backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Labetalol Hydrochloride (လာဗီတလော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Labetalol Hydrochloride (လာဗီတလော)

Labetalol က beta-blocker အမျိုးအစား သွေးကျဆေးဖြစ်ပါတယ်။ နှလုံးနဲ့ သွေးကြောတွေမှာရှိတဲ့ β-adrenergic receptors တွေကို ပေါင်းပြီး အလုပ်လုပ်ပါတယ်။ နှလုံးခုန်နှုန်းကို နှေးစေသလို သွေးဖိအားကိုလည်း ကျစေပါတယ်။

တခြား beta-blockers တွေနဲ့ မတူတာက ဒီဆေးက သွေးကြောတွေပေါ်မှာ ရှိနေတဲ့ α1-adrenergic receptors ကိုပါ ပေါင်းလိုက်တာကြောင့် သွေးဖိအားကို ထိထိရောက်ရောက်ကျစေတာပါ။ အဆုတ်မှာရှိနေတဲ့ β-adrenergic receptors ကိုပါ ပေါင်းလိုက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။

အသုံးပြုပုံများ

Labetalol Hydrochloride (လာဗီတလော) ကို ဘာအတွက်အသုံးပြုကြသလဲ။

Labetalol hydrochloride ကို အောက်ပါအခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။

Labetalol hydrochloride ကို ဘယ်လို သောက်/ ထိုး သင့်ပါသလဲ။

Labetalol hydrochloride ကို သောက်ဆေး၊ ထိုးဆေးအနေနဲ့ ရနိုင်ပါတယ်။ သောက်ဆေးဆိုရင်တော့ အမှုန့်ကြိတ်ခြင်း၊ ဝါးစားခြင်း မလုပ်ဘဲ သောက်ရပါမယ်။ ထိုးဆေးကိုတော့ ဆေးရုံဆေးခန်းမှာပဲ ကျန်းမာရေးဝန်ထမ်းတွေက ထိုးပေးမှာ ဖြစ်ပါတယ်။

Labetalol hydrochloride ကို ဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Labetalol hydrochloride ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Labetalol Hydrochloride (လာဗီတလော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Labetolol အပါအဝင် Beta-blockers တွေက သွေးပေါင်ကျတာ၊ ချောင်းဆိုးတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၆၀ကျော် လူကြီးတွေ၊ အမြဲတမ်း အရက်သောက်နေတဲ့သူတွေ၊ အသက်ရှူလမ်းကြောင်း ရောဂါရှိသူတွေ ပိုသတိထားသင့်ပါတယ်။

ပန်းနာရင်ကျပ်ရှိသူတချို့မှာ Beta-blockers တွေ သုံးပြီးမှ လက္ခဏာတွေ ပိုဆိုးလာတာကို တွေ့ရပါတယ်။

Labetolol မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Labetolol အပါအဝင် တခြား Beta-blockers တွေနဲ့ ဓာတ်မတည့်ရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • တခြားသွေးကျဆေးတွေ သောက်နေရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်မှာ သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ မီးဖွားချိန်မှာ ရုတ်တရက် သွေးတိုးတာနဲ့ သိုင်းရွိုက်ဟော်မုန်းများလွန်းတာကြောင့် သွေးတိုးတဲ့အခါမှာ သုံးနိုင်ပါတယ်။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

Labetolol က မိခင်နို့ရည်ထဲမှာ ပါနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်ချိန်မှာ ဆေးသောက်ရင်ရမယ့် ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Labetalol Hydrochloride (လာဗီတလော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • Intraoperative floppy iris syndrome
  • အထိုင်အထမှာ သွေးပေါင်ကျခြင်း
  • နှလုံးခုန်နှေးခြင်း
  • သတိလစ်ခြင်း
  • ထုံကျင်ခြင်း
  • ခေါင်းမူးခြင်း
  • မောခြင်း
  • နုံးခြင်း
  • ချာချာလည်အောင် မူးခြင်း
  • ခေါင်းကိုက်ခြင်း
  • နှာပိတ်ခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ဗိုက်အောင့်ခြင်း
  • အမျိုးသားများ မြုံခြင်း
  • ဝမ်းချုပ်ခြင်း၊ လေပွခြင်း
  • အရသာ ပြောင်းခြင်း
  • ခြေလက်တုန်ခြင်း
  • ကြွက်သားများ အားပျော့ခြင်း
  • အိပ်မက်ဆိုးများ မက်ခြင်း
  • ခြေလက်များ သွေးကြောပိတ်ခြင်း
  • အနီကွက်များ ထွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အောက်ပါတို့ခံစားရရင်တော့ အရေးကြီးတဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

  • အသည်းထိခိုက်ခြင်း
  • အသားဝါခြင်း

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Labetalol Hydrochloride (လာဗီတလော) နဲ့ ဓာတ်ပြုနိုင်သလဲ

Labetalol hydrochlorideက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Halothane (မေ့ဆေး)
  • Cimetidine
  • Glutethimide
  • Nitroglycerin (နှလုံးသွေးကြောဆေး)
  • Tricyclic antidepressants (စိတ်ကျရောဂါကုဆေး)
  • Calcium channel blockers (သွေးကျဆေးတစ်မျိုး)
  • Sodium bicarbonate 5% and alkaline solutions

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက labetalol hydrochloride နဲ့ ဓာတ်ပြုနိုင်ပါသလား။

Labetalol hydrochlorideက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးကို အစာနဲ့ တွဲပြီး သောက်သင့်ပါတယ်။ အရက်နဲ့ တွဲသောက်တဲ့အခါ သွေးပေါင်ကျနိုင်တာကြောင့် အရက်သောက်တာကို ဆင်ခြင်သင့်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Labetalol hydrochlorideနဲ့ ဓာတ်ပြုနိုင်သလဲ

Labetalol hydrochloridelက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ပန်းနာရင်ကျပ်ရောဂါ
  • နှလုံးခုန်မမှန်တဲ့ရောဂါ
  • နှလုံးရှော့ဖြစ်တာ
  • ခဏခဏ သွေးပေါင်ကျတတ်တာ၊ သွေးပေါင်ထိုးကျတာ
  • နှလုံးညှစ်အား မကောင်းတာ
  • နှလုံးခုန်နှုန်း နှေးလွန်းတာ
  • Pheochromocytoma (အဒရီဟော်မုန်း အများအပြားထုတ်တဲ့ အကျိတ်)
  • ဆီးချိုရောဂါ
  • မေ့ဆေးသုံးပြီး ခွဲစိတ်ရမယ့် လူနာ
  • အသည်းရောဂါ ရှိနေရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတွေအ အသုံးပြုရမယ့်ပမာဏ

သွေးတိုးရောဂါအတွက်

  • ကနဦး ပမာဏ:  ၁၀၀ မီလီဂရမ် တစ်ရက် ၂ကြိမ်။ တုံ့ပြန်မှုပေါ် မူတည်ပြီး ၂၀၀-၄၀၀ မီလီဂရမ် တစ်ရက် ၂ကြိမ်ထိ တိုးနိုင်ပါတယ်။ သက်ကြီးလူနာတွေဆိုရင်တော့ ၅၀-၁၀၀ မီလီဂရမ် တစ်ရက် ၂ကြိမ်ကနေ စသောက်ရပါတယ်။ နောက်ပိုင်းကျရင် ၁၀၀-၂၀၀ မီလီဂရမ် တစ်ရက် ၂ကြိမ် ဖြစ်သွားနိုင်ပါတယ်။
  • အများဆုံး ပမာဏ: တစ်ရက်စာ ၂.၄ ဂရမ်ကို ၂ကြိမ်မှ ၄ကြိမ် ခွဲပြီး သောက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် သွေးတိုးအတွက်

  •  ဆေးရည်ကို 20 mg/hour နဲ့ စချပြီး လိုအပ်တဲ့ တုံ့ပြန်မှု မရဘူးဆိုရင် မိနစ် ၃၀ကြာတိုင်းမှာ ၂ဆတင်ပါတယ်။
  • အများဆုံး 160 mg/hour ထိ ပေးနိုင်ပါတယ်။

သွေးတိုးရောဂါအရေးပေါ် အခြေအနေအတွက်

  • ၂၀ မီလီဂရမ်ကို အကြောဆေးအနေနဲ့ ခပ်ဖြည်းဖြည်း ၂မိနစ်ကြာအောင် ထိုးပါတယ်။ ၁၀မိနစ်ကြာတိုင်းမှ ၄၀-၈၀ မီလီဂရမ် တိုးပြီး လိုအပ်ရင် ၃၀၀ မီလီဂရမ်ထိ ပေးနိုင်ပါတယ်။
  • သတိထားရမှာက ဆေးထိုးနေတဲ့အချိန်နဲ့ ဆေးထိုးပြီး ၃နာရီကြာတဲ့အထိ လှဲနေရပါမယ်။

မေ့ဆေးပေးတဲ့အခါ သွေးဖိအားကျစေရန်အတွက်

စစချင်းမှာ ၁၀-၂၀ မီလီဂရမ်ပေးပြီး ၅မိနစ်ကြာတဲ့အခါ လိုချင်တဲ့ သွေးပေါင်ချိန်ကို မရသေးရင် ၅-၁၀ မီလီဂရမ် ထပ်တိုးပါတယ်။ ဟေလိုသိမ်းကို မေ့ဆေးအနေနဲ့ မသုံးထားဘူးဆိုရင် စစချင်းမှာတည်းက ပမာဏများများပေးပါတယ်။

ကလေးငယ်တွေမှာ အသုံးပြုရမယ့် ပမာဏ

ကလေးလူနာတွေအတွက် သောက်သုံးရမယ့် အချိုးအစားကို သတ်မှတ်ထားခြင်း မရှိပါ။ ဆက်လက်သိရှိလိုတဲ့ အကြောင်းအရာတွေကို သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Labetalol hydrochloride ကိုဘယ်လိုပုံစံမျိုးတွေနဲ့ရရှိနိုင်မလဲ။

Labetalol hydrochloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနဲ့ ရရှိနိုင်ပါတယ်။

  • ဆေးရည် 5 mg/ml
  • ဆေးပြား 100 mg
  • ဆေးပြား 200 mg
  • ဆေးပြား 300 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Labetalol hydrochlorideကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement