backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း)

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း)

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း) ဆိုတာ ဆေးနှစ်မျိုးကို ပေါင်းစပ်ထားတာဖြစ်ပြီး  အလာဂျီသက်သာစေဖို့၊ အအေးမိတုပ်ကွေး လက္ခဏာတွေ သက်သာစေဖို့ အသုံးပြုလေ့ရှိပါတယ်။

အသုံးပြုပုံများ

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Cetirizine + Pseudoephedrine ကို မျက်ရည်ကျခြင်း၊  နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ မျက်စိနဲ့ နှာခေါင်းယားခြင်း၊ နှာစေးခြင်းစတဲ့ ဓာတ်မတည့်ခြင်းလက္ခဏာများအတွက် အသုံးပြုပါတယ်။

ဒီဆေးမှာ Cetirizine နဲ့ Pseudoephedrine ဆိုပြီး ၂မျိုး ပါဝင်ပါတယ်။ Cetirizine က Antihistamine ဖြစ်ပြီး ဓာတ်မတည့်ချိန်မှာထွက်လာတဲ့ ဟစ်စ်တမင်းလို့ခေါ်တဲ့ သဘာဝပစ္စည်းတမျိုးကို တားဆီးပေးပါတယ်။ Pseudoephedrine ကတော့ နှာပိတ်ပျောက်ဆေးဖြစ်ပြီး နှာခေါင်းအတွင်းက သွေးကြောတွေကို ကျဉ်းစေတာကြောင့် ရောင်ရမ်းခြင်းနဲ့ နှာပိတ်ခြင်းကို သက်သာစေပါတယ်။

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ဆေးညွှန်မလိုဘဲ မိမိဖာသာဝယ်ယူသောက်သုံးနိုင်တဲ့ဆေးဖြစ်ပြီး မသုံးစွဲခင်မှာ ဆေးဘူးမှာပါတဲ့ အညွှန်းစာတွေကိုသေချာဖတ်ရပါမယ်။ သိလိုတာတွေရှိရင် ဆေးဝါးပညာရှင်ကို မေးမြန်းပါ။

ဒီဆေးကို ဆရာဝန်ညွှန်တဲ့အခါ အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးရပါမယ်။ များသောအားဖြင့် တနေ့ကို နှစ်ကြိမ် သောက်ပေးရပါတယ်။

ဆေးပြားရဲ့ အလယ်မှာ ဆေးချိုးဖို့ မျဉ်းကြောင်းလေးမပါရင်၊ ဆရာဝန်နဲ့ ဆေးဝါးပညာရှင်က ဆေးကို ချိုးဖို့ ညွှန်တာမဟုတ်ရင် ဆေးကို ၂ခြမ်းမခြမ်းပါနဲ့။ဆေးတောင့်ကို ချေခြင်း၊ ဝါးစားခြင်း မလုပ်ရပါဘူး။ အဲဒီလိုလုပ်လိုက်ရင် အာနိသင်အားလုံးတပြိုင်တည်းပေါ်လာပြီး ဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။  ဆေးသောက်ရာမှာ ကြိတ်ဝါးခြင်းမလုပ်ဘဲ တခါတည်းမြိုချရမှာ ဖြစ်ပါတယ်။

ဆေးပမာဏက အသက်၊ ကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်းစတာတွေအပေါ်  မူတည်ပါတယ်။ ဆေးပမာဏကို ဆရာဝန်မညွှန်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်တိုးတာ၊ ရေရှည်စွဲသောက်တာတွေ မလုပ်ရပါဘူး။

တစ်ပတ်လောက်ကြာတဲ့အထိ ရောဂါမသက်သာရင်၊ ပိုဆိုးလာရင်၊ ဖျားလာရင် ဆရာဝန်နဲ့ ပြန်ပြပါ။

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း)ဘယ်လိုသိမ်းဆည်းရမလဲ

Cetirizine + Pseudoephedrine ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cetirizine + Pseudoephedrine ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C ရှိသည်ဟု သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံးရန် မသင့်ပါ။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Cetirizine + Pseudoephedrine ကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • မူးဝေခြင်း
  • အိပ်ငိုက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အာရုံစူးစိုက်မရခြင်း
  • နားအူခြင်း စတာတွေပါ။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Cetirizine + Pseudoephedrine က လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

  • Clorgyline
  • Dihydroergotamine
  • furazolidone
  • Iproniazid
  • Isocarboxazid
  • Linezolid
  • Moclobemide
  • Niallide
  • Pargylines
  • Phenelzine
  • Procarbazine
  • Rasagiline
  • Selegiline
  • Toloxatone
  • Tranylcypromine

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Cetirizine + Pseudoephedrine (စီထရင်ဇင်း + ဆူဒိုဖီဒရင်း) နဲ့ ဓာတ်ပြုနိုင်သလား

Cetirizine + Pseudoephedrine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cetirizine + Pseudoephedrineနဲ့ ဓာတ်ပြုနိုင်သလဲ

Cetirizine + Pseudoephedrine က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • ကျောက်ကပ်ရောဂါ
  • သွေးတိုးရောဂါ
  • ရေတိမ်
  • နှလုံးသွေးကြောကျဉ်းရောဂါ
  • ဆီးသွားရခက်တာ
  • ဆီးကျိတ်ကြီးတာ
  • သိုင်းရွိုက်ရောဂါ
  • အသည်းရောဂါ
  • အသက်အရွယ်ကြီးလွန်းရင်ပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

ဓာတ်မတည့်မှုကြောင့် နှာမွှန်ခြင်းအတွက်

၅မီလီဂရမ်-၁၂၀မီလီဂရမ်ကို သောက်ဆေးအနေနဲ့ တနေ့၂ကြိမ် သောက်နိုင်ပါတယ်။

ကလေးများ အသုံးပြုရမယ့်ပမာဏ

၁၂ နှစ်နဲ့အထက်ကလေးတွေမှာ ၅မီလီဂရမ်-၁၂၀မီလီဂရမ်ကို သောက်ဆေးအနေနဲ့ တနေ့၂ကြိမ် သောက်နိုင်ပါတယ်။

၁၂နှစ်အောက် ကလေးတွေကတော့ Pseudoephedrine ပါဝင်မှုများတာကြောင့် မသုံးစွဲသင့်ပါဘူး။

Cetirizine + Pseudoephedrineကို ဘယ်လိုရရှိနိုင်သလဲ

Cetirizine + Pseudoephedrine ကို ဆေးပြားအနေနဲ့ ရရှိနိုင်ပါတယ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Cetirizine + Pseudoephedrine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

 

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


09/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement