backup og meta

အားဆေး ကနေ အဆိပ် မဖြစ်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားဆေး ကနေ အဆိပ် မဖြစ်စေဖို့

    လူတွေက အားဆေး တွေကို သိပ်အားကိုးကြပါတယ်။ သူတို့ ပြောကြတာတော့ အာရုံကြောအားဆေး ၊ အရိုးအားဆေး၊ ကြွက်သားအတွက်အားဆေး ၊ ခွန်အားပြည့် လန်းဆန်းစေမယ့်အားဆေး ၊ မျက်စိအားဆေး ၊ ဆံပင်သန်စေတဲ့အားဆေး တဲ့လေ။ ပြောရင်းတောင် မကုန်နိုင်သော အားဆေးဋီကာပါ တကား…

    ဘာ အားဆေး တွေလဲ …

    အမှန်တော့ ဒီ အားဆေး တွေ အများစုက supplement ဆိုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်တဲ့ ဆေးတွေ ချည်းပါပဲ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အမျိုးမျိုး ၊ လုပ်ဆောင်ချက် အမျိုးမျိုး အတွက် မတူညီတဲ့ ပံ့ပိုးအားဖြည့်မှုတွေ ပေးနိုင်တဲ့ မရှိမဖြစ် အာဟာရဓာတ်တွေပေါ့။

    ဒီဆေးတွေမှာ သက်ရောက်မှု မတူညီတဲ့ အာနိသင်နဲ့ ဧရိယာ တွေအလိုက် ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုးအစားနဲ့ ပမာဏ တွေ ပါဝင်မှု ကွဲပြားတာပဲ ရှိပါတယ်။

    လူတွေကတော့ ဗီတာမင် အေ (beta-carotene) ဆို မျက်စိအားဆေးလို့ မှတ်ထားတာမျိုး။ သူတို့ သောက်ကြတဲ့ အရိုးအတွက် အားဆေးဆို ဗီတာမင် ဒီ နဲ့ ကယ်လ်စီယမ် ပါမှာပဲ။ အာရုံကြော အားဆေး ဆို ဗီတာမင် ဘီအုပ်စုတွေ လေ။ လူသုံးများတဲ့ အားဆေးတွေ၊ ကြော်ငြာအားကောင်းတဲ့ အားဆေးတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါနေတာချည်းပါပဲ။

    အန္တရာယ် သတိပေးချက်

    ဒါ့ကြောင့် ကိုယ်က ကျန်းမာလိုဇောနဲ့ အစိတ်အပိုင်းအားလုံးအတွက် အားဆေးတွေ နှစ်မျိုး၊ သုံးမျိုး ထပ်ပြီး သောက်မိမယ်ဆိုရင် အဲဒီဓာတ်တွေက လိုတာထက် ပိုလျှံသွားနိုင်ပါတယ်။ အဲဒီအခါ ဗီတာမင်နဲ့ သတ္တုဓာတ် လွန်ကဲခြင်း (overdose) ပြဿနာ စိုးရိမ်ရပါတယ်နော်။

    ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဆိုတာ ခန္ဓာကိုယ်အတွက် နေ့စဉ်အတိုင်းအတာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ဒါပေမယ့် အလုံအလောက် မရရင် မဖြစ်သလို ပိုလျှံလွန်ကဲရင်လည်း ဘေးဖြစ်တတ်ပါတယ်။

    ဘယ်လို ဘေးဖြစ်တတ်လဲ ဆက်ကြည့်ရအောင်…

    ဒီဓာတ်တွေကို သဘာဝအတိုင်း အစားအသောက်တွေ ကနေဆို များများ စားမိရင်တောင် ဘေးဥပါဒ်ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေမယ့် အားဆေးတွေထဲက ပမာဏကတော့ သီးသန့် ထုတ်နုတ် ထည့်သွင်းထားတဲ့ အချိုးအဆ တွေမို့ လွန်ကဲဖို့လွယ်ကူသလို အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ သောက်သုံးမှု များလေ့ရှိတဲ့ နာမည်ကြီး ဗီတာမင်တွေ ကို ရွေးပြီး ပြောပြပေးပါ့မယ်  –

    ဗီတာမင် စီ

    ကျန်းမာရေးအတွက် သိပ်အရေးပါပြီး တော်ရုံတန်ရုံ အဆိပ်အတောက် မဖြစ်တတ်တဲ့ ဗီတာမင် စီ တောင်မှ ဆေးသောက်ရာက လွန်ကဲသွားတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ ၊ ပျို့အန်တာ တွေ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းတဲ့ ဘေးထွက်ဆိုးကျိုးထဲမှာ အိပ်မပျော်ခြင်း နဲ့ ကျောက်ကပ်ကျောက်တည်ခြင်း တို့လည်း ပါဝင်ပါတယ်။

    ဗီတာမင် အေ

    မျက်စိကျန်းမာရေး ၊ ဆဲလ်များ ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ ဗီတာမင် အေ ကို သောက်သုံးမှု လွန်ကဲသွားရင် ခေါင်းမူးတာ၊ မအီမသာဖြစ်တာ၊ အနီစက်ထွက်တာ၊  ခေါင်းကိုက်တာ၊ အရိုးအဆစ်တွေနာကျင်တာဖြစ်နိုင်တယ်။ လွန်ကဲမှု ကြာရှည်လာရင် အသည်းပျက်စီးတာ၊ ကိုမာ ဖြစ်တာ အပြင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ဗီတာမင် ဘီ အုပ်စု

    ဗီတာမင် B3 (niacin) လွန်ကဲရင် သွေးတိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အသည်းပျက်စီးခြင်း တို့ဖြစ်လာနိုင်တယ်။ ဗီတာမင် B6 လွန်ကဲတာ ကြာလာရင် ပြင်းထန်တဲ့ အာရုံကြောပြဿနာတွေ၊ အရေပြားအနာတွေဖြစ်တာ၊ အလင်းရောင်မခံနိုင်တာ၊ ရင်ပူတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။

    ဖောလိတ် လို့သိကြတဲ့ ဗီတာမင် B9 သို့မဟုတ် ဖောလစ်အက်စစ် ကတော့ ပမာဏလွန်ကဲရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ် ၊ ပြင်းထန်တဲ့ ဗီတာမင် B12 ချို့တဲ့မှုကို ဖြစ်စေနိုင်တယ်။

    ဗီတာမင် ဒီ

    ခုနောက်ပိုင်း ရောဂါကာကွယ်ရေးအတွက် ဗီတာမင် ဒီ ကို လူစိတ်ဝင်စားလာကြပြီး သီးသန့်သောက်သုံးသူ များလာပါတယ်။ ဒါပေမယ့် တခြားအားဆေးထဲမှာလည်း သူပါလာတဲ့အခါ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း အန္တရာယ် စိုးရိမ်စရာ ဖြစ်လာပါတယ်။

    ဗီတာမင် ဒီ အဆိပ်သင့်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေထဲမှာ ကိုယ်အလေးချိန်ကျဆင်းခြင်း ၊ အစာစားချင်စိတ်နည်းခြင်း ၊ နှလုံးခုန်မမှန်ခြင်း တို့ပါဝင်တဲ့အပြင် သွေးတွင်းကယ်လ်စီယမ်ပမာဏကိုပါ မြင့်တက်စေတာမို့ ကိုယ်တွင်းကလီစာ ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။

    ဗီတာမင် အီး

    ဗီတာမင် အီး ရဲ့ အကျိုးကျေးဇူးက များတာမို့ အလှအပအတွက်တောင် မိန်းကလေးတွေ ပိုပြီး သောက်သုံးလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ကဲရင် သွေးခဲပိတ်ဆို့မှု၊ သွေးယိုစိမ့်ခြင်း နဲ့ ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်းတို့ အထိ ဖြစ်လာနိုင်ပါတယ်။

    ဒါတွေအပြင် တခြား ဓာတ်တွေနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် အားဆေးသောက်ရင် တစ်မျိုးထက် ပိုသောက်ဖို့ကြံတိုင်း ပါဝင်မှုပမာဏတွေကို သတိထားပါ။

    Label ကိုဖတ်ပါ ၊ ဒါမှမဟုတ်ရင် ဆရာဝန်ညွှန်တာပဲ သောက်ပါ။ ဆရာဝန်ညွှန်ကြားချက် သို့မဟုတ် ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်းပဲ သောက်ပါလို့ သတိပေးချင်ပါတယ်။

    HelloHealth Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement