backup og meta

ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို သေစေနိုင်တယ်ဆိုတဲ့ ဆပ်ပြာတွေဟာ တကယ်ရောထိရောက်ရဲ့လား

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို သေစေနိုင်တယ်ဆိုတဲ့ ဆပ်ပြာတွေဟာ တကယ်ရောထိရောက်ရဲ့လား

    ယခုနောက်ပိုင်းမှာ သန့်စင်ခန်းဘေစင်တွေ ရေချိုးခန်းတွေမှာထားတဲ့ ဆပ်ပြာဘူးတွေမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိရှိကြောင်း ဖော်ပြထားတာကို မကြာမကြာ မြင်တွေ့ရပါလိမ့်မယ်။ အများအားဖြင့် Antibacterial လို့ ဖော်ပြထားပြီး တစ်ခါတရံ “antimicrobial” ဒါမှမဟုတ် “antiseptic” လို့ရေးထားတဲ့ဘူးတွေကို တွေ့နိုင်ပါလိမ့်မယ်။ ဒီအတွက် ဓါတုပစ္စည်းတချို့ ထည့်သွင်းဖော်စပ်ထားတတ်ပါတယ်။ ဒီဆပ်ပြာမျိုးတွေဟာ ပုံမှန်သမရိုးကျ ဆပ်ပြာတွေထက် ပိုမိုကောင်းမွန်တယ်လို့ အများအားဖြင့် ယူဆကြပါတယ်။

    အမှန်တကယ်တော့ ပုံမှန်ဆပ်ပြာတွေဟာ အညစ်အကြေးတွေကိုတင် မဟုတ်ဘဲ ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေကိုလည်း နှိမ်နင်းနိုင်ပါတယ်။ ဒီအခါမှာ မေးစရာမေးခွန်းတွေ ပေါ်လာပါပြီ။ ပထမတစ်ချက်ကတော့ ဖော်ပြခဲ့သလို ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ ထည့်သွင်းထားခြင်းဟာ သင်နဲ့သင့်မိသားစုကို ရောဂါပိုးမွှားများကနေ ကာကွယ်ပေးရာမှာ တကယ်ပဲ ပိုမိုထူးခြားကောင်းမွန်ပါသလား။ ဒုတိယတစ်ချက်ကတော့ အဲဒီဓါတ်ပစ္စည်းတွေဟာ သင့်အတွက် ဘေးကင်းစေရဲ့လားဆိုတာပါပဲ။

    အမေရိကန်ပြည်ထောင်စုရဲ့ အစားအစာနဲ့ဆေးဝါးကွပ်ကဲမှုအဖွဲ့ကြီး (FDA) ဟာ ဒီမေးခွန်းတွေကို အဖြေရှာနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာခဲ့ပါတယ်။ ဆပ်ပြာထုတ်လုပ်တွေသူကိုပါ လေ့လာစမ်းသပ်စေပြီး အစီရင်ခံစာတွေ တောင်းယူခဲ့ပါတယ်။ အဲဒီလေ့လာချက်တွေပေါ် မူတည်ပြီး အဖြေထုတ်ခဲ့ရာမှာ ရလာတဲ့ အဖြေနှစ်ခုစလုံးဟာ No ဆိုတာပဲ ဖြစ်ပါတယ်။ သာမန်ဆပ်ပြာတွေမှာ ဓါတ်ပစ္စည်းတချို့ ထပ်ပေါင်းထားခြင်းဟာ ရောဂါပိုးမွှားကူးစက်မှုနဲ့ တခြားရောဂါတွေ ကူးစက်နိုင်ခြေ ပိုမိုကျဆင်းစေတယ်ဆိုတာ တိကျခိုင်လုံတဲ့အထောက်အထား မရှိပါဘူး။ ထပ်ပေါင်းထားတဲ့ ဓါတ်ပစ္စည်းတချို့ဟာ သုံးစွဲသူတွေရဲ့ ဟော်မုန်းဆိုင်ရာလုပ်ဆောင်မှုစနစ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆတချို့ရှိပါတယ်။

    ဘက်တီးရီးယားကို သေစေနိုင်တယ်လို့ ညွှန်းထားတဲ့ ဆပ်ပြာအများစုမှာ triclosan လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတစ်မျိုးပါဝင်ပါတယ်။ အဲဒီပစ္စည်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကိစ္စများအတွက် သတိထားရမယ့်အရာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေနဲ့ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာ triclosan ဟာ ဟော်မုန်းဓါတ်တွေ အလုပ်လုပ်ခြင်းကို ပုံစံပြောင်းလဲစေတဲ့အတွက် လူအများမှာလည်း ဘေးအန္တရာယ်ရှိနိုင်တယ်လို့ ယူဆထားပါတယ်။ ထပ်မံလေ့လာဖို့တော့ လိုအပ်ပါသေးတယ်။

    Triclosan ကို အဝတ်အစားများလျှော်ခြင်း၊ မီးဖိုခန်းသုံးပစ္စည်းများ ဆေးကြောခြင်း၊ ပရိဘောဂများ ကလေးဆော့စရာများကို သန့်ရှင်းရေးလုပ်ခြင်း စတာတွေအတွက် ထုတ်လုပ်တဲ့ပစ္စည်းတွေမှာ တွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ triclosan ရဲ့ ရေရှည်ထိတွေ့မယ်ဆိုရင် ဖြစ်နိုင်ခြေအန္တရာယ်တချို့ရှိတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။

    ဒါ့အပြင် သုတေသနတချို့မှာ triclosan ဟာ ပဋိဇီဝဆေးများ ယဉ်ပါးခြင်းကို ဖြစ်စေဖို့ အကြောင်းရှိတယ်လို့ တွေ့ရှိထားရပါတယ်။ ဒီလိုဆေးယဉ်ပါးခြင်းကြောင့် ဆေးဝါးကုသရာမှာ ထိရောက်မှုကို ကျဆင်းသွားစေပါတယ်။

    ‘‘လက်ဆေးခြင်းဟာ ရိုးရှင်းတဲ့ နည်းလမ်းဖြစ်ပေမယ့် အိမ်မှာ၊ ကျောင်းမှာ၊ တခြားနေရာတွေမှာ ရောဂါပိုးမွှားကူးစက်ခြင်းကို ကာကွယ်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်’’ လို့ အမေရိကန် FDA မှ Dr. Theresa M. Michele က ပြောကြားခဲ့ပါတယ်။ ဆက်ပြီး ‘‘အပိုဆောင်းဓါတ်ပစ္စည်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေဟာ ရောဂါပိုးမွှားတွေကို ပိုမိုကာကွယ်နိုင်တယ်လို့ တိကျတဲ့အထောက်အထား မရှိသေးပါဘူး။ အဲဒီဆပ်ပြာတွေကိုသုံးမှ ပိုပြီးစိတ်ချရတယ်လို့ ပြည်သူလူထုက မှားယွင်းယုံကြည်နေပါတယ်။ ထုတ်လုပ်သူတချို့ဟာ အဲဒီဓါတ်ပစ္စည်းတွေကိုတောင် စတင်ဖယ်ထုတ်နေပါပြီ’’ လို့ Dr. Theresa M. Michele က ဆိုပါတယ်။

    ဒီကိစ္စကိုဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အစားအစာနဲ့ဆေးဝါးကွပ်ကဲမှုအဖွဲ့ကြီး (FDA) ဟာ ထပ်တိုးဆောင်ရွက်ချက်တချို့ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အပြောင်းအလဲ အချိန်ကာလ တစ်ခုသတ်မှတ်ပေးပြီး နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးတွေ သေစေနိုင်တဲ့ ဓါတ်ပစ္စည်း ၁၉မျိုးထဲက တစ်မျိုးမျိုးပါဝင်တဲ့ ဆပ်ပြာတွေကို ဈေးကွက်ထဲမှာ ရောင်းချခွင့်မပြုတော့ခြင်း ဖြစ်ပါတယ်။ မိမိသဘောနဲ့ ဝယ်ယူသုံးစွဲနိုင်တဲ့ ပစ္စည်းမျိုးမဟုတ်တော့ဘဲ တတ်ကျွမ်းနားလည်သူက ညွှန်မှသာ ရောင်းချခွင့်ပြုတော့မယ့် ရောင်းကုန်ပစ္စည်းမျိုးထဲ စာရင်းသွင်းခဲ့ပါတယ်။

    ဒီတော့ သာမန်ဆပ်ပြာတွေထက် ပိုပြီးထိရောက်တယ်၊ ရောဂါပိုးတွေကို သေစေနိုင်တယ်ဆိုတဲ့ ဆပ်ပြာနဲ့ လက်ဆေးဆပ်ပြာရည်ကြော်ငြာတွေဟာ အထောက်အထား မတိကျပါဘူး။ သာမန်ဆပ်ပြာနဲ့ ရေကို သုံးစွဲပြီး လက်ဆေးခြင်း၊ ကိုယ်လက်သန့်ရှင်းရေးလုပ်ခြင်းဟာ လုံလောက်ပါကြောင်း တင်ပြပါရစေ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement