backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Melatonin (မယ်လတိုနင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Melatonin (မယ်လတိုနင်)

Melatonin (မယ်လတိုနင်) ဆိုတာ အိပ်စက်မှုတွေ၊ နိုးထမှုတွေ ဖြစ်ပေါ်စေတဲ့ စက်ဝန်း (ဇီဝနာရီ) ကို ထိန်းချုပ်ရာမှာ ထောက်ကူပေးနိုင်စေဖို့ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်က ဒီဟော်မုန်းကို ည၁၁နာရီကနေ မနက် ၃နာရီထိပဲ ထုတ်ပေးပါတယ်။ ဒါကြောင့် ညဆိုအိပ်ချင်ပြီး မနက်ဆို လန်းနေတာပါ။

ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ဒီဟော်မုန်းထွက်တာနည်းသွားပါတယ်။ ဒါကြောင့် လူကြီးတွေက အအိပ်အနေနည်းတာပါ။ လူငယ်တွေကျတော့လည်း စားသောက်နေထိုင်ပုံတွေ၊ ရောဂါအခံတွေကြောင့် ညဘက်ဆို ဟော်မုန်းကောင်းကောင်း မထွက်တော့ပါဘူး။ ဒါကြောင့် အိပ်စက်ရခက်လာပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ထဲက Melatonin (မယ်လတိုနင်) ပမာဏကို ထိန်းညှိဖို့၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဖြည့်စွက်ဆေးတွေ သောက်လာကြပါတယ်။ ဒီဟော်မုန်းကို ပုံစံတူပြီး ဆေးဝါးအနေနဲ့ ထုတ်လုပ်ထားတာ ရှိပါတယ်။  ဖြည့်စွက်အိပ်ဆေး က ပုံမှန်အားဖြင့်တော့ OTC ဖြစ်တာကြောင့် ဆေးညွှန်းမလိုဘဲ ဝယ်ယူလို့ ရပါတယ်။

အသုံးပြုပုံများ

Melatonin (မယ်လတိုနင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Melatonin (မယ်လတိုနင်)ကို များသောအားဖြင့် :

  • လေယာဉ် အကြာကြီးစီးတာကြောင့် အိပ်စက်မှု အနှောင့်အယှက်ဖြစ်တဲ့ ဖြစ်စဉ်ကို သက်သာစေဖို့
  • အမြင်အာရုံချို့တဲ့သူတွေမှာ အိပ်စက်မှု မှန်စေဖို့
  • ညဆိုင်းဆင်းရတာကြောင့် အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ မခံစားရစေဖို့
  • ညဘက် အိပ်မပျော်တာတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။

အိပ်မပျော်တိုင်း ဒီဆေးသောက်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် လိုမလိုဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Melatonin (မယ်လတိုနင်) ဘယ်လိုသောက်သုံးသင့်သလဲ

Melatonin (မယ်လတိုနင်)ကို သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးပမာဏကို အတိအကျသိရှိရန် ဆေးပေါ်ရှိ အညွှန်းကို သေချာ ဖတ်ရှုသင့်ပါတယ်။ လိုအပ်တာထက် ပိုမို သုံးစွဲတာမျိုး မလုပ်ရပါဘူး။

Melatoninကို သောက်ဆေးအနေနဲ့ သောက်သုံးနိုင်ပါတယ်။ ဆေးကို ပျော်သွားတဲ့အထိ ငုံထားပြီးမှ ရေသောက်ချပါ။ ဆေးသောက်တဲ့အခါ ဆေးကို ဝါးစားတာ၊ ချိုးချေပြီး သောက်တာ၊ အရည်ဖျော်ပြီး သောက်တာတွေ မလုပ်ရပါဘူး။

သဘာဝဖြည့်စွက်ပစ္စည်းများကို အသုံးပြုတော့မယ်ဆိုရင် ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။ ဖြည့်စွက်ပစ္စည်းများ၊ ဆေးများ နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးရန်လည်း လိုပါလိမ့်မယ်။

ပထမဆုံးသောက်သုံးမှုမှာ ပမာဏ အနည်းဆုံးမှ စတင် အသုံးပြုပါ။ Melatoninကို ညအိပ်ရာဝင်ခါနီးအချိန် သို့မဟုတ် အိပ်ခါနီးတွင် သောက်ပါ။ တကယ်လို့ melatonin ကို (လေယာဉ်ကြာမြင့်စွာ စီးရသဖြင့် နေ့ညကမောက်ကမဖြစ်ခြင်း) jet lag အတွက် အသုံးပြုမယ်ဆိုရင် သွားသည့် ခရီးရောက်ပြီး စအိပ်သည့်ညတွင် စတင်သောက်ရပါမယ်။ ပြီးရင်  နောက်ထပ် နှစ်ရက်မှ ငါးရက်အထိ ဆက်သောက်ပေးရပါမယ်။

တကယ်လို့ အိပ်စက်ခြင်းနဲ့မဆိုင်တဲ့ ပြဿနာများအတွက် melatoninကို သုံးစွဲပါကဆေးညွှန်း၊ ဆေးသောက်ရမယ့် အချိန်တို့ကို ဆရာဝန်နဲ့ အသေးစိတ်မေးမြန်းပါ။

ဆေးသောက်နေပေမယ့် တိုးတက်လာတာမျိုး မရှိဘူးဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။

Melatonin (မယ်လတိုနင်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Melatonin (မယ်လတိုနင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Melatonin နဲ့ဓာတ်မတည့်ရင်
  • ဆီးချိုရောဂါ ရှိရင်
  • စိတ်ကျဝေဒနာရှိရင်
  • သွေးရောဂါများရှိရင် (ဥပမာ။ ။ သွေးမတိတ်ရောဂါ)
  • သွေးပေါင်ကျတတ်ရင်
  • သွေးတိုးရှိရင်
  • အတက်ရောဂါ ရှိရင်
  • ခုခံအားထိန်းဆေးတွေ သောက်နေရရင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Melatonin (မယ်လတိုနင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Melatonin (မယ်လတိုနင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • နေ့ပိုင်းမှာ အိပ်ငိုက်တာ
  • စိတ်ဓာတ်ကျတာ
  • စိတ်တိုလွယ်တာ
  • ဗိုက်အောင့်ဗိုက်နာ
  • ခေါင်းကိုက်တာတွေပါ။

ဒီထက်ပိုဆိုးတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • သွေးယိုတာ
  • သွေးတွင်းသကြားဓာတ်တက်တာ
  • ပြင်းထန်စိတ်ကျဝေဒနာ
  • သွေးတိုးတာ
  • တက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေနဲ့ ဓာတ်ပြုနိုင်သလဲ

Melatonin (မယ်လတိုနင်)က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • အခြားအိပ်ဆေး
  • စိတ်ရောဂါကုသဆေး
  • စိတ်ငြိမ်ဆေး
  • အကိုက်အခဲပျောက်ဆေး
  • ကြွက်သားပြေလျော့ဆေး
  • အတက်ကျဆေး
  • ပိုးသတ်ဆေး
  • အက်စပရင်နဲ့ ပါရာစီတမော
  • အင်ဆူလင်နဲ့ ဆီးချိုဆေး
  • သွေးတိုးကျဆေး
  • တားဆေးသောက်ဆေး
  • အစာအိမ်ဆေး
  • သွေးကျဲဆေး
  • စတီးရွိုက်

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Melatoninနဲ့ ဓာတ်ပြုနိုင်သလား

Melatoninက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Melatoninနဲ့ ဓာတ်ပြုနိုင်သလဲ

Melatoninက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ဆီးချိုရောဂါ
  • စိတ်ကျဝေဒနာ
  • သွေးရောဂါများ (ဥပမာ။ ။ သွေးမတိတ်ရောဂါ)
  • သွေးပေါင်ကျတာ
  • သွေးတိုးတာ
  • အတက်ရောဂါများ ရှိမယ်ဆိုရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

အကြမ်းအားဖြင့်တော့ ဆေးညွှန်းအတိုင်းသောက်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး ကွာခြားနိုင်တဲ့အတွက် မိမိမှာ ရောဂါအခံ၊ သောက်လက်စဆေးတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

ကလေးတွေအတွက် ဆေးပမာဏ တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု မရှိပါဘူး။ ဆေးတွေကို အသုံးပြုရာမှာ ဘေးကင်းစေဖို့အတွက် ဘယ်လို သောက်သုံးရမလဲဆိုတာကို သေသေချာချာ နားလည်ဖို့ လိုပါမယ်။ ဆေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေကို သေချာလေး ဆွေးနွေးဖို့ လိုပါမယ်။

Melatonin (မယ်လတိုနင်) ကိုဘယ်လိုရရှိနိုင်သလဲ

Melatonin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့် : ၁၊ ၃၊ ၅ မီလီဂရမ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Melatoninကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement