backup og meta

ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

    ဆေးသောက် တာပဲ ဘာခက်လို့လဲ။ ဒီလိုပဲ ဝယ်ပြီး သောက်လိုက် ပြီးသွားတာပဲကိုလို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ ဆရာဝန်တွေ ဆေးကုတဲ့အခါ ဆေးပေးလိုက်တဲ့အခါ ပြန်ကြားရတာတွေက အဆင်ပြေမနေပါဘူး။ အရပ်ထဲမှာ ဆေးနဲ့ပတ်သတ်ပြီး လုပ်နေတာတွေကို တွေ့ရတဲ့အခါမှာလည်း စိတ်မချမ်းသာပါဘူး။ ဆေးသောက်တာနဲ့ ပတ်သတ်ပြီး လူတွေ မှား မှားပြီး လုပ်နေကြတာလေးတွေ ရှိပါတယ်။ ဒါတွေကို တစ်ချက်ကြည့်ကြရအောင်။

    ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

  • ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်တာ
  • ဆရာဝန် ညွှန်ထားတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကို ရပ်တာ၊ ပြောင်းတာ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ပိုးသတ်ဆေးတို့၊ ဆီးချိုဆေးတို့၊ သွေးကျဆေးတို့ပေါ့။ ပိုးသတ်ဆေးဆိုရင်လည်း ဆေးပတ်လည်အောင် သောက်ရမှာပါ။ တစ်ပတ်သောက်ပါဆို တစ်ပတ်မတိုင်ခင် နေကောင်းသွားရင် ရပ်တတ်ကြပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဆေးပတ်မလည်ခင် ရပ်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ပိုးတွေအောင်းနေပြီး အမြစ်မပြတ်ဘဲ နေပါမယ်။ ဆေးယဉ်ပါးဖြစ်ပြီး နောက်တစ်ခါဖြစ်ရင် ဆေးမတိုးဘဲ နေပါမယ်။

    ဆီးချိုဆေး၊ သွေးကျဆေးဆိုလည်း ဒီလိုပါပဲ။ နေလို့ကောင်းနေလို့ ဆိုပြီး မသောက်ကြတော့ပါဘူး။ ဒီရောဂါတွေဟာ အပြင်မှာ လက္ခဏာပြနေတာ မဟုတ်ဘဲ အတွင်းမှာ လှိုက်စားနေတာပါ။ နောက်ဆက်တွဲတွေ ဝင်လာမှဆိုရင် ကုဖို့ နောက်ကျသွားမှာပါ။

    ဒီလိုလူတွေက မေးကြည့်လိုက်ရင် ဆေးက စျေးကြီးလို့ ဝယ်မသောက်နိုင်တော့လို့၊ ဆေးနဲ့ မတည့်လို့ စသဖြင့် ပြောတတ်ပါတယ်။ အခက်အခဲရှိရင် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်တော့ မလုပ်လိုက်ပါနဲ့။

    • ကိုယ့်သဘောနဲ့ကိုယ် သောက်တာ

    ဒါလည်း ပြဿနာပါပဲ။ တခြားအဖျားကျဆေးတို့၊ ခေါင်းကိုက်ပျောက်ဆေးတို့ဆို ပြဿနာ မရှိပေမယ့် ပိုးသတ်ဆေးတို့လို၊ အကိုက်အခဲပျောက်ဆေးတို့လိုဆို ပြဿနာ ရှိပါပြီ။ လည်ချောင်းနာနေလို့ အမောက်ဆေးပေးပါ ဆိုတာကို ခဏခဏ ကြားဖူးပါတယ်။ လည်ချောင်းနာတိုင်း အမောက်ဆေးမှ မလိုတာပဲ။ ဒီလိုပဲ ဝမ်းလျှောနေလို့ မက်ထရိုလေးပေးပါဆိုတာလည်း ရှိသေးတယ်။ ဒီလိုဆေးတွေဆိုတာက ဆရာဝန်ညွှန်ကြားနဲ့မှ ရောင်းလို့ရတဲ့၊ ဝယ်လို့ရတဲ့ ဆေးတွေပါ။ လက်လွတ်စပယ်သောက်နေရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများပါတယ်။

  • ဆေးတွေဝေမျှတာ
  • ဝါသနာပဲ ပြောရမလား၊ စေတနာပဲ ပြောရမလား။ တကယ်တော့ မလုပ်သင့်ပါဘူး။ သာမန်ဆေးတွေဆို တော်ပါသေးတယ်။ ရောဂါကြီးကြီးမားမားတွေဆို မလုပ်သင့်ပါဘူး။ ဥပမာ ငါချောင်းဆိုးတုန်းက ဒါလေးသောက်တာ ကောင်းသွားတယ်။ နင်လည်း ဒါလေးသောက်။ ခက်တာက ငါချောင်းဆိုးတာက တုပ်ကွေးဖြစ်လို့၊ သူချောင်းဆိုးတာက တီဘီဆို ဘယ်နှယ့် လုပ်မတုံး။

    နောက်ပြီး သွေးတိုးနေတဲ့ သူငယ်ချင်းကို ငါသွေးတိုးတုန်းက ဆရာဝန်က ဒါလေး သောက်ခိုင်းတာ၊ နင်လည်း ဒါလေးသောက်။ ဆရာဝန်ညွှန်တယ်ဆိုတာက ပါသေး။ တကယ်တော့ သွေးတိုးတို့ ဆီးချိုတို့ဆိုတာ ဘာလာလာ ဒါသောက် မဟုတ်ပါဘူး။ Tailor madeလို့ ခေါ်တဲ့ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ကုရတာပါ။ ဒါကြောင့် ဆေးတွေကို မဝေမျှပါနဲ့။

  • စပ်ဆေးတွေ ဝယ်သောက်တာ
  • တုပ်ကွေးရာသီမှာ တွေ့ရအများဆုံးပါပဲ။ ကိုယ်လက်ကိုက်နေလို့ စပ်ဆေးလေး တစ်ထုပ်လောက်ဆိုတာ ဘာလုပ်မှန်းကို မသိပါဘူး။ အဲ့ဒီထဲမှာ ဘာပါလဲဆိုတော့ စတီးရွိုက်တို့ ပါရာစီတမောတို့ အမောက်ဆေးတို့ အကိုက်အခဲပျောက်ဆေးတို့ ရောထားတာပါ။ ဆိုတော့ နောက်ခံရောဂါကို သေချာ မသိဘဲ လက္ခဏာပဲ သက်သာချင်ဇောနဲ့ သောက်တာက ကိုယ့်ကို အန္တရာယ်များစေပါတယ်။ ဆေးဝယ်မယ်၊ ဆေးအကြောင်း သိချင်တယ်ဆိုရင် ဆေးဝါးပညာရှင် ဒါမှမဟုတ် ဆရာဝန်ကို မေးမြန်းပါ။ စပ်ဆေးလောက်နဲ့ ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့။ စပ်ဆေးတွေ စွဲသောက်ရာက ဒုက္ခရောက်ပြီး ဆေးရုံရောက်လာတဲ့ လူနာတွေ အများကြီး ရှိလို့ပါ။

    ဒါက စဉ်းစားလို့ရသလောက်၊ အတွေ့ရများတာလေးတွေကို ရေးထားတာပါ။ နောက်တစ်ခါ ဆေးသောက်မယ်ဆိုရင် ဒီအချက်လေးတွေ ဆင်ခြင်ကြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement