backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Metformin (မက်ဖော်မင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Metformin (မက်ဖော်မင်)

ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်များတာကြောင့် နောက်ဆက်တွဲပြဿနာတွေ ခံစားရလေ့ရှိပါတယ်။ Metformin (မက်ဖော်မင်) မှာ biguanides အမျိုးအစားဖြစ်ပြီး ဆီးချိုလူနာများ သွေးတွင်းသကြားဓာတ်ထိန်းရန်အတွက် အသုံးများသော ဆေးဖြစ်ပါတယ်။

အသုံးပြုပုံများ

Metformin (မက်ဖော်မင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Metformin ကို ဆီးချိုထိန်းနိုင်ရန်အတွက် အစားအသောက်၊ လေ့ကျင့်ခန်းများအပြင် အခြားသော ဆီးချိုဆေးများနဲ့လည်း တွဲဖက်ပြီး သုံးလေ့ရှိပါတယ်။ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုလူနာများတွင် အသုံးများတဲ့ ဆေးဖြစ်ပါတယ်။

Metforminက အသည်းက ထုတ်လုပ်တဲ့ ဂလူးကို့စ်ပမာဏကို နည်းစေသလို အစာအိမ်/အူတို့က စုပ်ယူတဲ့ ဂလူးကို့စ်ပမာဏကိုလည်း နည်းစေပါတယ်။ ဒါ့ပြင် ဆဲလ်တွေက အင်ဆူလင်တုံ့ပြန်မှုကိုလည်း ကောင်းစေပါတယ်။

ဒါ့ပြင် Metformin ကို ဆီးချိုဖြစ်နိုင်ချေများတဲ့သူတွေမှာ တကယ့်ဆီးချိုအဆင့်ကို ‌ရောက်မသွားအောင် အစားအသောက်အနေအထိုင် ပြောင်းလဲမှုများနဲ့  ပူးတွဲသုံးစွဲနိုင်ပါတယ်။

သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစုဖြစ်တဲ့ polycystic ovarian syndrome မှာလည်း Metformin ကို သုံးနိုင်ပါတယ်။ Metforminက ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်တဲ့အပြင် အင်ဆူလင်တုံ့ပြန်မှုကိုလည်း ကောင်းစေပါတယ်။ ဒီအချက်တွေက ဓမ္မတာမမှန်တာ၊ ကလေးမရနိုင်တာကို သွယ်ဝိုက်ပြီး သက်သာစေပါတယ်။

Metformin (မက်ဖော်မင်) ဘယ်လိုသောက်သုံးသင့်သလဲ

Metformin ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း (အများအားဖြင့် တနေ့ ၁ကြိမ်မှ ၃ကြိမ်) အစာနဲ့ နီးတဲ့အချိန်တွင် သောက်ရပါမယ်။ ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိရင် ဆေးကို ရေများများနဲ့ သောက်ပါ။

ဆေးအာနိသင် အများဆုံးနဲ့ အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်တိုင်းပြီး ရလဒ်များကို မှတ်ထားပြီး ပြန်ပြပါ။ သွေးတွင်း သကြားဓာတ် အလွန်များနေရင် သို့မဟုတ် အလွန်နည်းနေရင် သင့်ဆေးပမာဏကို ချိန်ညှိဖို့ လိုနိုင်ပါတယ်။

Metformin (မက်ဖော်မင်) ဘယ်လိုသိမ်းဆည်းရမလဲ

Metformin ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Metformin (မက်ဖော်မင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Metformin မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • Diet လုပ်နေတာ ဒါမှမဟုတ် လေ့ကျင့်ခန်းတစ်ခုခုလုပ်နေတာ (ဥပမာ အချိန်ပိုင်း အစာအငတ်ခံတာ၊ ကာဘိုဟိုက်ဒရိတ် လျှော့စားနေတာ)
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆီးချိုဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Metformin (မက်ဖော်မင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Metformin ကို ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင်ဆီးချို ဒါမှမဟုတ် နဂိုဆီးချိုရှိပြီးသား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုထိန်းဖို့အတွက် သုံးနိုင်ပါတယ်။ များသောအားဖြင့် အန္တရာယ်ကင်းပြီး ထိရောက်မှုလည်း ရှိပါတယ်။

ဒါပေမယ့် ရေရှည်မှာ မိခင်နဲ့ ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတာကိုတော့ လေ့လာနေဆဲပဲ ဖြစ်ပါတယ်။

ဒီဆေးက မိခင်နို့ထဲမှာလည်း ပမာဏအနည်းငယ် ပါနိုင်ပါတယ်။ မပြောပလောက်တဲ့ ပမာဏဖြစ်ပေမယ့် နို့တိုက်မိခင်တွေက ဆေးသောက်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Metformin (မက်ဖော်မင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်တာ
  • အားမရှိသလို ခံစားရတာ
  • ပျို့တာ
  • အန်တာ
  • ဝမ်းလျှောတာ
  • ဗိုက်အောင့်တာတွေပဲ ဖြစ်ပါတယ်။

ဓာတ်မတည့်တဲ့သူတွေမှာ ဆိုရင်တော့ အသားယားတာ၊ အရေပြားမှာ အနီကွက်တွေ ထွက်တာ၊ မျက်နှာအမ်းတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။

Metformin သောက်တဲ့သူတွေ နောက်ထပ်သတိထားရမယ့် ဆိုးကျိုးကတော့ lactic acidosis ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ လက်တစ်အက်စစ်တွေ များလာတာဖြစ်ပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ Lactic acidosis က ဖြည်းဖြည်းချင်း ဖြစ်လာပြီး ကြာလေ ဆိုးလေ ဖြစ်တတ်ပါတယ်။

Lactic acidosis ရဲ့ အောက်ပါ လက္ခဏာတွေ ခံစားရတဲ့အခါ ဆေးရုံကို အရေးပေါ် သွားဖို့ လိုပါတယ်။

  • ကြွက်သားတွေနာတာ၊ အားနည်းတာ
  • ခြေလက်တွေ ထုံပြီး အေးနေတာ
  • အသက်ရှူရခက်တာ
  • ခေါင်းထဲမှာ ချာချာလည်အောင် မူးနေတာ
  • ဗိုက်အောင့်ပြီး ပျို့အန်တာ
  • နှလုံးခုန်မမှန်တာတွေ ခံစားရနိုင်ပါတယ်။

ဆေးသောက်ရင်း ဒီလက္ခဏာတွေ ပြလာရင်လည်း ဆရာဝန်နဲ့ မြန်မြန်ပြဖို့ လိုပါတယ်။

  • အသက်ရှူမဝတာ
  • ခန္ဓာကိုယ်တစ်ခုလုံး ဖောရောင်တာ
  • ချမ်းတုန်ဖျားတာ
  • ကိုယ်လက်ကိုက်တာတွေပဲ ဖြစ်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Metformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Metformin က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

အောက်ပါ ဆေးများက သွေးတွင်းသကြားဓာတ်ကို တက်စေနိုင်ပါတယ်။ ဒီဆေးတွေကို Metformin နဲ့ တွဲသောက်မိမယ်ဆိုရင် သွေးတွင်းသကြားဓာတ်တက်လာနိုင်ပါတယ်။ ဒါတွေကတော့

  • Isoniazid
  • ဆီးဆေးများ
  • စတီးရွိုက် (prednisone and others)
  • နှလုံး သို့မဟုတ် သွေးကျဆေးများ (cartia, cardizem, covera, isoptin, verelan, and others);
  • Niacin (advicor, niaspan, niacor, simcor, slo-niacin, and others);
  • Phenothiazines (compazine and others);
  • Thyroid medicine (synthroid and others);
  • ပဋိသန္ဓေတားဆေးနဲ့ အခြား ဟော်မုန်းဆေးများ
  • အတက်ရောဂါတွင် သုံးသောဆေးများ (dilantin and others); and
  • ပိန်ဆေးများ သို့မဟုတ် အအေးမိနှာဆေး၊ ဓာတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ကို ကုသသော ဆေးများ

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

ဒါ့ပြင် ဓာတ်မှန် ဒါမှမဟုတ် ကွန်ပျူတာဓာတ်မှန်ရိုက်ရမယ်ဆိုရင် Metformin သောက်နေကြောင်း ဆရာဝန်ကို ကြိုပြီး အသိပေးထားဖို့ လိုပါတယ်။ ဒီဓာတ်မှန်တွေမှာ အသုံးပြုတဲ့ dyeတွေနဲ့ ဓာတ်ပြုမှု ရှိနိုင်တာကြောင့်ပါ။

အစားအသောက်တွေနဲ့ အရက်က Metformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလား

Metformin အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။  မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Metformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Metformin က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

အမျိုးအစား-၂ ဆီးချိုရောဂါအတွက်

စစချင်းမှာ film coated tablets 500- 850 mg တစ်နေ့ကို ၁ကြိမ်မှ ၃ကြိမ် (အများဆုံး 2250-3000mgကို ၃ကြိမ် ခွဲသောက်နိုင်ပါတယ်။)

ဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ဆေးဆိုရင်တော့ 500-1000 mg တစ်နေ့ တစ်ကြိမ် (တစ်နေ့ကို အများဆုံး 1500-2000 mg သောက်နိုင်ပါတယ်။)

၇-၁၅ရက်ကြာတဲ့အခါ ဆေးပမာဏကို လိုအပ်ရင် ထပ်တိုးရနိုင်ပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

အသက် ဆယ်နှစ်နဲ့ အထက် အမျိုးအစား- ၂ ဆီးချိုရောဂါအတွက်

စစချင်းမှာ တစ်ရက်ကို 500-850 mg တိုက်နိုင်ပါတယ်။ ၁ပတ်ကနေ ၁၀-၁၅ရက်ကြာတဲ့အခါ ဆေးကို လိုသလို ဖြည်းဖြည်းချင်းတိုးနိုင်ပါတယ်။ တစ်ရက်တာအတွက် အများဆုံး ပမာဏမှာ 2000 mgဖြစ်ပြီး ၂-၃ကြိမ် ခွဲသောက်နိုင်ပါတယ်။

ကျောက်ကပ်မကောင်းသူများအတွက် အသုံးပြုရမယ့်ပမာဏ

  • eGFR <30 mL/min: ပေးလေ့မရှိပါ။
  • eGFR 30-44 mL/minute: တစ်ရက်ကို အများဆုံး 1000 mg
  • eGFR 45 – 59 mL/minute: တစ်ရက်ကို အများဆုံး 2000 mg
  • eGFR 60 -89 mL/min: film coated tablets ဆို တစ်ရက်ကို 3000 mg၊ ဖြည်းဖြည်းချင်းအာနိသင်ပြတဲ့ ဆေးပြားဆို တစ်ရက် 2000 mg

ဆေးပမာဏများကို တစ်ရက်မှာ ၂-၃ကြိမ် ခွဲသောက်ရပါမယ်။

Metformin (မက်ဖော်မင်) ကိုဘယ်လိုရရှိနိုင်သလဲ

Metformin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား : ၅၀၀၊ ၁၀၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Metformin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement