစီတမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။

  • ဓာတ်မတည့်ခြင်း
  • သွေးယိုစီးခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း၊ ချာချာလည်အောင်မူးခြင်း
  • စိတ်အတက်အကျဖြစ်ခြင်း
  • ခေါင်းမူးခြင်း
  • စိတ်ကျဝေဒနာခံစားရခြင်း
  • အားနည်းခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများ ခံစားရခြင်း
  • ဝမ်းလျှောခြင်း
  • ပျို့ခြင်း
  • ခေါင်းကိုက်ခြင်း စတာတွေပါ။

ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Piracetam (ပိုင်ရာစီတမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Piracetamက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • သိုင်းရွိုက်ဆေးတွေ (T3 and T4)
  • သွေးမခဲဆေး (ဥပမာ –  warfarin, heparin)
  • သွေးကျဲဆေး (ဥပမာ –  aspirin, enoxaparin)
  • Fat emulsion (ဥပမာ – ငါးကြီးဆီ)
  • NSAIDs အရောင်ကျဆေး
  • ဗီတာမင်အားဆေးတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Piracetamနဲ့ ဓာတ်ပြုနိုင်သလား

Piracetam (ပိုင်ရာစီတမ်)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Piracetamနဲ့ ဓာတ်ပြုနိုင်သလဲ

Piracetam (ပိုင်ရာစီတမ်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • နှလုံးရောဂါ
  • ကျောက်ကပ်ရောဂါ
  • သွေးရောဂါ
  • ဦးနှောက်ထဲမှာ သွေးယိုစီးတာ
  • ကြွက်သားတွေက အထိန်းအကွပ်မရှိ လှုပ်ရှားတာ
  • ခွဲစိတ်ကုသမှု ခံယူဖို့ရှိနေတာမျိုးပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

အတက်ရောဂါအတွက်

သောက်ဆေး : တစ်နေ့ကို 7.2 g ၂ ကြိမ် ကနေ ၃ ကြိမ် ခွဲသောက်ပေးလို့ ရပါတယ်။ ၃ ရက် ကနေ ၄ ရက် ကြာပြီးတိုင်းမှာ တစ်နေ့ကို  4.8 g တိုးသွားလို့ ရပါတယ်။ အများဆုံးအနေနဲ့ တစ်နေ့ကို 24 gကို ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး သောက်ပေးလို့ ရပါတယ်။

အကြောဆေး : စစချင်းမှာ တစ်နေ့ကို 7.2 g ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး သွင်းပေးပါ။ ၃ ရက် ကနေ ၄ ရက်ကြာပြီးတိုင်းမှာ  4.8 g တိုးသွားလို့ ရပါတယ်။ အများဆုံး အနေနဲ့ တစ်နေ့တာကို 24 g ပါ။

မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက်

သောက်ဆေး: တစ်နေ့ကို 2.4 g ကို ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး အသုံးပြုပေးလို့ ရပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် တစ်နေ့တာကို 4.8 gအထိ အသုံးပြုပေးလို့ ရပါတယ်။

အကြောဆေး : တစ်နေ့ကို 2.4 g ကို ၂ ကြိမ် ကနေ ၃ ကြိမ်ခွဲပြီး အသုံးပြုပေးလို့ ရပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေဆိုရင် : တစ်နေ့ကို 4.8 g ဒါမှမဟုတ် ဒီထက်ပိုများများ ပေးလို့ ရပါတယ်။

ကလေးတွေအတွက် Piracetamရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေအတွက် သောက်သုံးရမယ့် အချိုးအစားကို သတ်မှတ်ထားခြင်း မရှိပါ။ ကလေးတွေမှာ သောက်ဖို့ စိတ်ချရသလားဆိုတာ မသိရသေးပါ။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုတဲ့ အကြောင်းအရာတွေကို သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Piracetam (ပိုင်ရာစီတမ်) ကိုဘယ်လိုရရှိနိုင်သလဲ

piracetam ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးပြား၊ film-coated: 800 mg, 1200 mg
  • ဆေးတောင့် : 400 mg
  • ဆေးရည်: 12 g/60 ml
  • ထိုးဆေးရည် : 1 g/5mL, 3 mg/15 mL ပါ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Piracetam ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement