home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမှားလုပ်မိမှာ ကြောက်တဲ့စိတ်ကို ဘယ်လို အနိုင်ယူကြမလဲ

အမှားလုပ်မိမှာ ကြောက်တဲ့စိတ်ကို ဘယ်လို အနိုင်ယူကြမလဲ

COVID-19 အကျပ်အတည်းကာလမှာ လူတော်တော်များများဟာ စီးပွားရေး၊ အလုပ်အကိုင်တွေ နှောင့်နှေးကုန်တာဖြစ်တဲ့အတွက် စွန့်စားဖို့၊ ရှေ့ဆက်ဖို့ကို အားယူနေကြရတယ်။ ဒီအချိန်မှာ ကိုယ်ရှေ့ဆက်မယ့် ခြေလှမ်းတွေမှားသွားမှာ၊ အမှားလုပ်မိမှာ ကြောက်ပြီး လမ်းပျောက်သလိုဖြစ်တတ်ကြပါတယ်။

တကယ်တော့ ကြောက်စိတ်ဆိုတာ တခြား စိတ်ခံစားချက်တွေလိုပဲ နေ့စဥ်ဘဝမှာ အကျိုးသက်ရောက်မှုရှိပြီး မိမိလုပ်နိုင်စွမ်းကို ကန့်သတ်လိုက်သလို ဖြစ်တာကြောင့် သတိပြုပြီး ဖြေရှင်းဖို့လိုပါတယ်။ လူတိုင်းအမှားနဲ့မကင်းတတ်ပါ။ မှားမှာကြောက်တဲ့စိတ်ကြောင့် အမှားပိုလုပ်မိတာတွေ ရှိလာနိုင်တဲ့အတွက် အောက်ပါအချက်လေးတွေကို အသုံးချကာ ကြောက်စိတ်ကိုအနိုင်ယူပြီး ရှေ့ဆက်ရမယ့်အလုပ်တွေကို သတ္တိရှိရှိရင်ဆိုင်လိုက်ရအောင်။

၁) မိမိကြောက်စိတ်ကို ဖုံးကွယ်ဖို့မကြိုးစားပါနဲ့။

လူတိုင်းဟာ မိမိမှားမှာကြောက်တတ်တာ၊ ကြောက်စိတ်ရှိတာကို ဟန်ဆောင်ဖုံးကွယ်တတ်ကြပါတယ်။ အစဥ်အလာအရ သူရဲကောင်းတွေ၊ အောင်မြင်နေတဲ့သူတွေကို စိတ်ကူးယဥ်ကြည့်လိုက်ရင် ကြံ့ကြံ့ခံနိုင်ပြီး လုံးဝမကြောက်တတ်တာကိုပဲ မြင်မှာပါ။ တကယ်တော့ သူတို့ဟာ မကြောက်တတ်တာမဟုတ်ဘဲ ကြောက်စိတ်ကိုအနိုင်ယူခဲ့ကြသူများသာ ဖြစ်ပါတယ်။ ​ဒါကြောင့် ငါကြောက်စရာမလိုဘူးဆိုပြီး မိမိရဲ့ကြောက်စိတ်ကို အတင်းဖုံးဖိဖို့ မကြိုးစားပါနဲ့။ ကြောက်စိတ်ဝင်ရခြင်းဟာ များသောအားဖြင့် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရချိန်တွေမှာ ဖြစ်တာများပြီး ကိုယ့်ရဲ့ခြေလှမ်းတစ်လှမ်း တိုးလာခြင်းသာဖြစ်ပါတယ်။

၂) မိမိကြောက်စိတ်ကို သေချာမြင်အောင်ကြည့်ပါ။

တချို့လူတွေက အမှားလုပ်မိမှာကို သေရမှာထက် ကြောက်တတ်ကြပါတယ်။ အဲဒါကိုအနိုင်ယူဖို့က မိမိစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ကြောက်စိတ်ကို မိမိကြားအောင် ထုတ်ပြောလိုက်ဖို့ပါပဲ။ ဥပမာ “ငါ့ customer တွေ ကျေနပ်အောင် ငါလုပ်နိုင်မှာမဟုတ်ဘူး။ ငါ့ဝန်ထမ်းတွေ ငါ့ကြောင့်ဒုက္ခရောက်တော့မယ်။” အဲ့ဒီလိုထုတ်ပြောလိုက်ခြင်းအားဖြင့် မိမိကြောက်စိတ်ဟာ အဓိပ္ပာယ်မရှိ၊ မဖြစ်သင့်တာတွေကို ကြောက်နေမိမှန်း ပေါ်လွင်သွားပြီး လျော့ကျသွားပါလိမ့်မယ်။

နောက်တစ်ခုက အမှန်တရားကိုလက်ခံလိုက်ပါ။ ဥပမာ “လူတိုင်း အမြဲ perfect မဖြစ်နိုင်ဘူး” စသဖြင့် … အဲဒီလိုအရှိကို အရှိတိုင်းချရေးလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့အားသာချက်တွေကို တန်ဖိုးထားပါ။ အဲဒီလိုတန်ဖိုးထားခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး ကြောက်စိတ်တွေလျော့ကျသွားမှာ ဖြစ်ပါတယ်။

၃) မိမိလုပ်ရမှာကိုပဲ အာရုံစိုက်ပါ။

ကြောက်စိတ်တွေဟာ သေချာအသုံးချရင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ဖို့အတွက် အခွင့်အရေးတွေပါပဲ။ ​စိုးရိမ်စိတ်တွေဟာ လေးလေးနက်နက် လုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်ဖြစ်တာကြောင့် ကိုယ်စိုးရိမ်ရတဲ့အရာကို အာရုံစိုက်ပြီးအဖြေရှာလိုက်ရင် ၊တွန်းအားတစ်ခုအနေနဲ့အသုံးချလိုက်ရင် ပိုမိုကောင်းမွန်တဲ့ အဖြေတွေရရှိလာမှာပါ။

ကျွန်ုပ်တို့အားလုံးဟာ ရလဒ်တွေကိုထိန်းချုပ်လို့မရပေမဲ့ ကောင်းမွန်တဲ့ရလဒ်တွေရအောင် မိမိရဲ့လုပ်ဆောင်ချက်တွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ မိမိစိုးရိမ်နေတဲ့အရာတွေဟာ တကယ်ကော မှန်ကန်မှုရှိရဲ့လား။ မိမိစိုးရိမ်နေတာကော ဖြစ်သင့်လား။ အဲလိုမဖြစ်အောင်ဘယ်လိုကြိုတင်ကာကွယ်ရမလဲ။ မိမိစိုးရိမ်နေသလို ဖြစ်လာခဲ့ရင်ကော ဘာတွေဆက်ဖြစ်နိုင်လဲ။ ဘာတွေလုပ်ဆောင်လို့ရလဲ စတာတွေကို မှန်မှန်ကန်ကန်တွေးတောပြီး ကြိုတင်ပြင်ဆင်ထားရင် ရလဒ်လည်းကောင်းမှာအသေချာပါပဲ။

၄) မိမိအတွေးကို ပြောင်းလဲပစ်ပါ။

ကြောက်စိတ်ဟာ ဝံပုလွေကို နှစ်ဆပိုကြီးစေတယ် ဆိုသလို ကြောက်စိတ်ကြောင့် မိမိအမြင်တွေ၊ အယူအဆတွေကိုလည်း ဘောင်ခတ်သလိုဖြစ်ပြီး သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် မိမိကြောက်နေတဲ့အရာကို သေးငယ်သွားအောင် ဒီထက်ပိုကြောက်စရာကောင်းတာတွေကို တွေးတောကြည့်ပါ။ ဥပမာ မိမိက ဒီအလုပ်တွေကိုမလုပ်ချင်ဘူး။ ​မှားမှာကြောက်နေတယ်ဆိုရင် အလုပ်ပြုတ်သွားရင် ပိုပြီးသွေးပျက်စရာဖြစ်မယ့် အတွေးမျိုးကို တွေးကြည့်ပါ။ ဒါဆိုရင် မိမိကြောက်နေတဲ့အရာဟာ ပါမွှားဖြစ်သွားပါလိမ့်မယ်။ အောင်မြင်နေတဲ့သူတွေဟာ ပုံမှန်လူတွေ တွေးကြောက်လေ့ရှိတဲ့အရာတွေကို ဂရုတောင်မစိုက်တတ်ကြပါဘူး။

၅) အားလပ်ချိန်ရဲ့တန်ဖိုးကိုသိပါ။

ကြောက်စိတ်ဟာ အာရုံစူးစိုက်မှုရဲ့ ရန်သူဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စိတ်ကို လျစ်လျူရှုထားလို့မရပါဘူး။ တချို့လူတွေဟာ ​စိုးရိမ်စိတ်ကို သတိမထားမိဘဲ အလွန်အမင်း တုံ့ပြန်တတ်ကြပါတယ်။ ဥပမာ စိုးရိမ်လွန်ပြီး တစ်ညလုံးမအိပ်ဘဲ အလုပ်လုပ်နေတတ်တာမျိုး။ ဒါဟာ စိုးရိမ်ကြောင့်ကြမှုဖြစ်ရင် ခန္ဓာကိုယ်ကနေ ထွက်တတ်တဲ့ Adrenaline အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့်ပါ။ ဒီလိုလုပ်တာဟာ ကောက်ရိုးမီးလိုပဲ ရေတိုသာအကျိုးရှိပြီး ရေရှည်အတွက်ဆိုးကျိုးများပါတယ်။ ရေရှည်မှာ အောင်မြင်မှုရဖို့ဆိုရင် အိပ်ချိန်မှန်ပြီး မိမိအားလပ်ချိန်မှာ ကောင်းမွန်စွာ အနားယူဖို့လိုပါတယ်။

၆) မိမိကိုဆွဲချနေတဲ့ ပတ်ဝန်းကျင်ကနေ ရှောင်ထွက်သွားလိုက်ပါ။

အထက်မှာဖော်ပြခဲ့သလိုပဲ လူတွေဟာကြောက်လာပြီဆိုရင် အာရုံစူးစိုက်မှုတွေပျောက်ဆုံးပြီး အစစအရာရာကို သတိထားမိနေတတ်ပါတယ်။ ဥပမာ facebook တစ်ချိန်လုံးသုံးပြီး သူများတွေဘာတွေလုပ်နေသလဲ လိုက်ကြည့်တာမျိုး၊ မကြာခဏဆိုသလို အချက်အလက်တွေ ရှာဖွေနေတာမျိုး စသဖြင့်ပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် အချက်အလက်တွေဟာ ပိုမိုများပြားလာပြီး စိတ်ထဲပိုမိုရှုပ်ထွေးလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်မိနေပြီဆိုရင် မိမိအပြုအမူကိုသတိထားဖို့လိုပါတယ်။

အချုပ်ပြောရရင် ​အမှားလုပ်မိမှာကြောက်နေတဲ့စိတ်ကြောင့် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်မှာ မဟုတ်သလို negative result တွေကိုပဲ တစ်ချိန်လုံးတွေးနေမိတာဖြစ်တဲ့အတွက် ရလဒ်ကောင်းရလာဖို့ မသေချာပါဘူး။ ဒါကြောင့် မိမိစိုးရိမ်စိတ်၊ ကြောက်စိတ်ကို အတိုင်းအတာတစ်ခုထိသတ်မှတ်ပြီး တွန်းအားတစ်ခုအနေနဲ့ ပြောင်းလဲအသုံးချခြင်းဖြင့် အောင်မြင်မှု၊ ရလဒ်ကောင်းတွေ ရယူလိုက်ကြပါစို့။ ။

ရေးသားသူ – အမရာကျော်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

How to Overcome Your Fear of Making Mistakes, Alice Boyes

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 11/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။