backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း)


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ကဘာလဲ။

အစာမျိုပြွန်ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းကြောင့် အမာရွတ်ဖြစ်ရာမှ အစာမျိုပြွန် ကျဉ်းသွားခြင်းဖြစ်သည်။

Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစာမျိုပြွန်ကျဉ်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အစာခြေရည်ပြန်တက်ခြင်း သို့မဟုတ် ရင်ပူခြင်း
  • ပါးစပ်ထဲတွင် ခါးသည့်/ ချဉ်သည့် အရသာရခြင်း
  • အစာမျိုရခက်ခြင်း၊ အစာမျိုလျှင်နာခြင်း
  • မကြာခဏလေတက်ခြင်း၊ ကြို့ထိုးခြင်း
  • အလိုလိုကိုယ်အလေးချိန်ကျသွားခြင်း တို့ဖြစ်သည်။
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ အများအားဖြင့်တော့ ကင်ဆာကြောင့်မဟုတ်ပါ။ အစာခြေရည်ပြန်တက်သည့်ရောဂါကြောင့်ဖြစ်ပြီး အသက်၄၀ကျော်လျှင် အဖြစ်အများဆုံးဖြစ်သော်လည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ အဓိကပြဿနာမှာ အစာအိမ်ထဲမှ အစာချေအက်ဆစ်များ အစာမျိုပြွန်ထဲသို့ လျှံတက်လာပြီး အစာမျိုပြွန်အောက်ပိုင်းကို ရောင်ရမ်းစေခြင်းဖြစ်သည်။ ထိုသို့ ရောင်လိုက် ပြန်ကောင်းလိုက် ထပ်ကာထပ်ကာဖြစ်သောအခါ အမာရွတ်များဖြစ်လာသည်။ နောက်ဆုံး အစာမျိုပြွန်အဝတွင် ညီညာသော ကွင်းကလေးပုံစံဖြစ်ပြီး ကျဉ်းသွားသည်။ ရင်ဝမ်းတားကြွက်သားအပေါက်မှ အူကျွံခြင်းကြောင့်လည်း အစာခြေရည် ပြန်တက်နိုင်သည်။

    Schatzki’s ring ဟုခေါ်သော အစာမျိုပြွန်အောက်ပိုင်းရှိ ကွင်းကလေးသည် အစာအိမ်နှင့် အစာမျိုပြွန်တို့ ဆုံရာတွင်တည်ရှိပြီး တခါထရံ နှစ်ပေါင်းများစွာအထိ ရှိနေနိုင်သည်။ ထိုကွင်းကိုတေ့ွပါက အစာမျိုပြွန်ချဲ့သည့် ကိရိယာထည့်ပြီး အမာရွတ်တစ်သျှူးကို ထိုးခွဲကာ ကျဉ်းနေသည့်နေရာကို အလွယ်တကူချဲ့၍ ကုသနိုင်သည်။

    ကင်ဆာကြောင့်မဟုတ်သော မွေးရာပါအစာမျိုပြွန်ကျဉ်းခြင်းတွင် အမြှေးပါး/အကန့်များ အစာမျိုပြွန် နေရာတိုင်းတွင် ဖြစ်နိုင်သော်လည်း အပေါ်ပိုင်းတွင် အများဆုံးဖြစ်သည်။ မှန်ပြောင်း သို့မဟုတ် Bougie dilator ဖြင့်ချဲ့ခြင်းဖြင့်လည်း ကုသနိုင်သည်။

    အစာမျိုပြွန်ကျဉ်းစေနိုင်သော အခြားအကြောင်းများမှာ လှိုက်စားစေတတ်သောအရာများကို မျိုချမိခြင်း ဥပမာ ကြမ်းတိုက်ဆေးရည်ကဲ့သို့ အဆိပ်အတောက်များ၊ ဓါတ်ရောင်ခြည်ထိခြင်း၊ ခွဲစိတ်ကုသမှုခံယူအပြီးတွင် ဖြစ်ခြင်းနှင့် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများတဖြည်းဖြည်းထူလာသောရောဂါ တို့ဖြစ်သည်။

    အစာမျိုပြွန်မကျဉ်းသော်လည်း အစာမျိုရခက်သော် အခြေအနေများမှာ အာရုံကြောဆိုင်ရာ ပြဿနာ၊ သွေးကြောပြဿနာ၊ အစာမျိုပြွန်အတက်ထွက်ခြင်း၊ အစာမျိုပြွန်ကျုံ့သည့် လှုပ်ရှားမှုဆိုင်ရာ ပြဿနာ၊ ကြွက်သားမသန်ခြင်းနှင့် myasthenia gravis ရောဂါတို့ကြောင့်လည်း ဖြစ်နိုင်သည်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    အစာမျိုပြွန်ကျဉ်းခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ကာလရှည်ကြာစွာ အစာခြေအက်ဆစ်လျှံတက်ခြင်း
  • မွေးရာပါ အစာမျိုပြွန်ကျဉ်းခြင်း၊ အတက်ထွက်ခြင်း
  • အက်စ်ပရင်၊ အကိုက်အခဲပျောက်ဆေးနှင့် ငှက်ဖျားဆေးများ
  • အစာမျိုပြွန်ကို ကျဉ်းစေသောကုထုံးများ၊ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပြခြင်း
  • နှာခေါင်းမှအစာပိုက်ရေရှည်ထည့်ထားခြင်း၊ ကြမ်းတိုက်ဆေးရည်ကဲ့သို့ ဓါတုပစ္စည်းများ မျိုမိခြင်း
  • ရောဂါပိုးဝင်ခြင်း၊ အရေပြားရောဂါ၊ အရေပြားလေးဘက်နာ၊ အစာမျိုပြွန်ရောင်ခြင်း/ကင်ဆာ တို့ဖြစ်ကြသည်။
  • အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အစာမျိုပြွန်ကျဉ်းခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    လည်ချောင်းနှင့် အစာမျိုပြွန်ကို ဘေရီယမ်ဓါတ်မှန်ရိုက်ခြင်းတွင် ဘေရီယမ်အရည်ပျစ်ပျစ်ကို မျိုချရသည်။ ဘေရီယမ်က အစာမျိုပြွန်နှင့် အစာအိမ်ကို ဓါတ်မှန်တွင် ပိုမိုရှင်းလင်းစွာ မြင်နိုင်စေသည်။ CT scanဆိုသည်မှာလည်း ဓါတ်မှန်တမျိုးပင် ဖြစ်သည်။ CTရိုက်လျှင်ပုံထွက်ကောင်းစေရန် ကျန်းမာရေးဝန်ထမ်းက သင့်ကို ဆိုးဆေးတစ်မျိုး ပေးလိမ့်မည်။ အကယ်၍ ဆိုးဆေးနှင့် ဓါတ်မတည့်မှုဖြစ်ဖူးပါက ကြိုပြောပါ။

    မှန်ပြောင်းကြည့်ခြင်းဖြင့် အစာမျိုပြွန်ကျဉ်ခြင်း၏ အကြောင်းရင်းကို ရှာဖွေနိုင်သည်။ ဆရာဝန်က သင့်အစာမျိုပြွန်ကို ကွေးနိုင်သော ပိုက်ပျော့ဖြစ်ပြီး ထိပ်တွင်မီးအလင်းရောင်နှင့် ကင်မရာပါသည့် မှန်ပြောင်းနှင့် စစ်ဆေးကြည့်မည်။

    Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

    အစာမျိုပြွန်ချဲ့ခြင်းဖြင့် ကုသသည်။ အစာအိမ်မှန်ပြောင်းကြည့်ချိန်တွင် ချဲ့ရသည်။ လူနာကိုအိပ်ဆေးထိုးထားပြီး ပါးစပ်ထဲမှတဆင့် အစာမျိုပြွန်ထဲသို့ ဗီဒီယိုမှန်ပြောင်းကို ထည့်ရသည်။ ထို့နောက် အစာမျိုပြွန်ကို စစ်ဆေးကြည့်ပြီး ကင်ဆာကြောင့် မဟုတ်သည့် အစာမျိုပြွန်ကျဉ်းခြင်းဖြစ်ပါက နည်းလမ်းအမျိုးမျိုးနှင့် ချဲ့နိုင်သည်။

    မှန်ပြောင်းဖြင့်ထည့်၍ ကျဉ်းသည့်နေရာအရောက်တွင် ဘောလုံးကိုဖောင်းလိုက်ပြီး လူနာ၏ဝေဒနာကို သက်သာစေသည်။ မှန်ပြောင်းမသုံးဘဲချဲ့သည့် အခြားနည်းများလည်းရှိသည်။ Mallony or savory dilator ဟုခေါ်သည့် အရွယ်အစား တဖြည်းဖြည်းကြီးလာသော ကိရိယာများကို သုံးပြီး ကျဉ်းသည့်နေရာကို ချဲ့နိုင်သည်။ ချဲ့နည်းနှစ်မျိုးစလုံးတွင် လူနာကို အိပ်ဆေးပေးထားပြီး ဘယ်လိုမှခံစားရမည် မဟုတ်ပါ။

    အစာမျိုပြွန်ချဲ့ခြင်း၏ အန္တရာယ်များမှာ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ စုတ်ပြဲခြင်းတို့ ဖြစ်နိုင်ခြေရှိသည်။ ဖြစ်တောင့်ဖြစ်ခဲ ခပ်နက်နက်စုတ်ပြဲသွားပါက ခွဲစိတ်ပြုပြင်ရန် လိုနိုင်သည်။

    ကင်ဆာကြောင့်အစာမျိုပြွန်ကျဉ်းခြင်းကို ကုသနည်းများရှိသော်လည်း အများအားဖြင့် စိတ်ပင်ပန်းရတတ်သည်။ ကင်ဆာကျိတ်သည် သေး၍ အစာမျိုပြွန်ပြင်ပ အခြားနေရာသို့ မပြန့်သေးလျှင် ခွဲစိတ်ကုသရန်သင့်တော်ပြီး ရှားရှားပါးပါး ပျောက်ကင်းနိုင်ခြေရှိသည်။ ကင်ဆာသည် ပျောက်ကင်းနိုင်ခြေမရှိတော့ပါက ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ အစာမျိုပြွန်ချဲ့ခြင်း၊ လေဆာဖြင့်ကုသခြင်း၊ ဆေးထိုးခြင်း၊ အစာမျိုပြွန်ပွင့်နေစေရန် (ဝိုင်ယာဖြင့် ယက်ထားသောပြွန်) ပိုက်ထည့်ခြင်း တို့ဖြင့် သက်သာအောင်ပြုလုပ်နိုင်သည်။

    မည်သည့်အခြေအနေရောက်ရောက် လူနာတစ်ဦးချင်းဆီအတွက် အသင့်တော်ဆုံးကုသမှုပေးနိုင်ရန့် ဆရာဝန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရမည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာမျိုပြွန်ကျဉ်းခြင်းကိုကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အစာမျိုပြွန်ကျဉ်းခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

    လိုအပ်သလို အနားယူပြီး တနေ့နည်းနည်းစီ ကြိုးစားပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လုပ်ပါ။

    စားသင့်တဲ့အစာတွေအကြောင်း မေးထားပါ။ အချိန်တခုအထိ အစာအဖတ်မစားနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ရေ၊ စွပ်ပြုတ်၊ ပန်းသီးဖျော်ရည်၊ သံပုရာရည်တို့ သောက်နိုင်ပါတယ်။ ရေခဲတုံးနဲ့ ဂျယ်လီတို့စားလို့ရနိုင်ပါတယ်။ သက်သာလာလျှင်အစာပျော့ပျော့ အရည်ပျစ်ပျစ်စားနိုင်ပါတယ်။ ကောင်းကောင်းမျိုနိုင်လာလျှင်တော့ ပုံမှန်အတိုင်း အစာအဖတ်များ ပြန်စားနိုင်ပါပြီ။

    အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. May Myat Hnin Aung မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement