backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Meclizine (မက်ကလီဇင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Meclizine (မက်ကလီဇင်း)

Meclizine (မက်ကလီဇင်း) ကို meclozine လို့လည်း အသိများပါတယ်။ ချာချာလည်အောင် မူးတာ၊ ကားမူးတာ၊ ပျို့တာ၊ အန်တာအတွက် အသုံးပြုနိုင်ပါတယ်။ Antihistamineဆေး အမျိုးအစားဖြစ်ပြီး ဓာတ်မတည့်ပြဿနာများမှာ အသုံးပြုတဲ့ cetirizine နဲ့ levocetirizine တို့နဲ့ ဓာတုပုံစံချင်း တူပါတယ်။

Meclizine က histamineထွက်တာကို ပိတ်လိုက်တဲ့အတွက် သွေးဖိအားထိုးကျသွားတာကို ကာကွယ်ပေးနိုင်ပါတယ်။ နားအလယ်ပိုင်းမှာရှိတဲ့ labyrinthအခွေလေးတွေရဲ့ တုံ့ပြန်မှုကို နည်းစေပြီး  ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပေးတဲ့ vestibular-cerebellar လမ်းကြောင်းက ဓာတ်ကူးတာကို ပိတ်ပင်ပေးပါတယ်။ ဒါကြောင့် တိုတိုပြောရရင် Meclizineက ခန္ဓာကိုယ်ဟန်ချက်ပျက်တာကို ထိန်းပေးနိုင်ပါတယ်။

အသုံးပြုပုံများ

Meclizine (မက်ကလီဇင်း) ကို ဘာအတွက် အသုံးပြုကြသလဲ

Meclizineကို ကားမူးခြင်းကြောင့်ဖြစ်တဲ့ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်းကို သက်သာစေရန်၊ ကာကွယ်ရန်အတွက် သုံးပါတယ်။ နားအတွင်းပိုင်းပြဿနာများကြောင့်ဖြစ်တဲ့ မူးဝေခြင်း၊  ဟန်ချက်မထိန်းနိုင်ခြင်း၊ ချာချာလည် မူးခြင်းကို သက်သာစေရန်လည်း သုံးနိုင်ပါတယ်။

Meclizine မှာ တခြားအညွှန်းနဲ့ မဆိုင်ဘဲ သုံးနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ဆိုရင် အသုံးပြုနိုင်ပါတယ်။

Meclizine (မက်ကလီဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးအညွှန်းမှာပါတဲ့ လမ်းညွှန်ချက် အားလုံးကို လိုက်နာပါ။ ဆေးကို ညွှန်ကြားထားတာထက် ပမာဏတိုးပြီး၊ လျှော့ပြီး သို့မဟုတ် အချိန်ကြာကြာ မသောက်ပါနဲ့။

ဝါးစားနိုင်တဲ့ ဆေးပြားများကို မျိုမချမီ သေချာဝါးပါ။

ကားမူးခြင်း မဖြစ်အောင် ဆေးကို ခရီးမထွက်ခင် ၁ နာရီအလိုတွင် သောက်ပါ။ ခရီးသွားနေစဉ် နောက်ထပ် ကားမူးတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ ၂၄နာရီကို တစ်ကြိမ် သောက်နိုင်ပါတယ်။

ကားမူးတာကို ကုသဖို့ဆိုရင်တော့ တစ်နေ့အတွင်းမှာ အကြိမ်များများသောက်ရနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပေးပါ။

ဒီဆေးက ဓာတ်မတည့်ခြင်း ရှိမရှိ အရေပြားပေါ်မှာ စမ်းသပ်ချက်ရလဒ်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီစမ်းသပ်ချက်လုပ်မယ်ဆိုရင် Meclizineသောက်နေကြောင်း ဆရာဝန်ကို ကြိုပြောပြပါ။

Meclizine (မက်ကလီဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်အသိပေးချက်နှင့် သတိပြုရန်အချက်များ

Meclizine (မက်ကလီဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်
  • အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါ၊ ပန်းနာရင်ကျပ်၊ ရေတိမ်၊ ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပြဿနာများ ရှိနေရင်

ဒီဆေးက သင့်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီး မူးဝေစေပါတယ်။ Meclizine ဒါမှမဟုတ် တခြား antihistamineကို သောက်ထားတဲ့အခါ ကားမောင်းတာမျိုး ဒါမှမဟုတ် အကြီးစားစက်ပစ္စည်းတွေ ကိုင်တွယ်တာမျိုးကို ရှောင်သင့်ပါတယ်။

အရက်သောက်တာကလည်း ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေနိုင်ပါတယ်။

အအေးမိ ဒါမှမဟုတ် ဓာတ်မတည့် သက်သာဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊ မူးယစ်ဆေးပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အိပ်ဆေးတွေ၊  ကြွက်သားပြေလျော့စေတဲ့ ဆေးတွေ၊ အတက်ကျဆေးတွေ၊ စိတ်ရောဂါကုဆေးတွေက Meclizineရဲ့ အိပ်ချင်စေတဲ့ အာနိသင်ကို ပိုဆိုးစေပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Meclizine (မက်ကလီဇင်း) ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Meclizine (မက်ကလီဇင်း) ကိုအသုံးပြုခြင်းကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ခေါင်းကိုက်ခြင်း
  • အမြင်ဝေဝါးခြင်း
  • ပါးစပ် ခြောက်ခြင်း
  • မောပန်းသလို ခံစားရခြင်း
  • ငိုက်မျဉ်းခြင်း

ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်တဲ့ အင်ပျဉ်ထွက်တာ၊ အသက်ရှူရခက်တာ၊ မျက်နှာတွေ အမ်းတာ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတွေ ဖောရောင်လာရင် အရေးပေါ်ဆေးကုသမှု ခံယူပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Meclizine (မက်ကလီဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Meclizineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဘယ်ဆေးကိုမှ စသောက်တာ၊ ရပ်တာ၊ ဆေးအတိုးအလျှော့လုပ်တာတွေ မလုပ်ရပါဘူး။

ဒီဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ ဆေးတွေကတော့

  • Cinacalcet
  • Quinidine
  • Terbinafine
  • စိတ်ကျရောဂါကုဆေးများ (bupropion, duloxetine, fluoxetine, paroxetine, sertraline)

အစားအသောက်တွေနဲ့ အရက်က Meclizine (မက်ကလီဇင်း) နဲ့ ဓာတ်ပြုနိုင်သလား

Meclizineကို အရက်နဲ့ တွဲသောက်မယ်ဆိုရင် အာရုံကြောလှုံ့ဆော်မှု ကျဆင်းစေတာကြောင့် တွဲမသောက်သင့်ပါ။ ဒါ့ပြင် အတူတွဲသောက်မယ်ဆိုရင် မူးဝေတာလည်း ပိုဆိုးနိုင်ပါတယ်။ Meclizineကို အစာစားပြီး ဒါမှမဟုတ် အစာမခံဘဲ သောက်နိုင်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Meclizine (မက်ကလီဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Meclizine က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်

ဒီဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကတော့

  • ပန်းနာရင်ကျပ်
  • ဆီးကျိတ်ကြီးခြင်း
  • ရေတိမ်
  • ကျောက်ကပ် ရောဂါ
  • အသည်း ရောဂါ
  • ဆီးလမ်းကြောင်းရောဂါများပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

  • ချာချာလည် မူးခြင်းအတွက်

သောက်ဆေး ၂၅-၁၀၀ မီလီဂရမ် တစ်ရက်တာအတွင်း ပမာဏခွဲသောက်ရန်

ဆေးပမာဏမှာ လက္ခဏာသက်သာမှုရှိမရှိအပေါ် မူတည်ပါတယ်။

အသုံးပြုပုံ :  နားအတွင်းပိုင်းရှိ အစိတ်အပိုင်းများကို ထိခိုက်စေသည့် ရောဂါများကြောင့် ချာချာလည်အောင် မူးခြင်းအတွက် သုံးနိုင်ပါတယ်။

  • ကားမူးခြင်းအတွက်

ကနဦးပမာဏ : ခရီးမသွားခင် ၁နာရီအလို ၂၅-၅၀ မီလီဂရမ် သောက်ဆေး

ဆက်သောက်နိုင်သည့်ပမာဏ : ၂၄နာရီအတွင်း လိုအပ်ရင် ထပ်သောက်နိုင်ပါတယ်။

အသုံးပြုပုံ : ကားမူးခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနဲ့ ခေါင်းမူးခြင်းများ သက်သာစေရန် အသုံးပြုနိုင်ပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

  • ချာချာလည် မူးခြင်းအတွက်

အသက် ၁၂နှစ်နဲ့အထက်။

သောက်ဆေး ၂၅-၁၀၀ မီလီဂရမ် တစ်ရက်တာအတွင်း ပမာဏခွဲသောက်ရန်

ဆေးပမာဏမှာ လက္ခဏာသက်သာမှုရှိမရှိအပေါ် မူတည်ပါတယ်။

အသုံးပြုပုံ :  နားအတွင်းပိုင်းရှိ အစိတ်အပိုင်းများကို ထိခိုက်စေသည့် ရောဂါများကြောင့် ချာချာလည်အောင် မူးခြင်းအတွက် သုံးနိုင်ပါတယ်။

  • ကားမူးခြင်းအတွက်

အသက် ၁၂နှစ်နဲ့အထက်။

ကနဦးပမာဏ : ခရီးမသွားခင် ၁နာရီအလို ၂၅-၅၀ မီလီဂရမ် သောက်ဆေး

ဆက်သောက်နိုင်သည့်ပမာဏ : ၂၄နာရီအတွင်း လိုအပ်ရင် ထပ်သောက်နိုင်ပါတယ်။

အသုံးပြုပုံ : ကားမူးခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနဲ့ ခေါင်းမူးခြင်းများ သက်သာစေရန် အသုံးပြုနိုင်ပါတယ်။

Meclizine (မက်ကလီဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Meclizine ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါတယ်။

  • ဆေးပြား သောက်ဆေး- ၂၅ မီလီဂရမ်။

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement