home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ သိမ်းဆည်းကြမယ်

အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်စွာ သိမ်းဆည်းကြမယ်

တချို့ အစားအသောက်တွေက ဝယ်လာပြီးပြီးချင်း လတ်လတ်ဆတ်ဆတ် စားသုံးရမှာတွေရှိသလို တချို့ကျတော့ ကြာရှည်အထားခံအောင် သိမ်းဆည်းထားရတာတွေ ရှိပါတယ်။ အခုတစ်ခေါက်တော့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် စနစ်တကျသိမ်းဆည်းရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။

အရင်ဆုံး ကိုယ့်ရဲ့ရေခဲသေတ္တာအပူချိန်ကို သေချာထိန်းသိမ်းရပါမယ်။ အစားအသောက်တွေ သိမ်းဆည်းတဲ့ ရေခဲသေတ္တာအပူချိန်ကို အမြဲတမ်း ၅ ဒီဂရီ စင်တီဂရိတ် (ဒါမှမဟုတ်) ဒီထက်နည်းတဲ့ အပူချိန်မှာပဲ ထားပါ။ တချို့ရေခဲသေတ္တာတွေက အတွင်းပိုင်းအပူချိန်ကို ဖော်ပြပေးတဲ့ ဒစ်ဂျစ်တယ်စနစ် ပါဝင်တာကြောင့် အပူချိန်ထိန်းညှိဖို့ ပိုအဆင်ပြေစေပါတယ်။ အစားအသောက် လက်ကျန်တွေထဲက ဘယ်ဟာတွေကို လွှင့်ပစ်မလဲ၊ ဘယ်ဟာတွေကို သိမ်းဆည်းမလဲဆိုတာ တစ်ပတ်တစ်ခါ စစ်ဆေးပေးပါ။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အစားအသောက်တွေကို ၃ လတစ်ကြိမ်လောက် အကုန်ထုတ်ပြီး ရေခဲသေတ္တာကို သေချာ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

အအေးခန်း (freezer) ထဲတွင် သိမ်းဆည်းခြင်း

အစားအသောက်အတော်များများကို ရေခဲသေတ္တာ အအေးခန်း (freezer) ထဲမှာ ထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။ ဒီလိုအေးခဲသိမ်းဆည်းလိုက်ရင် အစားအသောက်ထဲ ပိုးမွှားတွေ ပေါက်ပွားမှုကို အတော်လေး နှေးကွေးသွားစေပြီး အချိန် ကြာကြာထားပြီး စားသုံးလို့ရစေပါတယ်။ ဒိန်ချဉ်၊ ချိစ်၊ နို့၊ အသားငါး၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ ကွတ်ကီး၊ ကိတ်မုန့်၊ ပေါင်မုန့် စတာတွေကိုလည်း အေးခဲပြီးသိမ်းဆည်းနိုင်ပါတယ်။ ဒါပေမဲ့ ရေဓာတ်ပါဝင်မှုများတဲ့ ဖရဲသီး၊ စတော်ဘယ်ရီလို အသီးတွေကို အေးခဲသိမ်းဆည်းရင် ချက်ပြုတ်စားလို့ အဆင်ပြေနိုင်ပေမဲ့ အသီးတွေ ပျော့စိစိတော့ ဖြစ်သွားနိုင်ပါတယ်။ အေးခဲသိမ်းဆည်းတော့မယ်ဆိုရင် အစားအသောက်တွေကို လေလုံဗူး (ဒါမှမဟုတ်) အအေးဒဏ်ခံနိုင်တဲ့ လေလုံအိတ်ထဲ ထည့်ပြီးသိမ်းဆည်းရပါမယ်။ ဒီလိုမှ မဟုတ်ရင် အေးခဲခန်းထဲက လေအေးကြောင့် အစားအသောက်တွေ ခြောက်ကပ်သွားတတ်ပါတယ်။

ဥအမျိုးမျိုး သိမ်းဆည်းခြင်း

ကြက်ဥ၊ ဘဲဥလို ဥတွေကို ရေခဲသေတ္တာထဲမှာဖြစ်ဖြစ်၊ အအေးခန်းထဲမှာဖြစ်ဖြစ် ကြာရှည်ခံအောင်ထားနိုင် ပါတယ်။ သာမန်အပူချိန်မှာလည်း သူ့အံခွက်လေးနဲ့သူ သေချာ သိမ်းလို့ရပါတယ်။

အသား၊ ငါးများ သိမ်းဆည်းခြင်း

အသားငါးတွေမှာ ပိုးမွှားတွေမပေါက်ပွားအောင် ရေခဲသေတ္တာထဲ ထည့်ပြီး သေချာသိမ်းဆည်းဖို့ အရေးကြီးပါတယ်။

– အသားငါးတွေကို သန့်ရှင်းတဲ့ အလုံပိတ်ဗူးထဲထည့်ပြီး ရေခဲသေတ္တာအောက်ထပ်မှာ သိမ်းဆည်းနိုင်ပါတယ်

– ဘယ်အသားငါးကိုမဆို သတ်မှတ်ထားတဲ့ရက်စွဲ (use by date) ထက်ကျော်ရင် လုံးဝမစားသုံးပါနဲ့

– ချက်ပြုတ်ပြီးတဲ့အသားငါးဟင်းတွေနဲ့ အသားစိမ်းငါးစိမ်းတွေကို သေချာခွဲခြားထားရပါမယ်

အသားငါးတွေကို ရေခဲသေတ္တာအအေးခန်း (freezer) ထဲထည့်သိမ်းဆည်းမယ်ဆို ဒီအချက်တွေလိုက်နာပါ

– သတ်မှတ်ထားတဲ့ရက်စွဲ (use by date) မကျော်ခင် အအေးခန်းထဲမှာပဲသိမ်းဆည်းပါ

– အသားငါးတွေကို ချက်ပြုတ်ဖို့ အအေးခန်းထဲက ထုတ်ပြီးရင် ရေခဲလုံးဝအရည်ပျော်သွားတဲ့အထိ ထားပြီးမှ ချက်ပြုတ်ပါ

– အကယ်၍ အအေးခန်းထဲက ထုတ်ပြီးတာနဲ့ ချက်ချင်းချက်ပြုတ်ဖို့ စီစဉ်ထားရင် မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့်ပြီး နွှေးလိုက်လို့ရပါတယ်

– ချက်ပြုတ်ရင်လည်း သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးပါ

– အအေးခန်းထဲမှာ သိမ်းဆည်းမယ့် အသားတွေကို သေချာထုပ်ပိုးပြီး သိမ်းဆည်းသင့်ပါတယ်။ သေချာမထုပ်ပိုးခဲ့ရင် အအေးဓာတ်ကြောင့် အသားတွေ အရမ်းမာသွားပြီး စားသုံးလို့မရဘဲ ဖြစ်သွားတတ်ပါတယ်

– အအေးခန်းထဲက ထုတ်ပြီးရင် ၂၄ နာရီအတွင်း ချက်ပြုတ်စားသုံးပါ

အရေးကြီးတဲ့ အချက်တစ်ချက်က အသားစိမ်းငါးစိမ်းတွေကို အအေးခန်းထဲကထုတ်ပြီး ရေခဲလုံးဝအရည်ပျော်သွားမှ ပြန်ပြီးအေးခဲတာမျိုး လုံးဝ(လုံးဝ) မလုပ်ဖို့ပါပဲ။ ရေခဲပျော်သွားတဲ့အခါ အသားငါးထဲမှာ ပိုးမွှားတွေ ပြန်ပေါက်ပွားလာတတ်ပြီး အအေးခန်းထဲထည့်ကာ ရေခဲပျော်အောင် လုပ်လိုက်မယ်ဆို ပိုးမွှားတွေ အဆမတန် ပိုများလာမှာပါ။ ချက်ပြုတ်ပြီး အသားဟင်းငါးဟင်းတွေကိုလည်း နောက်ပိုင်းစားသုံးဖို့ အေးခဲပြီး သိမ်းဆည်းလို့ရပါတယ်

ဟင်းလက်ကျန်တွေကို ဘယ်လိုလုပ်မလဲ

စားသောက်လို့မကုန်တဲ့ ဟင်းလက်ကျန်တွေကိုလည်း လွှင့်မပစ်နဲ့နော်။ ဒါတွေကို ပြန်နွှေးပြီး စနစ်တကျ စားသုံးလို့ရနိုင်ပါသေးတယ်

– ဟင်းလက်ကျန်တွေရှိရင် အပြင်မှာအကြာကြီးမထားပါနဲ့။ ၂ နာရီအတွင်း ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်ပါ

– ဖြစ်နိုင်ရင်ဗူးသေးတွေနဲ့ တစ်ယောက်စာလေးတွေ ခွဲထည့်ပြီး သိမ်းဆည်းပါ

– ရေခဲသေတ္တာထဲထည့်ထားတဲ့ ဟင်းလက်ကျန်တွေကို ၂ ရက်အတွင်းကုန်အောင်စားသုံးပါ

– ဟင်းလက်ကျန်တွေကို ပြန်နွှေးရင် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ် ထိရောက်အောင် ၂မိနစ်လောက်နွှေးပေးပါ

– နွှေးပြီးတဲ့ ဟင်းလက်ကျန်တွေကို ၁ ရက်အတွင်းသာစားသုံးပါ

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 16/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။