backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lactulose (လက်ကျူးလိုစ့်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Lactulose (လက်ကျူးလိုစ့်)

Lactulose (လက်ကျူးလိုစ့်) က ဝမ်းပျော့ဆေးတစ်မျိုးပါ။ အူမကြီးမှာ အက်ဆစ်ဓာတ်တိုးစေပြီး ဝမ်းပျော့ပျော့သွားစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဓာတုဗေဒနည်းအရ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတဲ့ သကြားတစ်မျိုးဖြစ်တဲ့ လက်တို့စ်ကနေ ထုတ်လုပ်ထားတာပါ။

အသုံးပြုပုံများ

Lactulose (လက်ကျူးလိုစ့်)ကို ဘာအတွက်အသုံးပြုကြသလဲ

Lactulose က ဝမ်းချုပ်ခြင်းအတွက် အသုံးပြုတဲ့ ဝမ်းပျော့ဆေးတစ်မျိုးပါ။ တစ်နေ့တာအတွင်းမှာ အူမကြီးရဲ့ လှုပ်ရှားမှုတွေကို တိုးစေပြီး အူမကြီးလှုပ်ရှားမှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။

Lactulose (လက်ကျူးလိုစ့်)ကို အသည်းရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကုသဖို့ နဲ့ ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ (ဥပမာ အသည်းကြောင့် ဦးနှောက်ထိခိုက်တာ)

Lactulose (လက်ကျူးလိုစ့်) ဘယ်လိုသောက်သုံးသင့်သလဲ

ဝမ်းချုပ်ခြင်းအတွက် lactulose ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် တစ်နေ့ကို တစ်ကြိမ် သောက်ပေးလို့ ရပါတယ်။ တကယ်လို့ lactulose ကို အရည်အဖြစ်သောက်မယ်ဆိုရင် အရသာပိုကောင်းစေဖို့ အသီးဖျော်ရည်၊ ရေ၊ နွားနို့ သို့မဟုတ် ခပ်ပျော့ပျော့ အချိုစာများနဲ့ ရောနိုင်ပါတယ်။ အမှုန့်အဖြစ် သောက်မယ်ဆိုရင်တော့ အမှုန့်များကို ရေဖန်ခွက်တဝက် (၁၂၀ စီစီခန့်)နဲ့ ရောပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါ။

ဆေးအာနိသင် ကောင်းကောင်း ရစေဖို့ ဆေးကို အချိန်မှန်မှန် ပုံမှန် သောက်ပေးပါ။ ဆေးပမာဏ အနည်းအများကတော့ ရောဂါအခြေအနေနဲ့ ဆေးကို တုံ့ပြန်မှုအပေါ် မူတည်ပါတယ်။

အူလှုပ်ရှားမှု ရစေဖို့ ၄၈နာရီ (၂ရက်) လောက် အချိန်ပေးရပါမယ်။ ဝမ်းချုပ်တာ အခြေအနေပိုဆိုးလာရင် သို့မဟုတ် မသက်သာရင် ဆရာဝန်ကို အသိပေးပါ။

Lactulose (လက်ကျူးလိုစ့်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lactulose (လက်ကျူးလိုစ့်)ကို အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင် အထူးသဖြင့်

-ဆီးချို

-လက်တို့စ်မစုပ်ယူနိုင်ခြင်း

-အူမကြီးခွဲစိတ်ကုသမှု ခံယူထားချိန်မှာပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lactulose (လက်ကျူးလိုစ့်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိ၊ မရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ယေဘုယျအားဖြင့်တော့ စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးအသုံးမပြုခင်မှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် B ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Lactulose (လက်ကျူးလိုစ့်)ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • လေပွတာ
  • ဗိုက်အောင့်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • ဓာတ်မတည့်မှု စတာတွေ ဖြစ်နိုင်ပါတယ်။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lactulose (လက်ကျူးလိုစ့်)နဲ့ ဓာတ်ပြုနိုင်သလဲ

Lactulose က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • ပိုးသတ်ဆေး သောက်ဆေး (e.g. tetracyclines, neomycin)
  • Glutamine
  • အစာအိမ်အက်စစ်ပြယ်ဆေးတွေပါ။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Lactulose (လက်ကျူးလိုစ့်)ကို နဲ့ ဓာတ်ပြုနိုင်သလား

Lactulose (လက်ကျူးလိုစ့်)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lactuloseနဲ့ ဓာတ်ပြုနိုင်သလဲ

Lactulose (လက်ကျူးလိုစ့်)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အူအတက်ရောင်တာ
  • စအိုကနေ သွေးကျတာ
  • Colostomy ဖောက်ထားရတာ
  • အူပိတ်တာ
  • အူသိမ်မှာ အပေါက်ဖောက်ထားတာ
  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • နှလုံးရောဂါ
  • သွေးတိုးရောဂါ
  • ကျောက်ကပ်ရောဂါ
  • မျိုချရခက်တာစတဲ့ ကျန်းမာရေးပြဿနာ ရှိသူတွေပါ။

ဆေးသုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ

ဝမ်းချုပ်ခြင်းအတွက်

ဖျော်သောက်ရတဲ့ ဆေးရည်ကို 3.335 g/5 mL ဒါမှမဟုတ် တစ်ခါသောက်ရင် 10 g/15 mL ပါ။ စစသောက်ခြင်းမှာ နေ့စဉ် 15-45 mL (10-30 g ဒါမှမဟုတ် ၁ ထုပ် ကနေ ၃ ထုပ်အထိ)။ ကျန်းမာရေးအခြေအနေကို လိုက်ပြီး ဆေးပမာဏကို အတိုးအလျှော့ လုပ်ပေးလို့ ရပါတယ်။

ဆက်သောက်ရမယ့် ဆေးပမာဏ အနေနဲ့ နေ့စဉ် 15-30 mL (10-20 g ဒါမှမဟုတ် ၁ထုပ် ကနေ ၂ ထုပ်အထိ)

ဆေးပမာဏ အားလုံးကို တစ်နေ့တာမှာ တစ်ကြိမ်တည်း သောက်လို့ ရသလို ၂ ကြိမ်ခွဲပြီး သောက်ပေးလည်း ရပါတယ်။

ဆေးရဲ့ အာနိသင်ကို ဆေးသောက်ပြီး ၂ ရက် ကနေ ၃ ရက်အကြာမှာ တွေ့ရမှာပါ။ ဖျော်သောက်ရတဲ့ အမှုန့်ဖြစ်မယ်ဆိုရင်တော့ တစ်နေ့ကို 10-20 g ပါ။ လိုအပ်မယ်ဆိုရင် တစ်နေ့တာကို 40 g အထိ တိုးသောက်ပေးလို့ ရပါတယ်။

Hepatic Encephalopathy ( အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်အသည်းရောဂါ)

  • သောက်ဆေး : ဆေးရည် 3.335 g/5 mL solution:
  • စစချင်းမှာ 30-45 mL တစ်နေ့ကို  ၃ ကြိမ် ကနေ ၄ ကြိမ်၊ တစ်ရက်ကို ဝမ်း၂-၃ကြိမ် သွားစေဖို့အတွက် လိုအပ်သလို ဆေးပမာဏကို အတိုးအလျှော့ လုပ်ပေးလို့ ရပါတယ်။

ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ

Hepatic Encephalopathy ( အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်အသည်းရောဂါ)

  • တစ်နှစ်အောက်ကလေး: တစ်နေ့တာ သောက်ဆေး အနေနဲ့ 1.7 to 6.7 g/day (2.5 to 10 mL) ၃ ကြိမ် ကနေ ၄ ကြိမ် ခွဲတိုက်ပေးလို့ ရပါတယ်။ တစ်နေ့ကို ဝမ်းပျော့ပျော့ ၂ကြိမ်ကနေ ၃ ကြိမ် သွားစေဖို့အတွက် ဆေးပမာဏကို အတိုးအလျော့ လုပ်ပေးလို့ ရပါတယ်။ .
  • ကလေး: တစ်နေ့တာ သောက်ဆေး အနေနဲ့ 26.7 to 60 g/day (40 to 90 mL) ၃ ကြိမ် ကနေ ၄ ကြိမ်တိုက်ပေးလို့ ရပါတယ်။ တစ်နေ့ကို ဝမ်းပျော့ပျော့ ၂ ကြိမ်ကနေ ၃ ကြိမ် သွားစေဖို့အတွက် ဆေးပမာဏကို အတိုးအလျော့ လုပ်ပေးလို့ ရပါတယ်။ .

ကလေးတွေ ဝမ်းချုပ်တာအတွက်

တစ်နှစ်အောက် >> 3.335 g/5 mL ဆေးရည်: စစချင်း တစ်နေ့ကို 5 mL အထိ၊ ဆက်သောက်ရမယ့် ပမာဏ  တစ်နေ့ကို 5 mL အထိ

၁ နှစ် ကနေ ၆ နှစ် >> 3.335 g/5 mL ဆေးရည်: စစချင်း တစ်နေ့ကို 5-10 mL အထိ၊ ဆက်သောက်ရမယ့် ပမာဏ  တစ်နေ့ကို 5-10 mL အထိ

၇ နှစ် ကနေ ၁၄ နှစ် အထိ>> 3.335 g/5 mL ဆေးရည် သို့မဟုတ် 10 g/15 mL တစ်ခါသောက်ဆေးရည်ထုပ်: စစချင်း တစ်နေ့ကို 15 mL (10 g သို့မဟုတ် 1 တစ်ထုပ်) လိုအပ်ချက်ကိုလိုက်ပြီး ဆေးပမာဏ ပြောင်းလဲလို့ ရပါတယ်။ ဆက်သောက်ရမယ့် ပမာဏ တစ်နေ့ကို 10-15 mL (10 g သို့မဟုတ် 1 ထုပ်)။

ကလေးက အသက် ၁၄ နှစ်>> လူကြီးတွေကို တိုက်တဲ့ ပမာဏအတိုင်း တိုက်ပေးပါ။ ဆေးကို တစ်ကြိမ်တည်း တိုက်ပေးလို့ ရသလို ၂ ကြိမ်ခွဲပြီး တိုက်ပေးလည်း ရပါတယ်။

Lactulose (လက်ကျူးလိုစ့်)ကို ဘယ်လိုရရှိနိုင်သလဲ

Lactulose (လက်ကျူးလိုစ့်)ကို အောက်ပါ ပုံစံမျိုး၊ ပြင်းအားမျိုးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

  • သောက်ဆေးရည်: 3.3 g/5 mL

ရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Lactuloseကို သောက်ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ကြိမ် သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement