backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Esomeprazole (အီဆိုမီပရာဇော)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Esomeprazole (အီဆိုမီပရာဇော)

Esomeprazole (အီဆိုမီပရာဇော)က အစာအိမ်ထဲက အက်ဆစ်ပမာဏကို လျှော့ချပေးတဲ့ proton pump inhibitors (PPI) အမျိုးအစားဝင် သောက်ဆေးတစ်မျိုးပါ။

အသုံးပြုပုံများ

Esomeprazole (အီဆိုမီပရာဇော) ကို ဘာအတွက်အသုံးပြုကြသလဲ

Esomeprazole (အီဆိုမီပရာဇော)ကို များသောအားဖြင့် အောက်ပါကျန်းမာရေးအခြေအနေတွေကို ကုသရာမှာ အသုံးပြုပါတယ်။

  • အစာအိမ်နဲ့ အူသိမ်အနာ
  • အစာခြေအက်ဆစ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
  • NSAIDs အကိုက်အခဲပျောက်ဆေးတွေကြောင့် အစာအိမ် သွေးယိုစီးတာမျိုး မဖြစ်စေဖို့
  • အစာအိမ်အနာဖြစ်စေတဲ့ အစာအိမ်ပိုး Helicobacter pyloriကို ဖယ်ရှားဖို့
  • ရင်ပူတာ၊ အစာမျိုချရခက်တာ၊ နာတာရှည် ချောင်းဆိုးတာတွေကို သက်သာစေဖို့
  • အစာခြေအက်ဆစ်တွေကြောင့် အစာရေမြိုနဲ့ အစာအိမ်ထိခိုက်တာကို ကုသဖို့
  • အစာရေမျိုကင်ဆာကို ကာကွယ်ရာမှာ အထောက်အကူ ဖြစ်စေနိုင်ဖို့ပါ။

Esomeprazole (အီဆိုမီပရာဇော) ဘယ်လိုသောက်သုံးသင့်သလဲ

Esomeprazole (အီဆိုမီပရာဇော)ကို အသုံးပြုတဲ့အခါ လိုက်နာရမယ့် အချက်တွေ အများကြီး ရှိပါတယ်။

  • ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ရပါမယ်။ အစားမစားခင် ၁ နာရီ အလို တစ်နေ့တစ်ကြိမ် သောက်ရပါမယ်။
  • ကျန်းမာရေး အခြေအနေနဲ့ ကုထုံး တုံ့ပြန်မှုအပေါ် မူတည်ပြီး ဆရာဝန်က ဆေးပမာဏကို သတ်မှတ်ပေးပါမယ်။
  • ဆေးကို ချိုးဖဲ့တာ၊ ဝါးစားတာတွေ မလုပ်ဘဲ ဆေးအလုံးလိုက် ရေများများနဲ့ သောက်ချရပါမယ်။
  • ဆေးကို အလုံးလိုက် မျိုချဖို့ အခက်အခဲ ရှိမယ်ဆိုရင် ဆေးမှုန့်တွေကို လက်ဖက်စားဇွန်းထဲ ထည့်ပြီး တစ်ခါတည်း မော့ချပေးပါ။
  • ဆေးအာနိသင် ကောင်းကောင်းရစေဖို့ နေ့တိုင်း အချိန်မှန်မှန် သောက်ပေးပါ။
  • ရောဂါ သက်သာလာရင်လည်း ဆရာဝန် ညွှန်ထားတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်ပါ။ ရောဂါ လက္ခဏာက မသက်သာဘူးဖြစ်မယ်။ ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • Esomeprazoleကို ၄ ပတ် ကနေ ၈ ပတ်လောက်အထိပဲ အသုံးပြုသင့်ပါတယ်။
  • ဒီဆေးကို နှာခေါင်းအစာပိုက်ကနေတဆင့်လည်း အသုံးပြုပေးလို့ ရပါတယ်။ ဆေးကို နည်းလမ်းမှန်မှန် အသုံးပြုဖို့ လိုပါမယ်။
  • ဒီဆေးက ဆေးစစ်ချက်အဖြေတွေအပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်လို ယူဆမယ်ဆိုရင် ဆရာဝန်ကို အရင်ဆုံး အသိပေးထားဖို့ လိုပါမယ်။

Esomeprazole (အီဆိုမီပရာဇော) ဘယ်လိုသိမ်းဆည်းရမလဲ

Esomeprazole (အီဆိုမီပရာဇော)ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Esomeprazole (အီဆိုမီပရာဇော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Esomeprazole အသုံးမပြုခင်မှာ အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Esomeprazole (အီဆိုမီပရာဇော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးကို အသုံးမပြုမီ

  • ဆရာဝန်ကို dexlansoprazole (Dexilant)၊ lansoprazole (Prevacid)၊ omeprazole (Prilosec, Zegerid)၊ pantoprazole (Protonix)၊ rabeprazole (AcipHex) နဲ့ အခြားဆေးတွေ ဒါမှမဟုတ် esomeprazole ဆေးတောင့် ဆေးမှုန့်မှာပါတဲ့  ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်ကို ကြိုတင်ပြောပြထားဖို့ လိုပါမယ်။ မသောက်ခင်မှာ ဆရာဝန်ကို ပါဝင်ပစ္စည်းတွေ အရင်မေးပါ။
  • ဆရာဝန်ညွှန်လို့ပဲ ဖြစ်ဖြစ် ဆရာဝန် ညွှန်ကြားတာ မဟုတ်ဘဲ သောက်သုံးနေတဲ့ ဗီတာမင်တွေ၊ အာဟာရဖြည့်စွက်စာတွေ နဲ့ တိုင်းရင်းဆေးတွေ၊ ဆေးဖက်ဝင်ပစ္စည်းတွေ သောက်သုံးနေရင်ဖြစ်ဖြစ် စောက်ဖို့ အစီအစဉ် ရှိရင်ဖြစ်ဖြစ်ပါ။ ပဋိဇီဝ ပိုးသတ်ဆေးတွေ၊ သွေးကျဲဆေး၊ မှိုသတ်ဆေး၊ cilostazol (Pletal); clopidogrel (Plavix); diazepam (Valium); digoxin (Digitek, Lanoxicaps, Lanoxin); ဆီးဆေး (‘water pills’); သံဓာတ် အာဖြည့်ဆေး၊ HIV ဆေးတွေ နဲ့ methotrexate (Rheumatrex, Trexall)တို့ ရှိမယ်ဆိုရင် ဆရာဝန်ကို ပြောပြဖို့ လိုပါမယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အနီးကပ်စောင့်ကြည့်ပြီး ဆေးပမာဏကို ပြောင်းပေးမှာပါ။
  • သွေးထဲမှာ မဂ္ဂနီဆီယမ် နည်းနေတာ၊ ဗီတာမင် B12 နည်းနေတာ၊ အရိုးပွရောဂါ နဲ့ အသည်းရောဂါတွေ ခံစားရမယ်ဆိုရင်ပါ။
  • ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင်ဖြစ်ဖြစ်၊ ကလေးယူဖို့ အစီအစဉ် ရှိရင်ဖြစ်ဖြစ်၊ ကလေးနို့တိုက်နေရရင် ဖြစ်ဖြစ် ဆရာဝန်ကို ပြောပြဖို့ လိုပါမယ်။
  • အသက် ၅၀ နဲ့ အထက် ဖြစ်မယ်ဆိုရင် ဆေးသောက်ဖို့ ဘေးကင်းစိတ်ချရမလား ဆိုတာကို ဆရာဝန်ကို မေးပါ။ အသက်အရမ်းကြီးနေမယ်ဆိုရင်တော့ ဒီဆေးကြောင့် ဘက်တီးရီးယားကြောင့် ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ လက်ကောက်ဝတ် အရိုး၊ တင်ပါးဆုံးရိုး၊ ကျောရိုးတွေ ကျိုးတာမျိုးတွေ ခံစားရနိုင်ပါတယ်။
  • ဒီဆေးတွေက lupus လက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။ တကယ်လို့ နေရောင်နဲ့ ထိတေါ့တဲ့အခါ သင့်မှာ lupus လက္ခဏာတွေ ဖြစ်တဲ့ ပါး နဲ့ လက်မောင်းမှာ အရေပြား နီမြန်းတာမျိုးတွေ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ကို ပြောပြဖို့ လိုပါမယ်။
  • ဝမ်းလျှောတာကြောင့် သွေးပါတဲ့ အရည်ဝမ်းတွေ သွားနေတာမျိုး ဖြစ်မယ်ဆိုရင်ဖြစ်ဖြစ် အခြား ကူးစက်မှု တစ်ခုခု ခံစားရတဲ့ လက္ခဏာ တစ်ခုခု တွေ့ရရင် ဖြစ်ဖြစ် ဆရာဝန်နဲ့ ချက်ချင်း ပြသပေးဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Esomeprazole (အီဆိုမီပရာဇော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အခုချိန်ထိတော့ ဒီဆေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သောက်မယ်ဆိုရင် မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်လားဆိုတာကို အခုထိ တိတိကျကျ မသိရသေးပါဘူး။ တကယ်လို့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဒီဆေးကို သောက်မယ်ဆိုရင် ဆေးကြောင့် ဖြစ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိရှိနိုင်စေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Esomeprazole (အီဆိုမီပရာဇော)က မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ရောက်နိုင်လား မရောက်နိုင်ဘူးလားဆိုတာကို တိတိကျကျ သိရတာမျိုး မရှိသေးပါဘူး။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Esomeprazole (အီဆိုမီပရာဇော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်တာ
  • အိပ်ငိုက်တာ
  • သိပ်မပြင်းထန်တဲ့ ဝမ်းပျက်တာ
  • မအီမသာဖြစ်တာ
  • ဗိုက်အောင့်တာ
  • ဝမ်းချုပ်တာ
  • ခံတွင်းခြောက်တာ
  • ကလေးတွေမှာဆို လေပွတာ
  • ကလေးတွေမှာ အသက်ရှူမြန်တာမျိုးတွေ ဖြစ်ပါတယ်။

တကယ်လို့ ဓာတ်မတည့်မှု လက္ခဏာတွေ ဖြစ်ကြတဲ့ ယားယံတာ၊ အသက်ရှူရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ နဲ့ လည်ပင်းမှာရောင်ရမ်းတာလိုမျိုး အရေးပေါ်ကျန်းမာရေးအခြေအနေတွေ ခံစားရမယ်ဆိုရင် ချက်ချင်းကုသမှု ခံယူဖို့ လိုပါမယ်။

မဂ္ဂနီဆီယမ် ချို့တဲ့တာကြောင့်ဖြစ်တဲ့ အခုလို လက္ခဏာတွေတွေ့ရမယ်ဆိုရင် ဆေးသောက်တာကို ချက်ချင်းရပ်ပြီး နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုပါမယ်။

  • ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ
  • ဗိုက်အောင့်တာ
  • အဖျားတာရှည်တာ
  • တင်ပဆုံရိုး၊ လက်ကောက်ဝတ်ရိုး၊ ကျောရိုး ကျိုးလွယ်တာ
  • ပြင်းပြင်းထန်ထန် အန်တာ
  • ဝိတ်ကျလာတာ
  • တက်တာ
  • မူးဝေတာ
  • နှလုံးခုန် စည်းချက် မမှန်တာ
  • ကတုန်ကယင်ဖြစ်တာ
  • ကြွက်သားအားနည်းတာ
  • နေထိုင်မကောင်းတာ
  • ချောင်းဆိုးတာ၊ လည်ချောင်းထဲ တစ်ဆို့ဆို့ ဖြစ်တာတွေပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Esomeprazole (အီဆိုမီပရာဇော) နဲ့ ဓာတ်ပြုနိုင်သလဲ

Esomeprazoleက လောလောဆယ် အသုံးပြုနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိ အသုံးပြုနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။
ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ
  • သွေးမခဲဆေးများ
  • မှိုသတ်ဆေးများ
  • Diaepam
  • Digoxin
  • ဆီးဆေးများ
  • သံဓာတ်အားဆေး
  • Methotrexate

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Esomeprazole (အီဆိုမီပရာဇော) နဲ့ ဓာတ်ပြုနိုင်သလား

Esomeprazole က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Esomeprazole (အီဆိုမီပရာဇော) နဲ့ ဓာတ်ပြုနိုင်သလဲ

Esomeprazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

အထူးသဖြင့်

  • ဝမ်းလျောခြင်း
  • သွေးထဲ မဂ္ဂနီဆီယမ်ဓာတ်နည်းခြင်း
  • အရိုးပွခြင်း
  • တက်ခြင်း၊ အတက်ရောဂါအခံရှိခြင်း
  • နာတာရှည် အသည်းရောဂါ
  • Clostridium difficile ပိုးဝင် ကူးစက်ခြင်းတွေ ရှိနေရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

စားချဉ့်ပြန်သောရောဂါများအတွက်

  • Esomeprazole Magnesium 20 mg တစ်နေ့ တစ်ကြိမ်ကို ၄ပတ်သောက်သုံးရပါမည်။

အစာရေမျိုပြွန်ရောင်ရမ်းခြင်းအတွက်

  • စစသောက်ချင်း ပမာဏ – Esomeprazole Magnesium ကို 20-40mg တစ်နေ့တစ်ကြိမ် ၄-၈ပတ်သောက်သုံးရပါမယ်။
  • ဆက်သောက်ရမယ့် ပမာဏ – Esomeprazole magnesium: 20 mg တစ်နေ့တစ်ကြိမ် သောက်သုံးပေးရပါမယ်။

Helicobacter Pylori အစာအိမ်ပိုးသေစေရန်အတွက်

  • Esomeprazole Magnesium : 40mg ကို တစ်နေ့တစ်ကြိမ် ၁၀ရက်သုံးနိုင်ပါသည်။ သုံးမျိုးစပ်ကုသနည်း အနေနဲ့ ဒီဆေးကို တခြားပိုးသတ်ဆေးတွေ ဖြစ်တဲ့ Amoxicillin 1000 mg၊ Clarithromycin 500mg တစ်နေ့နှစ်ကြိမ် ၁၀ရက်သုံးရနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ရပါမယ်။

NSAID အကိုက်အခဲပျောက်ဆေးကြောင့်ဖြစ်တဲ့ အစာအိမ်အနာများအတွက်

  • Esomeprazole Magnesium 20-40mg တစ်နေ့တစ်ကြိမ်ကို ၆လအထိ သောက်ရနိုင်ပါတယ်။

Zollinger-Ellison Syndrome: (အက်ဆစ်များခြင်းကြောင့်ဖြစ်ပေါ်လေ့ရှိသော အစာအိမ်နာရောဂါ ) အတွက်

  • Esomeprazole Magnesium 40mg တစ်နေ့နှစ်ကြိမ် သောက်ရနိုင်ပါတယ်။

ကလေးများ အသုံးပြုရမယ့်ပမာဏ

စားချဉ့်ပြန်သောရောဂါများအတွက်

Esomeprazole magnesium:

  • ကလေး အသက် ၁ နှစ် ကနေ ၁၁ နှစ် အထိ: 10 mg တစ်နေ့ တစ်ကြိမ် ၈ ပတ်ကြာ အသုံးပြုရပါမယ်။
  • ၁၂ နှစ် မှ ၁၇ နှစ် အထိ 20mg ကို တစ်နေ့တစ်ကြိမ် ၄ပတ်ထိ သောက်သုံးနိုင်ပါတယ်။

အစာရေမျိုပြွန်ရောင်ရမ်းခြင်းအတွက်

Esomeprazole magnesium:

အသက် ၁ လ ကနေ ၁၁ လ အထိ

  • ကလေး ကိုယ်အလေးချိန် 3-5 ကီလိုဂရမ် : 2.5 mg တစ်နေ့တစ်ကြိမ်
  • ကလေး ကိုယ်အလေးချိန် 5-7.5 ကီလိုဂရမ် : 5 mg တစ်နေ့တစ်ကြိမ်
  • ကိုယ်အလေးချိန် 7.5-12 ကီလိုဂရမ် အထက် ဆိုရင် : 10 mg တစ်နေ့တစ်ကြိမ်

ဆေးကို အများဆုံး ၆ ပတ်အထိ သောက်သုံးပေးလို့ ရပါတယ်။

အသက် ၁ နှစ် ကနေ ၁၁ နှစ်အတွင်း :

  • ကိုယ်အလေးချိန် 20 ကီလိုဂရမ်အောက် : 10 mg တစ်နေ့တစ်ကြိမ် ၈ ပတ် အထိ
  • ကိုယ်အလေးချိန် 20 ကီလိုဂရမ်အထက် : 10 သို့မဟုတ် 20 mg တစ်နေ့တစ်ကြိမ် ၈ ပတ် အထိ

အသက် ၁၂ နှစ် ကနေ ၁၇ နှစ်အတွင်း :

  • 20 သို့မဟုတ် 40 mg တစ်နေ့တစ်ကြိမ်  ၄ ပတ် ကနေ ၈ ပတ်အထိ

Esomeprazole (အီဆိုမီပရာဇော) ကိုဘယ်လိုရရှိနိုင်သလဲ

Esomeprazole (အီဆိုမီပရာဇော)ကို အခုလို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့် သို့မဟုတ် ဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ ဆေးပြား – 20mg၊ 40mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Esomeprazole (အီဆိုမီပရာဇော)ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

ရေးသားသူ – Dr. Zin Thu Thu Win

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 23/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement