backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကဘာလဲ။

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းတွင် အီရိုစင်နိုဖေးလ်ဟုခေါ်သော သွေးဖြူဥတစ်မျိုးသည် အသာရေမျိုပြွန်နံရံတွင် စုပုံလာပါသည်။ ၎င်းသည် အစာ၊ အလာဂျင် သို့မဟုတ် အစာချေအက်စစ် ပြန်တက်ခြင်းအား တုန့်ပြန်ခြင်းဖြစ်ပြီး အစာရေမျိုတစ်ရှူးများကို ထိခိုက်ရောင်ရမ်းစေနိုင်၏။ ပျက်စီးနေသော အစာရေမျိုပြွန်တစ်ရှူးများကြောင့် မျိုချရခက်ခြင်း သို့မဟုတ် မျိုချသည့်အခါ အစာတစ်နေခြင်းမျိုး ဖြစ်နိုင်ပါသည်။

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းမှာ နာတာရှည် ကိုယ်ခံအားစနစ် ရောဂါမျိုးဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုလောက်ကမှသာ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အဖြစ်များဆုံး အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ အဖြစ် ယူဆနေရပါသည်။ သုတေသနများ ဆက်လုပ်နေပြီး ရောဂါအမည်တပ်ခြင်းနှင့် ကုသမှုများအား ပြန်လည်စစ်ဆေးရန် ဦးတည်လျက်ရှိပါသည်။

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းမှာ ကလေး ၁၀၀၀ လျှင် ၁ ယောက်နှုန်းရှိကြောင်း ခန့်မှန်းထား၏။ ဥရောပ၊ သြစတေးလျနှင့် အမေရိကတို့တွင် အဖြစ်များကြောင်း တွေ့ရှိရသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • လူကြီးများတွင်…

အစာမျိုရခက်ခြင်း (Dysphagia)

အစာတစ်ခြင်း

ရင်တည့်တည့်မှအောင့်နေခြင်းနှင့် အန်တစစ်များသောက်သော်လည်း မသက်သာခြင်း

အမြဲရင်ပူနေခြင်း

ဗိုက်အပေါ်ပိုင်း နာခြင်း

GERD ဆေးများနှင့်လည်း မသက်သာခြင်း

မကြေသည့်အစာများ ပြန်တက်ခြင်း

  • ကလေးများတွင်..

အစာကျွေးရခက်ခြင်း

အန်ခြင်း

ဗိုက်နာခြင်း

အစာမျိုရခက်ခြင်း

အစာတစ်ခြင်း

GERD ဆေးများနှင့် မသက်သာခြင်း

ကြီးထွားမှုနှေးခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ယခင်က GERD ကြောင့် အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းဖြစ်ရသည်ဟု ဆရာဝန်များ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါတွင် ထိုရောဂါမှာ တခြားအကြောင်းရင်းအမျိုးမျိုးရှိသော ရောဂါတစ်ခုအဖြစ် သိလာရပြီဖြစ်သည်။ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းသည် အလက်ဂျစ်ဓါတ်ပြုမှုတစ်ခုဖြစ်ပြီး အစာ သို့မဟုတ် ပန်းဝတ်မှုံများလို အလာဂျင်များနှင့် အစာရေမျိုပြွန်နံရံ ထိတွေ့ရာမှ ဓါတ်ပြုခြင်းဖြစ်ပါသည်။

အီရိုစင်နိုဖေးလ်များမှာ အစာအိမ်နှင့်အူလမ်းကြောင်းရှိ ပုံမှန်သွေးဖြူဥများဖြစ်သော်လည်း အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းတွင် ၎င်းတို့မှာ အစာရေမျိုပြွန်၌ အတော်များလာ၏။ အီရိုစင်နိုဖေးလ်များမှ ရောင်ရမ်းမှုကိုဖြစ်စေသော ပရိုတင်းများထုတ်သောကြောင့် အမာရွတ်ဖြစ်ခြင်း၊ ကျဉ်းခြင်း၊ နံရံတွင် အမျှင်တစ်ရှူးများ အလွန်အမင်း ဖြစ်ပေါ်လာခြင်းတို့ ဖြစ်လာရ၏။ ရလဒ်အနေဖြင့် အစာမျိုချရာတွင် အခက်အခဲဖြစ်ခြင်း၊ အစာများ တစ်နေခြင်းနှင့် တခြားလက္ခဏာများ ပေါ်လာခြင်းတို့ ဖြစ်လာပါသည်။

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းရှိသော လူများတွင် အစားအစာအလက်ဂျီ၊ ပတ်ဝန်းကျင်ဆိုင်ရာ အလက်ဂျီ၊ ပန်းနာရင်ကြပ်၊ အရေပြားရောင်ခြင်း သို့မဟုတ် နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါများ ရှိနေတတ်သည်။ တစ်ချို့လူများတွင် ဗီဇအရ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း ဖြစ်နိုင်ချေပိုများနေနိုင်ကြောင်းကိုလဲ ဆရာဝန်များမှ တွေးထားရပါမည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်သောလူနာဦးရေ တော်တော်တိုးပွားလာ၏။ အစတွင် သုတေသီများက ဆရာဝန်များ သတိထားကောင်းမှု၊ မှန်ပြောင်းစနစ် ကောင်းလာမှုကြောင့်ဟု တွေးခဲ့ကြသည်။ သို့သော် လေ့လာမှုများအရ ထိုရောဂါကိုက ဖြစ်ပွားနှုန်း များလာနေပြီး ပန်းနာရင်ကြပ်၊ အလက်ဂျီတို့နှင့် အပြိုင် ဖြစ်လာပါသည်။

ဖြစ်နိုင်ခြေများ

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

နယ်မြေဥတု – အေးမြသော သို့ ခြောက်သွေ့သော ဥတု

ရာသီ – နွေဦးနှင့် ဆောင်းဦးတို့တွင် ရောဂါအတည်ပြုရများသည်။ အဘယ်ကြောင့်ဆိုသော် လူများအိမ်အပြင်ထွက်များသောကာလ၊ ပန်းဝတ်မှုံကဲ့သို့ အလာဂျင်များ ပေါသောကာလ ဖြစ်သောကြောင့်ဖြစ်သည်။

လိင် – အမျိုးသမီးများထက် အမျိုးသားများတွင် အဖြစ်များ၏။

မိသားစုရာဇဝင် – မိသားစုအတွင်းဖြစ်ဖူးလျှင် သင့်၌လည်း ဖြစ်နိုင်ချေအတော်များပါသည်။

အလက်ဂျီနှင့် ပန်းနာရင်ကြပ် – အစားအစာ သို့ တခြားအရာများနှင့် အလက်ဂျစ်ရှိခြင်း သို့မဟုတ် ပန်းနာရင်ကြပ်ရှိလျှင်

အသက် – ကလေးငယ်များတွင်ဖြစ်သော ရောဂါဟု ယူဆခဲ့ကြသော်လည်း ယခု လူကြီးများတွင်ပါဖြစ်ကြောင်း သိလာရပါပြီ။ သို့သော်လည်း လက္ခဏာများ ကွဲပြား၏။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းကို အတည်ပြုနိုင်ရန်မှာ သတိထားမိမှုနောက်ကျသောကြောင့် ကျန့်ကြာနေတတ်ပါသည်။ အီရိုစင်နိုဖေးလ်များကို ရေတွက်နိုင်ရန်အတွက် ပါးစပ်မှ အစာရေမျိုထိ ပြွန်ငယ်တစ်ခုကိုထည့်ကာ အသားစယူခြင်း၊ ဒဏ်ရာများနှင့် တစ်ရှူးထူခြင်းရှိမရှိကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အကယ်၍ အတည်ပြုနိုင်ပါက မည့်သည့်အစားအစာ မည်သည့်အလာဂျင်ကြောင့် ဖြစ်နေရသည်ကိုသိနိုင်ရန် အလက်ဂျီစစ်ဆေးမှု ဆက်လုပ်ရပါမည်။

Eotaxin-3 များနေခြင်းကလည်း ဗီဇတွင် EoE ဖြစ်နိုင်ကြောင်း ပြခြင်းမျိုးဖြစ်ပြီး “EoE transcriptome” ဟုခေါ်သည့် ဗီဇကို လူနာ၏ အစာရေမျိုနံရံတွင်တွေ့နိုင်ပါသည်။ ယခုအခါ EoEgenius ဟုခေါ်သော စစ်ဆေးမှုဖြင့် အတည်ပြုစစ်ဆေးနိုင်ပါပြီ။

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းကို နာတာရှည် ပြန်ပြန်ဖြစ်တတ်သောရောဂါအဖြစ် ယူဆနိုင်ပါသည်။ ဆိုလိုသည်မှာ လူအများစုတွင် လက္ခဏာများကို ထိန်းနိုင်ရန် တောက်လျှောက် ဆေးကုသရန် လိုပါမည်။ ကုသများမှာ အောက်ပါတို့မှ တစ်မျိုး သို့ တစ်မျိုးထက်ပိုနိုင်၏။

  • အစားအသောက်ကုထုံး

သင်၏လက္ခဏာများကို သက်သာစေရန် သို့မဟုတ် ရောင်ရမ်းမှုကို လျော့ကျစေရန် အစားအစာလက်ဂျီစစ်ဆေးမှုပေါ်မူတည်ပြီး ဆရာဝန်မှ နို့ထွက်ပစ္စည်း၊ ဂျုံ စသည်များကို မစားတော့ရန် အကြံပြုကောင်းပြုနိုင်ပါသည်။ အစားအသောက်ကို ကန့်သတ်စားရန် တစ်ခါတစ်ရံလိုအပ်နိုင်ပါသည်။ အထူးညွှန်ကြားချက်များအတွက် အလက်ဂျီအထူးကုဆီ လွှဲပြောင်းကုသရနိုင်ပါသည်။

  • ဆေးများ

PPI ကဲ့သို့ အစာအိမ်အက်စစ်လျော့ဆေးများ ဆရာဝန်မှပေးနိုင်ပါသည်။ ထိုကုသမှုကို အလွယ်တကူ အသုံးပြုနိုင်သော်လည်း လူအများစုတွင် လက္ခဏာများ မသက်သာပါ။ PPI နှင့်အကြောင်းမထူးလျှင် Fluticasone သို့မဟုတ် budesonide လို စတီးရွိုက်များလဲ ညွှန်နိုင်ပါသည်။

ထိုစတီးရွိုက်များကို သွေးထဲသို့မစုပ်ယူသောကြောင့် တခြားစတီးရွိုက်များတွင်တွေ့ရသော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေလည်း နည်းသွားပါမည်။ ထိုစတီးရွိုက်များနှင့်ပါ မသက်သာဘူးဆိုပါက တခြားသော ချက်ချင်းသက်သာမည့် ဆေးမျိုး Prednisone များကို ညွှန်ကောင်းညွှန်ပါလိမ့်မည်။

စတီးရွိုက်များသည် အစာရေမျိုပြွန်၌ အီရိုစင်နိုဖေးလ်များ စုပြုံလာခြင်းကို လျော့ကျစေသလို အလက်ဂျီကြောင့်ဖြစ်သော ရောင်ရမ်းမှုကိုလည်း လျော့နည်းစေပါသည်။ ထိုအခါ အစာရေမျိုပြွန်အတွက်လည်း ပြန်ကောင်းရန်အချိန် ရနိုင်ပါမည်။ တစ်ချို့လူများတွင်တော့ အမြဲသောက်ရန် လိုမလို မေးမြန်းရန်လိုပါသည်။

  • ပြွန်ချဲ့ခြင်း

အလွန်အမင်း အစာရေမျိုပြွန်ကျဉ်းခြင်း ဖြစ်နေပါက အစာမျိုရလွယ်ကူစေရန် ပြွန်ချဲ့ဖို့ ဆရာဝန်မှ ညွှန်ပါလိမ့်မည်။ ပြွန်ချဲ့ခြင်းကို စတီးရွိုက်များ မတိုးတော့သည့်အခါတွင် လုပ်ကောင်းလုပ်ရနိုင်ပါသည်။

အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းရှိသော လူနာများတွင် အစာရေမျိုပြွန်၌ သွေးထွက်ခြင်း စုတ်ပြဲခြင်းများ ဖြစ်နိုင်သောကြောင့် ဆရာဝန်များသည် ပြွန်ချဲ့ရာတွင် စိတ်ချရမှုအခြေအနေအတွက် ပူပန်ရလေ့ရှိသည်။ အထူးသဖြင့် ချဲ့နေစဉ် ပေါက်ထွက်သွားနိုင်ပါသည်။ လေ့လာမှုများတွင် ပြွန်ချဲ့ခြင်းမှာ အစပိုင်းတွင် နာကျင်သော်လည်း တစ်ချို့လူများအတွက် လက္ခဏာများကိုသက်သာစေပြီး စိတ်ချရမှုလည်းရှိကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ၎င်းက အောက်ခံရောင်ရမ်းရသည့်အကြောင်းရင်းကို သက်သာစေမည်မဟုတ်ပါ။

  • အတွေ့အကြုံအရကုသခြင်း

သင့်အခြေအနေပေါ်မူတည်ပြီး အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းကို ကုသရာတွင် Mayo Clinic သုတေသန အစိတ်အပိုင်းအဖြစ် အတွေ့အကြုံဖြစ် ကုသခြင်းမျိုးလည်း ရယူနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းပါ။ ဝိတ်တက်ပါက ဗိုက်ကိုဖိနိုင်သည်။ ထိုမှ အစာအိမ်ကို တွန်းသလိုဖြစ်ပြီး အစာရေမျိုပြွန်သို့ အစာများပြန်ကန်တက်နိုင်ပါသည်။ ကျန်းမာသော ကိုယ်အလေးချိန်ရှိပါက ထိန်းထားပါ။ အဝလွန်နေပါက ဝိတ်ကို ဖြည်းဖြည်းချင်းချပါ။ တစ်ပတ်ကို ၁ သို့ ၂ ပေါင်ထက် ပိုမချသင့်ပါ။ သင့်အတွက်အဆင်ပြေမည့် ဝိတ်ချနည်းများကို ဆရာဝန်အားမေးမြန်းနိုင်ပါသည်။

ရင်ပူစေသည့် အစားအသောက်များကို ရှောင်ပါ။ အဖြစ်များသောအစာများမှာ အဆီများသည့်အစာများ၊ အကြော်စာများ၊ ခရမ်းချဉ်သီးဆော့၊ အရက်၊ ချောကလက်၊ ပူရှိန်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကဖိန်း တို့ဖြစ်သည်။ သင့်ကို ရင်ပူစေမည့်အစာများကို သတိပြုပြီးရှောင်ပေးပါ။

ခေါင်းအုံးကိုမြင့်ပါ။ ညအခါတွင် ရင်ပူခြင်းမျိုးဖြစ်ပါက သို့မဟုတ် လှဲလျောင်းသည့်အခါ ဖြစ်ပါက မြေဆွဲအားကိုသုံးပြီး သက်သာအောင်လုပ်နိုင်ပါသည်။ အိပ်ယာခြေရင်းကို ၆ – ၉ လက်မထိမြင့်အောင် အုတ်ခဲခုကြည့်ပါ။ မြင့်လို့အဆင်မပြေဆိုပါက ကုတင်နှင့် မွေ့ရာကြားကို ခုပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement