backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကဘာလဲ။

ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အူမကြီးထဲတွင် Clostridium difficile ဟုခေါ်သော ပိုးကောင်များကြီးထွားလာမှုကြောင့် အူမကြီးတွင် ရောင်ရမ်းခြင်းဖြစ်ပြီး ဝမ်းလျှောရောဂါအတွက် ထိုပိုးသတ်ဆေးများသုံးစွဲမှု သည် ဝမ်းလျှောစေသော အဓိကအကြောင်းရင်းဖြစ်သည်။

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ

  • ဝမ်းသွားလျှင် ရေကဲ့သို့အရောင်များသွားခြင်း၊ သွေးဝမ်းသွားခြင်း
  • ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း
  • ဖျားခြင်း
  • ဝမ်းထဲတွင် ပြည်များ၊ သွေးများပါခြင်း
  • ပျို့ခြင်း
  • ရေဓါတ်ခမ်းခြောက်ခြင်း တို့ဖြစ်ပါသည်။

ထိုရောဂါ လက္ခဏာများသည် ပိုးသတ်ဆေးသောက်ပြီး ၁ ရက် ၂ ရက်ခန့်တွင် စဖြစ်တတ်ပြီး ပိုးသတ်ဆေးပတ်လည်ပြီး ရက်သတ္တပတ်အတန်ကြာခန့်အထိ ကြာမြင့်တတ်သည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်သည် လက်ရှိ သို့မဟုတ် မကြာသေးမီ အချိန်က ပိုးသတ်ဆေးများသောက်ပြီး ဝမ်းလျှောလျှင် ရောဂါမပြင်းထန်သေးသော်လည်း ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ထို့ပြင် ဝမ်းသွားမရပ်ခြင်း၊ ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း၊ဖျားခြင်း၊

ဝမ်းထဲတွင် ပြည်များ၊ သွေးများပါခြင်းများဖြစ်လျှင် ဆရာဝန်ထံချက်ချင်းသွားပြသင့်သည်။

အကြောင်းရင်းများ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပုံမှန်အားဖြင့် ကျန်းမာသော လူတယောက်၏ အူမကြီးထဲတွင် အကျိုးပြု ဘက်တီးရီးယားများစွာရှိပါသည်။ သို့သော် ပိုးသတ်ဆေးနှင့် အခြားသောဆေးများက ထိုအကျိုးပြု ဘက်တီးရီးယားများကိုသေစေပြီး C. dfficile ဟုခေါ်သော အူရောင်စေသော ဘက်တီးရီးယားများကို လျှင်မြန်စွာပွားများစေပါသည်။

C. dfficile ထုတ်သော အဆိပ်အတောက်များ များပြားလာသောအခါ အူမကြီးကိုရောင်ရမ်းစေပါသည်။

ပိုးသတ်ဆေးများအနက်မှ အူမကြီးရောင်ရမ်းမှုကို ဖြစ်စေသော ပိုးသတ်ဆေးများမှာ အောက်ပါတို့ဖြစ်သည်။

  • Fluoroquinolones

ဥပမာ -ciprofloxacin (Cipro) ,levofloxacin (Levaquin)

  • Penicillins

ဥပမာ -amoxicillin and ampicillin

  • Clindamycin (Cleocin)
  • Cephalosporins

ဥပမာ- cefixime (Suprax)

ပိုးသတ်ဆေးမဟုတ်သော အခြားဆေးများကလည်း အူမကြီးရောင်ရမ်းမှုကို ဖြစ်စေပါသည်။

ဥပမာ ကင်ဆာဆေးများသည် အူထဲရှိ အကျိုးပြုပိုးကောင်များကို သေစေပြီး အူရောင်စေပါသည်။

အူတွင်အနာဖြစ်သော ရောဂါ ၊ ခရုန်းအူရောင်ရောဂါများသည်လည်း အူမကြီးရောင်ရမ်းမှုကို ဖြစ်စေပါသည်။

C.dfficile ပိုးကောင်သည် ပိုးသေဆေးများနှင့် အလွန်ယဉ်ပါးနေပြီးဖြစ်သော ကြောင့် ကျန်းမာရေးဝန်ထမ်းများထံမှ လူနာများသို့ကူးစက်နိုင်ချေများပါသည်။

ထို့ပြင် ရောဂါဖြစ်နိုင်ချေမရှိသောသူများ၊ ပိုးသတ်ဆေးမသုံးသူများတွင်လည်း ဖြစ်တတ်သောကြောင့် လူထုပတ်ဝန်းကျင်မှတဆင့်ကူးစက်စေသော C. dfficileပိုးကောင်များကြောင့်လည်း အူရောင်ခြင်းကို ဖြစ်စေနိုင်ကြောင်းတွေ့ရသည်။

ဖြစ်နိုင်ခြေများ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများမှာ

  • ပိုးသတ်ဆေးသောက်ခြင်း
  • ဆေးရုံတက်နေရခြင်း
  • အသက်ကြီးခြင်း (အထူးသဖြင့် အသက် ၆၅ နှစ်အထက်)
  • ကိုယ်ခံအားနည်းခြင်း
  • အူမကြီးရောင်ခြင်း၊ အူမကြီးကင်ဆာ စသည့် အူမကြီးနှင့် ပက်သက်သောရောဂါများရှိခြင်း
  • အူလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားခြင်း
  • ကင်ဆာဆေးများသွင်းနေရခြင်း တို့ဖြစ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း ကို ဘယ်လိုသိနိုင်မလဲ။

ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း ကိုသိနိုင်သော စစ်ဆေးမှုများနှင့် နောက်ဆက်တွဲဆိုးကျိုးများကိုရှာဖွေနိုင်သော စစ်ဆေးမှုများမှာ

  • ဝမ်းနမူနာစစ်ဆေးခြင်း

အူမကြီးထဲရှိ C. difficile ပိုးကောင်ကို ဝမ်းနမူနာယူပြီး စစ်ဆေးနိုင်သော နည်းလမ်းများစွာရှိပါသည်။

  • သွေးစစ်ခြင်း

သွေးထဲတွင် သွေးဖြူဥများနေခြင်းဖြင့် အူရောင်ရောဂါဖြစ်နေကြောင်း သိနိုင်သည်။

  • အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း

ထိပ်တွင် ကင်မရာငယ်တပ်ဆင်ထားသော မှန်ပြောင်းကို အူမကြီးအတွင်းသို့ကြည့်ခြင်းဖြင့် ရောင်ရမ်းမှုများနှင့် အဝါရောင်အဖတ်များ ကြွတက်နေခြင်းကို တွေ့လျှင် အူရောင်ရောဂါဖြစ်နေကြောင်း သိနိုင်သည်။

  • ပုံရိပ်ဖမ်းစက်များဖြင့် ရိုက်ကူးခြင်း

ရောဂါလက္ခဏာပြင်းထန်သော သူများတွင် ဗိုက်ကို ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်းတို့ဖြင့် အူမကြီးတွင်း အဆိပ်အတောက်များကြောင့် ဖောင်းပွနေခြင်း၊ ပေါက်နေခြင်းတို့ရှိမရှိ သိနိုင်သည်။

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အောက်ပါတို့သည် ကုသနိုင်သော နည်းလမ်းများဖြစ်ပါသည်။

  • သင့်ရောဂါကို ပိုဆိုးစေသော ပိုးသတ်ဆေးများနှင့် အခြားဆေးများကို ဖြစ်နိုင်လျှင်ရပ်လိုက်ပါ။ တခါတရံတွင် ဆေးရပ်လိုက်ရုံမျှနှင့် ဝမ်းလျှောခြင်း သက်သာသွားနိုင်ပါသည်။
  • difficile ကိုသေစေနိုင်သည့် ပိုးသတ်ဆေးကို သုံးစွဲပါ။ ထိုပိုးသတ်ဆေးကြောင့် သင်သည် ရောဂါလက္ခဏာများ ခံစားနေရဆဲဖြစ်ပါက ဆရာဝန်သည် အခြားသော ဆေးအမျိုးအစားကို ပြောင်းပေးပါလိမ့်မည်။ ထိုမှသာ အူမကြီးထဲတွင် အကျိုးပြု ပိုးကောင်များ ပြန်လည်ရှင်သန်လာပြီး ရောဂါကို သက်သာစေပါလိမ့်မည်။ ပိုးသတ်ဆေးများကို သောက်ဆေး၊ ထိုးဆေး အနေနှင့် ပေးနိုင်သလို နှာခေါင်းပိုက်မှလည်းပေးနိုင်ပါသည်။ လူနာ၏ရောဂါအခြေအနေအပေါ်မူတည်ပြီး ဆရာဝန်က metronidazole (Flagyl), vancomycin, fidaxomicin (Dificid)စသည့်ပိုးသတ်ဆေးများကို တမျိုးတည်းဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ ပေးနိုင်ပါသည်။
  • လူနာ၏အခြေအနေသည် ဆိုးရွားပြင်းထန်ပါက ကျန်းမာသူတစ်ဦးထံမှ ဝမ်းကို ယူပြီး ရောဂါရှိသူ၏ အူမကြီးအတွင်းသို့ အစားထိုးခြင်းဖြင့် အူမကြီးထဲတွင် အကျိုးပြု ပိုးကောင်များ ပြန်လည်ရှင်သန်လာပြီး ရောဂါကို သက်သာစေပါလိမ့်မည်။ ထိုနည်းတွင် ဝမ်းကို နှာခေါင်းပိုက်မှထဲ့ခြင်း၊ ဆေးတောင့်များတွင် ထဲ့မြိုစေခြင်း၊ အူမကြီးထဲသို့တိုက်ရိုက်ထဲ့ခြင်းဖြင့် ဖြင့် ကုသနိုင်သည်။ တခါတရံတွင် ဆရာဝန်များသည် ပိုးသတ်ဆေးနှင့် တွဲပြီး ကုသကြပါသည်။

သင်သည် ကုသမှုများကို စတင်ခံယူသည့်အချိန်မှ စပြီး ရက်အနည်းငယ်အတွင်းတွင် ရောဂါလက္ခဏာများ သက်သာလာသည်ကို တွေ့ရမည်။ သုတေသနပညာရှင်များက အဆိုပါရောဂါကို ကုသရန် အခြားသော ပိုးသတ်ဆေးများနှင့် ကာကွယ်ဆေးများကို တီထွင်လျက်ရှိပါသည်။

အသစ်ပွားလာသော C.diffile ဇိဝမျိုးကွဲများသည် ဆေးယဉ်ပါးမှုကို ပိုဖြစ်လာစေပြီး ရောဂါကို ပြန်ဖြစ်နိုင်ချေများလာကာ ရောဂါကိုလည်းကုရာတွင် ပိုထိန်းချုပ်ရခက်စေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် အူရောင်ရောဂါပြန်ဖြစ်လာပါက အောက်ပါနည်းလမ်းများဖြင့် ကုသရမည်ဖြစ်သည်။

  • ပိုးသတ်ဆေးကို ထပ်သောက်ပါ။ သင့်ရောဂါပျောက်ရန်အတွက် ပိုးသတ်ဆေးကို ၂ ကြော့ ၃ ကြော့ လည်အောင်သောက်ရနိုင်ပါသည်။
  • ခွဲစိတ်ခြင်းသည် ကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း၊ အူပေါက်သွားခြင်း နှင့် ဝမ်းအမြှေးရောင်ရမ်းခြင်းတို့ဖြစ်လျှင် ပြုလုပ်ရပါသည်။ ပုံမှန်အားဖြင့် ရောဂါဖြစ်နေသော အူအပိုင်းကို ဖြတ်ထုတ်ပစ်သော ခွဲစိတ်မှုမျိုးကို လုပ်ရပြီး ခေတ်သစ်တွင် အူအတွင်းသို့ကြည့်သော မှန်ပြောင်းမှတဆင့် အူလမ်းကြောင်းလွှကြာ အပေါက်ဖောက်ခြင်း၊ အူသန့်ရှင်းခြင်းတို့ကို ပြုလုပ်ကြပါသည်။ ထိုကုသနည်းသည် လူနာအတွက်ပို ပြီး ထိရောက်မှုရှိကြောင်းတွေ့ရသည်။
  • ကျန်းမာသူတစ်ဦးထံမှ ဝမ်းကို ယူပြီး ရောဂါရှိသူ၏ အူမကြီးအတွင်းသို့ အစားထိုးခြင်းဖြင့် အူမကြီးထဲတွင် အကျိုးပြု ပိုးကောင်များ ပြန်လည်ရှင်သန်လာအောင်လုပ်သော ကုသနည်းကို ရောဂါခဏခဏပြန်ဖြစ်သော သူများတွင် သုံးပါသည်။ ထိုနည်းတွင် ဝမ်းကို နှာခေါင်းပိုက်မှထဲ့ခြင်း၊ ဆေးတောင့်များတွင် ထဲ့မြိုစေခြင်း ၊ အူမကြီးထဲသို့တိုက်ရိုက်ထဲ့ခြင်းဖြင့် ကုသပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • ရေများများသောက်ပါ။ ပိုတက်ဆီယံနှင့် ဆိုဒီယံဓါတ်ပါဝင်သော အားဖြည့်ရည်များသည်လည်း သင့်အတွက်ကောင်းပါသည်။ သကြားဓါတ်များသော အချိုရည်များ၊ ကော်ဖီ၊ လက်ဘက်ရည်နှင့် ကိုလာ တို့သောက်သု့ံးခြင်းက သင့်ရောဂါကို ပိုဆိုးစေပါသည်။
  • ဌက်ပျောသီးနှင့် ထမင်းကဲ့သို့ ပျော့ပြီး အစာကြေလွယ်သော အစာများကို ရွေးချယ်ပါ။ အမျှင်ဓါတ်များသော အသီးအရွက်များနှင့် ပဲများ၊ အစေ့အဆန်များကို ရှေင်ကျဉ်ပါ။ သင့်ရောဂါအခြေအနေ တိုးတက်လာမှ တဖြေးဖြေးပြန်စားပါ။
  • အစာပမာဏများများကို တခါတည်းစားခြင်းထက် အစာနည်းနည်းကိုတနေ့တာအတွင်း မကြာခဏစားပေးပါ။
  • အစပ်များသော အစားများ၊ အဆီများသော အစားအစာနှင့် ဆီကြော်မုန့်များသည် သင့်ရောဂါကို ပိုဆိုးစေသောကြောင့် ရှောင်ကျဉ်ပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement