backup og meta

Local Anaesthetic (ထုံဆေး)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထုံဆေးဆိုတာ ဘာလဲ။

    ခွဲစိတ်မှုခံယူနေတဲ့အချိန်မှာ နာကျင်ခြင်းကို မသိစေဖို့အတွက် ထုံဆေး၊မေ့ဆေးအမျိုးမျိုးကို အသုံးပြုရပါတယ်။ ကြောရိုးပင်မအာရုံကြောကြီးထဲ ထိုးထည့်တဲ့ ဆေးတွေနဲ့ အာရုံကြောထဲကို တိုက်ရိုက်ထိုးထည့်တဲ့ ဆေးတွေဆိုပြီး အမျိုးမျိုး ရှိပါတယ်။

    ထုံဆေးကတော့ သင့်ခန္ဓါကိုယ်ရဲ့ နေရာတနေရာမှာ အထိအတွေ့ခံစားချက်ကို မသိရှိစေဖို့အတွက် အဆိုပါနေရာက တစ်ရှူးထဲ ဆေးထိုးခြင်းကို ဆိုလိုပါတယ်။ ဒီလိုဆိုရင် သင့်အာရုံကြောတွေ အလုပ်လုပ်တာ ယာယီရပ်ဆိုင်းသွားမှာဖြစ်တာကြောင့် နာကျင်မှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။

    အရိုးရှင်းဆုံးအသုံးပြုတဲ့ ပုံစံကတော့ ခွဲစိတ်မယ့်နေရာတဝိုက်ကို ထုံဆေးထိုးခြင်းပဲ ဖြစ်ပါတယ်။ တခါတလေ လိုအပ်ရင် လက် ဒါမှမဟုတ် ခြေထောက်မှာရှိတဲ့ အာရုံကြောတွေအားလုံးကို ထုံသွားအောင် လုပ်နိုင်ပြီး ဒီလိုလုပ်တာကို အာရုံကြောပိတ်ဆို့ခြင်းလို့ ခေါ်ပါတယ်။

    ထုံဆေးကို ဘာလို့ အသုံးပြုတာလဲ။

    ခွဲစိတ်ဆရာဝန်တွေ၊သွားဆရာဝန်တွေ၊မေ့ဆေးဆရာဝန်တွေ နဲ့ အထွေထွေရောဂါကုဆရာဝန်တွေ အနေနဲ့ အသေးစားခွဲစိတ်မှုတွေ ပြုလုပ်တဲ့အခါ ထုံဆေးကို အသုံးပြုလေ့ရှိပါတယ်။ဥပမာ

    · သွားစိုက်ခြင်း သို့မဟုတ် အံဆုံးနှုတ်ခြင်း။

    · မှဲ့ဖယ်ရှားခြင်း သို့မဟုတ် ကြွက်နို့လှီးထုတ်ခြင်း ကဲ့သို့သော အရေပြားဆိုင်ရာ ခွဲစိတ်မှု အသေးစားများ။

    · အဏုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးကြည့်ရှုရန် အသားစယူခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဦးနှောက်ခွဲစိတ်ခြင်းကဲ့သို့သော အကြီးစားခွဲစိတ်မှုတွေမှာလည်း ထုံဆေးကို တခါတရံအသုံးပြုပါတယ်။ဥပမာ စကားပြောခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာမှာ ရှိနေတဲ့ ကင်ဆာကျိတ်ကို ဖယ်ထုတ်ဖို့ဆိုရင် အဓိက ခွဲစိတ်မှုအကြီးစားမလုပ်ခင် ထုံဆေး အရင်ပေးရပါမယ်။

    ဘာလို့လဲဆိုတော့ အကျိတ်ကို ဖယ်ထုတ်ပြီးတဲ့အခါ ခွဲစိတ်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်လုပ်ဖို့အတွက် လူနာအနေနဲ့ နိုးနေဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ ခွဲစိတ်မှုကြောင့် သင့်စကားပြောနိုင်စွမ်း ဆုံးရှုံးခြင်းကို အနည်းဆုံး ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

    ထုံဆေးက ဘာဆိုးကျိုးတွေ ရှိလာနိုင်သလဲ။

    အောက်ပါ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

    · လုံလောက်တဲ့ ထုံဆေးပမာဏ မသုံးစွဲမိခြင်း။

    · ဓါတ်မတည့်ခြင်း။

    · သွေးထွက်လွန်ခြင်း။

    · အာရုံကြောထိခိုက်မိခြင်း။

    · ထုံဆေးကို သွေးကြောထဲအထိ စုပ်ယူသွားရင် ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးပြဿနာများ စတာတွေပဲ ဖြစ်ပါတယ်။

    ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။

    ထုံဆေးအသုံးမပြုခင် ဘာတွေ ပြင်ဆင်ရမလဲ။

    ခွဲစိတ်ဆရာဝန်၊မေ့ဆေးဆရာဝန် သို့မဟုတ် သွားဆရာဝန်တွေက ထုံဆေးမပေးခင် သင့်ကို အသေအချာ ရှင်းပြပါလိမ့်မယ်။ အရေးကြီးတဲ့အချက်က သင်လက်ရှိသုံးစွဲနေတဲ့ ဆေးတွေရှိရင် (အထူးသဖြင့် သွေးကျဲဆေးတွေ သုံးစွဲနေရင်) ဆရာဝန်ကို မပျက်မကွက် အသိပေးရပါမယ်။

    ပုံမှန်အားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ၂၄နာရီအလိုမှာ ဘာမှမစားမသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားမှာဖြစ်ပြီး သင့်အနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာဖို့ လိုပါတယ်။ ထုံဆေး၊မေ့ဆေး အသုံးမပြုခင် ၂၄နာရီအတွင်းမှာ အရက်သေစာ မသောက်စားရပါဘူး။

    ထုံဆေး ဘယ်လိုပေးမှာလဲ။

    ထုံဆေးထိုးပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ထိုးထားတဲ့ နေရာတဝိုက်မှာ အတွေ့အထိကို ခံစားရတော့မှာ မဟုတ်ပါဘူး။ ခွဲစိတ်မယ့် နေရာက လုံးဝထုံနေပြီဆိုတာ သေချာမှ ခွဲစိတ်မှုကို စတင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ နာကျင်တာကို မသိနိုင်တော့ဖူးဆိုပေမယ့် ခွဲစိတ်တဲ့နေရာမှာ လှုပ်ရှားနေတာနဲ့ ဖိနေတာ၊လှီးဖြတ်နေတာတွေကိုတော့ သိနေမှာ ဖြစ်ပါတယ်။

    စိတ်ငြိမ်ဆေးသွင်းပြီး မိနစ်အနည်းငယ်အကြာမှာတော့ သင်ဟာ စတင်ပြီး တည်ငြိမ်လာ၊စိတ်လက်ဖြေလျှော့မှု ရှိလာမှာ ဖြစ်ပါတယ်။ သုံးစွဲတဲ့ စိတ်ငြိမ်ဆေး၊အိပ်ဆေးရဲ့ ပမာဏနဲ့ အမျိုးအစားပေါ်မူတည်ပြီး သင့်အနေနဲ့ အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။

    အဆိုပါဆေးတွေဟာ သင့်အသက်ရှုခြင်းကို တခါတရံ အနှောင့်အယှက်ပေးတတ်တဲ့အတွက် သင့်လက်ချောင်းကို ညှပ်ထားတဲ့ ကိရိယာအသေးစားလေးမှတဆင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကို သင့်ဆရာဝန်က တောက်လျှောက်စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ နှာခေါင်းအုပ်mask ဒါမှမဟုတ် နှာခေါင်းထဲထည့်ထားတဲ့ ပိုက်ကတဆင့် အောက်ဆီဂျင်ကို ရှုနိုင်ပါတယ်။

    တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ထုံဆေးပြယ်သွားပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်မလဲ။

    ခွဲစိတ်မှုပြီးစီးသွားတဲ့အခါ သင့်အနေနဲ့ ဆီးသွားရခက်တာမျိုး ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်က ဆီးပိုက်ထည့်ပေးထားပါလိမ့်မယ်။ ကျောရိုးပင်မအာရုံကြောကြီး သို့မဟုတ် အဆိုပါပင်မအာရုံကြောရဲ့ အပြင်ဖက်အလွှာကို ထုံဆေးထိုးပြီး ခွဲစိတ်တဲ့အခါ ဒါမျိုးအဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ဆီးအိမ်ထဲ ဆီးပြည့်နေတာကို (ယာယီ) မသိရှိနိုင်တော့လို့ ဖြစ်ပါတယ်။

    ယေဘုယျအားဖြင့် ထုံဆေးအာနိသင်ပြယ်ဖို့ နှစ်နာရီလောက် ကြာတတ်ပြီး အသုံးပြုတဲ့ ထုံဆေးအမျိုးအစားပေါ်မူတည်ကာ တနာရီကနေ ဆယ့်ရှစ်နာရီလောက်အထိလည်း ကြာမြင့်နိုင်ပါတယ်။ ထုံဆေးမပြယ်ခင်အချိန်မှာ ဆေးထိုးထားတဲ့နေရာကို ထိခိုက်ဒါဏ်ရာရမှုမရှိအောင် ဆရာဝန်၊သူနာပြုတွေက စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

    ထုံဆေးပြယ်ကာစမှာ စူးခနဲဖြစ်သလိုလို၊ရွစိရွစိ ဖြစ်သလိုလို ခံစားရမှာဖြစ်ပြီး မကြာခင်ပျောက်သွားပါလိမ့်မယ်။ အဓိက အချက်က အဲ့ဒီအချိန်မှာ နာကျင်မှုခံစားရရင် အနီးနားမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတဦးဦးကို အသိပေးအကြောင်းကြားဖို့ပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement