backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hydroxyzine (ဟိုက်ဒရောဇီဇင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Hydroxyzine (ဟိုက်ဒရောဇီဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Hydroxyzine ကို ဓါတ်မတည့်ခြင်းကြောင့်ဖြစ်သော ယားယံခြင်းများကို ကုသရန် အသုံးပြုပါသည်။ ၎င်းသည် antihistamine ဟုခေါ်သော histamine ဆန့်ကျင်ပစ္စည်းဖြစ်ကာ ဓါတ်မတည့်ခြင်း ဖြစ်ပေါ်ပါက ခန္တာကိုယ်ထဲတွင် ထွက်ပေါ်လာသော histamine ဟုခေါ်သည့် ဓါတ်တမျိုးကို ပိတ်ဆို့ခြင်းဖြင့် အာနိသင်ပြပါသည်။ Hydroxyzine ကို စိုးရိမ်ပူပန်ခြင်းကို ရေတိုကုသရန်အတွက် သုံးသလို ခွဲစိတ်မှု မတိုင်မီ/ခွဲစိတ်မှုပြီးနောက် စိတ်ဖြေလျှော့ပြီး ကောင်းစွာ အိပ်ပျော်စေရန် သုံးနိုင်ပါသည်။

Hydroxyzine (ဟိုက်ဒရောဇီဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Hydroxyzine ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆရာဝန်ညွှန်ကြားသည့်အတိုင်း (ပုံမှန်အားဖြင့် တနေ့လျှင် သုံးလေးကြိမ်ခန့်) သောက်ရသည်။ ဆေးရည်အသုံးပြုပါက ဆေးပမာဏကို မတိုင်းတာမီ ဆေးပုလင်းကို ကောင်းစွာလှုပ်ပါ။။ ဆေးနှင့်အတူပါလာသည့် ဇွန်းသို့မဟုတ် ခွက်ကို အသုံးပြုပြီး ဆေးပမာဏကို တိုင်းတာပါ (အိမ်သုံးဇွန်းကို မသုံးရပါ)။ တိုင်းတာရန် ပစ္စည်းမရှိပါက ဆေးဆိုင်တွင် တောင်းယူပါ။ ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ၊အသက်အရွယ် နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဆရာဝန် ညွှန်ကြားထားသည်ထက် ပမာဏပိုသောက်ခြင်း သို့မဟုတ် အကြိမ်ရေပိုသောက်ခြင်းများ မပြုရပါ။ ရောဂါအခြေအနေ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အသိပေးပါ။

Hydroxyzine (ဟိုက်ဒရောဇီဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Hydroxyzine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ hydroxyzine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ hydroxyzine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Hydroxyzine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Hydroxyzine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hydroxyzine (ဟိုက်ဒရောဇီဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Hydroxyzine ကို မသောက်သုံးမီ

  • သင့်တွင် Hydroxyzine သို့မဟုတ် အခြားဆေးဝါးများ သို့မဟုတ် Hydroxyzine ဆေးပြား၊ဆေးတောင့်၊ဆေးရည်တို့တွင်ပါဝင်သော အရာများနှင့် ဓါတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို အသိပေးပါ။၎င်းပါဝင်ပစ္စည်းများကို သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပညာရှင်ကို မေးမြန်းပါ။
  • သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။
  • အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

Antihistamine ဆေးများ၊ အအေးမိနှာစေးခြင်း၊ဓါတ်မတည့်ခြင်း သို့မဟုတ် hay fever အတွက် ဆေးများ၊ စိတ်ကျဝေဒနာအတွက် ဆေးများ သို့မဟုတ် အတက်ကျဆေးများ၊ကြွက်သားပျော့ဆေးများ၊ narcotic အကိုက်အခဲ ပျောက်ဆေးများ၊စိတ်ငြိမ်ဆေးများ၊အိပ်ဆေးများ။

သို့မှသာ သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

  • သင့်တွင် ပန်းနာရင်ကြပ်၊ရေတိမ်၊အနာများ၊(ဆီးကျိတ်ကြီးခြင်းကြောင့်) ဆီးသွားရခက်ခြင်း၊နှလုံးရောဂါ၊အသည်းရောဂါ၊သွေးတိုး၊အတက်ရောဂါ သို့မဟုတ် သိုင်းရွိုက်ဂလင်း အလွန်အကျွံ အလုပ်လုပ်ခြင်းများရှိလျှင် ဆရာဝန်ကို အသိပေးပါ။
  • ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ကြိုပြောပါ။
  • သင်သည် အသက် ၆၅နှစ်အထက်ဖြစ်ပါက Hydroxyzine သည် အသက်ကြီးသူများတွင် အခြားသော အာနိသင်တူဆေးများနည်းတူ စိတ်ချရခြင်းမရှိသဖြင့် Hydroxyzine သောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပါ။
  • သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက Hydroxyzine သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။
  • Hydroxyzine သည် ငိုက်မျဉ်းစေသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရှိသေးလျှင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။
  • အရက်သည် Hydroxyzine ကြောင့်ဖြစ်သော ငိုက်မျဉ်းမှု ကို ပိုဆိုးစေသဖြင့် အရက်သေစာသောက်စားခြင်းနှင့် ပတ်သက်ပြီး သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hydroxyzine (ဟိုက်ဒရောဇီဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Hydroxyzine (ဟိုက်ဒရောဇီဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Hydroxyzine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

  • မျက်လုံး၊လျှာ၊မေးရိုး သို့မဟုတ် လည်ပင်းတို့ရှိ ကြွက်သားများ အကြောဆွဲခြင်း။
  • တကိုယ်လုံး မထိန်းချုပ်နိုင်လောက်အောင် တုန်ခါခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • တက်ခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • မူးဝေထိုင်းမှိုင်းငိုက်မျဉ်းခြင်း။
  • အမြင်အာရုံဝေဝါးခြင်း၊ အာခြောက်ခြင်း။
  • ခေါင်းကိုက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Hydroxyzine (ဟိုက်ဒရောဇီဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Hydroxyzine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

  • အအေးမိအဖျားပျောက်ဆေးများ၊ အိပ်ဆေးများ၊ narcotic အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများ၊စိတ်ငြိမ်ဆေးများ၊ကြွက်သားပျော့ဆေးများ၊ အတက်ကျဆေးများ၊စိတ်ကျရောဂါ တွင်သုံးသော ဆေးများ၊စိုးရိမ်စိတ်များခြင်း အတွက်သုံးသော ဆေးများ စသည့် ဆေးများသည် Hydroxyzine ၏ ငိုက်မျဉ်းစေမှုကို ပိုဆိုးစေပါလိမ့်မည်။ ထို့ကြောင့် အဆိုပါ ဆေးများသုံးစွဲနေပါက ဆရာဝန်ကို ကြိုတင်အသိပေးပါ။

အစားအသောက်တွေနဲ့ အရက်က Hydroxyzine (ဟိုက်ဒရောဇီဇင်း) နဲ့ ဓါတ်ပြုနိုင်သလား

Hydroxyzine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Hydroxyzine (ဟိုက်ဒရောဇီဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Hydroxyzine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • တက်ခြင်း သို့မဟုတ် အတက်ရောဂါရှိခြင်း။
  • ပန်းနာရင်ကျပ်ရှိခြင်း သို့မဟုတ် အခြားသော အဆုတ်ရောဂါများရှိခြင်း။
  • ရေတိမ်။
  • နှလုံးရောဂါ သို့မဟုတ် သွေးတိုးရောဂါ။
  • အစာအိမ်အနာရှိခြင်း သို့မဟုတ် အစာအိမ်/အူတို့တွင် ပိတ်ဆို့မှုများ ရှိခြင်း။
  • သိုင်းရွိုက်ဂလင်း မူမမှန်ခြင်း။
  • ဆီးကြိတ် ကြီးခြင်း သို့မဟုတ် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ။
  • အသည်းရောဂါ၊ ကျောက်ကပ် ရောဂါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hydroxyzine (ဟိုက်ဒရောဇီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ hydroxyzine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

  • စိုးရိမ်ပူပန်ခြင်းအတွက် : ၅၀ – ၁၀၀ မီလီဂရမ်ကို သောက်ဆေးအဖြစ် သို့မဟုတ် အသားထိုးဆေးအဖြစ် တနေ့လျှင် လေးကြိမ် ပေးရမည်။
  • ယားယံခြင်းအတွက် : ဓါတ်မတည့်ခြင်း အယ်လ်လာဂျီကြောင့် ယားယံခြင်း များအတွက် : ၂၅ မီလီဂရမ်ကို သောက်ဆေးအဖြစ် သို့မဟုတ် အသားထိုးဆေးအဖြစ် တနေ့လျှင် သုံးကြိမ် သို့မဟုတ် လေးကြိမ် ပေးရမည်။
  • စိတ်ငြိမ်ဆေး/အိပ်ဆေး အာနိသင်ရလိုခြင်းအတွက် : မေ့ဆေးမပေးမီနှင့် ပေးပြီးနောက် : ၅၀ – ၁၀၀ မီလီဂရမ်ကို သောက်ဆေးအဖြစ် သို့မဟုတ် အသားထိုးဆေးအဖြစ် ပေးရမည်။
  • နာကျင်ခြင်းအတွက် : ၂၅ – ၁၀၀ မီလီဂရမ်ကို ခွဲစိတ်မှုမပြုလုပ်မီ/ပြုလုပ်ပြီး သို့မဟုတ် မီးဖွားပြီးချိန်တွင် အသားထိုးဆေးအဖြစ် ပေးရသည်။
  • ပျို့အန်ခြင်းအတွက် : ၂၅ – ၁၀၀ မီလီဂရမ်ကို ခွဲစိတ်မှုမပြုလုပ်မီ/ပြုလုပ်ပြီး သို့မဟုတ် မီးဖွားပြီးချိန်တွင် အသားထိုးဆေးအဖြစ် ပေးရသည်။

ကလေးတွေအတွက် Hydroxyzine (ဟိုက်ဒရောဇီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • စိတ်ငြိမ်ဆေး/အိပ်ဆေး အာနိသင်ရလိုခြင်းအတွက်

သောက်ဆေး : 0.6 mg/kg/dose

အသားထိုးဆေး : 0.5 – 1 mg/kg/dose

  • စိုးရိမ်ပူပန်ခြင်းအတွက်

စိတ္တဇဝေဒနာများနှင့် ဆက်စပ်သော စိုးရိမ်ပူပန်ခြင်း၊စိတ်တင်းကြပ်ခြင်း၊ အခြားသော ရောဂါများကြောင့် စိုးရိမ်ပူပန်ခြင်း၊ ကာလရှည် ဓါတ်မတည့်ခြင်းများကြောင့် ယားယံခြင်း၊histamine ကြောင့် ယားယံခြင်း တို့ကို သက်သာစေရန်အတွက်

အသက် ၆နှစ်အောက် : စုစုပေါင်း ၅၀ မီလီဂရမ်ကို သင့်တော်သလို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

အသက် ၆နှစ်နှင့် အထက် : စုစုပေါင်း ၅၀ – ၁၀၀ မီလီဂရမ်ကို သင့်တော်သလို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

(သို့မဟုတ်)

သောက်ဆေး : စုစုပေါင်း ပမာဏ 2mg/kg/day ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား သင့်တော်သလို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

အသားထိုးဆေး : 0.5 – 1 mg/kg/dose ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား သင့်တော်သလို ပေးနိုင်သည်။

  • ယားယံခြင်းအတွက်

စိတ္တဇဝေဒနာများနှင့် ဆက်စပ်သော စိုးရိမ်ပူပန်ခြင်း၊စိတ်တင်းကြပ်ခြင်း၊ အခြားသော ရောဂါများကြောင့် စိုးရိမ်ပူပန်ခြင်း၊ ကာလရှည် ဓါတ်မတည့်ခြင်းများကြောင့် ယားယံခြင်း၊histamine ကြောင့် ယားယံခြင်း တို့ကို သက်သာစေရန်အတွက်

အသက် ၆နှစ်အောက် : စုစုပေါင်း ၅၀ မီလီဂရမ်ကို သင့်တော်သလို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

အသက် ၆နှစ်နှင့် အထက် : စုစုပေါင်း ၅၀ – ၁၀၀ မီလီဂရမ်ကို သင့်တော်သလို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

(သို့မဟုတ်)

သောက်ဆေး : စုစုပေါင်း ပမာဏ 2mg/kg/day ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား သင့်တော်သလို အကြိမ်ရေခွဲပြီး သောက်နိုင်သည်။

အသားထိုးဆေး : 0.5 – 1 mg/kg/dose ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား သင့်တော်သလို ပေးနိုင်သည်။

  • ပျို့အန်ခြင်းအတွက်

အသားထိုးဆေး : 1.1 mg/kg/dose

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Hydroxyzine (ဟိုက်ဒရောဇီဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

သောက်ဆေးတောင့် : ၂၅၊ ၅၀၊ ၁၀၀ မီလီဂရမ်။

  • အသားထိုးဆေးအတွက် ဆေးရည် : 25 mg/ml (1ml) ; 50 mg/ml (1ml, 2ml, 10ml)
  • သောက်ဆေးအရည် (solution ပုံစံ) : 10 mg/5ml (473 ml)
  • သောက်ဆေးအရည် (syrup ပုံစံ) : 10 mg/5ml (118 ml, 473 ml)
  • သောက်ဆေးပြား : ၁၀၊ ၂၅၊ ၅၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement