backup og meta

စအိုပြည်တည်နာအကြောင်း သိကောင်းစရာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စအိုပြည်တည်နာအကြောင်း သိကောင်းစရာ

    စအိုနားတဝိုက်မှာ ပြည်တည်တာဟာ အရမ်းနာတဲ့ အပြင် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာ နေထိုင်မှုကိုသာမက အလုပ်အကိုင်ကိုပါ ထိခိုက်စေပါတယ်။ ဒီနေရာမှာ ဆက်သိဖို့လိုလာတာက စအိုပြည်တည်နာဆိုတာ ဘာလဲ၊လက္ခဏာတွေကဘာလဲ ဒါမှမဟုတ် ဒီအခြေအနေဖြစ်နေမှန်းဘယ်လို သိနိုင်မလဲ စတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို အောက်မှာ ပေးထားပါတယ်။ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။

    •စအိုပြည်တည်နာ ဆိုတာ ဘာလဲ။

    စအိုပြည်တည်နာ ဆိုတာ စအိုနားပတ်ချာလည် အနီးတဝိုက်မှာ ပြည်တွေစုပုံလာပြီး အရမ်းနာကျင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ စအိုတဝိုက်က ဂလင်း အသေးလေးတွေမှာ ပိုးဝင်တာဟာ စအိုပြည်တည်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

    အများဆုံး မြင်တွေ့ရတတ်တဲ့ အမျိုးအစားကို perianal abscess လို့ ခေါ်ပါတယ်။ စအိုအနီးမှာ မီးလောင်ဖုလို ဖောင်းဖောင်းကြီးတွေ ဖြစ်လာတာဖြစ်ပြီး အရမ်းနာတဲ့ အနေအထားကို ဆိုလိုတာပါ။ အဆိုပါ နေရာတွေကို ကိုင်ကြည့်ရင် ပူနွေးနေတာကို တွေ့ရမှာဖြစ်ပြီး နီရဲလည်း နေပါလိမ့်မယ်။ တစ်ရှူးအတွင်းပိုင်းခပ်နက်နက်မှာ ဖြစ်တဲ့ ပြည်တည်နာတွေကတော့ ဖြစ်ခဲတဲ့အပြင် ဖြစ်ရင်လည်း အလွယ်တကူ မမြင်နိုင်ပါဖူး။

    စအိုပြည်တည်နာ ဖြစ်ပြီဆိုရင် အထဲက ပြည်တွေကို ဖောက်ထုတ်ပစ်ခြင်းနဲ့ အများဆုံး ကုသပါတယ်။ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်က ပြုလုပ်ပေးမယ်ဆိုရင် ဒီကုသမှုနည်းလမ်းဟာ စအိုပြည်တည်နာအတွက် အင်မတန်မှကို အကျိုးရှိလှပါတယ်။ စအိုပြည်တည်နာဖြစ်တဲ့ လူနာ တဝက်လောက်ဟာ ဂရင်ဂျီနာဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတမျိုး၊ရောဂါတမျိုးနဲ့ ရင်ဆိုင်ရလေ့လည်း ရှိပါသေးတယ်။ ဂရင်ဂျီနာဆိုတာကို ရှင်းပြပါမယ်။ အတွင်းဖက်တစ်ရှူးမှာ ပြည်တည်နေတဲ့ နေရာနဲ့ အပေါ်ယံအရေပြားတို့အကြားမှာ ပုံမှန်အတိုင်းဆို မရှိရမယ့် ဆက်သွယ်ရေးလမ်းကြောင်းလေးဖြစ်လာတာကို ဂရင်ဂျီနာလို့ ခေါ်ပါတယ်။ လူနာအများစုမှာ ဂရင်ဂျီနာကိုယ်တိုင်က စအိုပြည်တည်နာခဏခဏ ဖြစ်ရတဲ့ အကြောင်းရင်းခံ ဖြစ်နေတတ်ပါတယ်။ ဂရင်ဂျီနာ ဖြစ်ပြီဆိုရင် ခွဲစိတ်မှုကတော့ ကျိန်းသေပေါက်နီးနီးကို လုပ်ရလေ့ရှိပါတယ်။

    •စအိုပြည်တည်နာ ဘာလို့ဖြစ်တာလဲ။

    အကြောင်းရင်းတွေအများကြီးရှိပါတယ်။ စအိုဂလင်းတွေ ပိတ်တာ၊ဂရင်ဂျီနာမှာ ပိုးထပ်ဝင်တာ (အပေါ်ယံအရေပြားမှာ အပေါက်အပြဲ အနာဖြစ်ရင်) ဒါမှမဟုတ် လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေကြောင့်လည်း စအိုပြည်တည်နာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်(ပါးစပ်၊စအို၊ယောနိ စသဖြင့်) လိင်ဆက်ဆံမယ်ဆိုရင် အရည်အသွေးပြည့်မှီတဲ့ ကွန်ဒုံးကို အသုံးပြုခြင်းဟာ စအိုပြည်တည်နာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အန္တရာယ်ရှိလှတဲ့ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် (သင့်အတွက်ရော သင့်အဖော်အတွက်ပါ) ကွန်ဒုံး စနစ်တကျ အသုံးပြုနည်းကို လေ့လာထားရပါမယ်။ ကလေးပိစိတွေမှာဆိုရင်လည်း ဖေဖေ၊မေမေ ဒါမှမဟုတ် ကလေးထိန်း အနေနဲ့ ရှူးခံ၊အီးခံတွေကို မှန်ကန်စွာ မကြာခဏလဲပေးရမှာ ဖြစ်တဲ့အပြင် သေသေချာချာ ပြောင်စင်အောင် ဆေးကြောပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ဂရင်ဂျီနာနဲ့ စအိုပြည်တည်နာတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    စအိုပြည်တည်နာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    •အပေါ်ယံလွှာ စအိုပြည်တည်ခြင်းရဲ့ လက္ခဏာတွေက

    =နာကျင်ခြင်း —-> တခါတလေမှနာတာ၊တချိန်လုံးနာနေတာ၊ ထိုင်လိုက်ရင် ပိုနာတာ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

    =စအိုတဝိုက်မှာ နီရဲ၊ရောင်ရမ်း၊အထိမခံ နာကျင်တာ။

    =ပြည်တွေထွက်တာ။

    =ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းသွားရင် နာတာ။

    ပိုနက်တဲ့ အတွင်းဖက်ကျတဲ့ နေရာတွေမှာ ပြည်တည်ရင်တော့ ချမ်းတုန်ဖျားတာ ဒါမှမဟုတ် နုံးခွေမအီမသာဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တခါတလေ အတွင်းဖက်နက်နက်မှာ စအိုပြည်တည်နာဖြစ်တဲ့ လူနာတွေဟာ ပိုးဝင်ခြင်းရဲ့ လက္ခဏာဖြစ်တဲ့ ဖျားတာကလွဲပြီး ဘာလက္ခဏာမှ မပြတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

    စအိုပြည်တည်နာဟာ သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကို အတော်လေး ဒုက္ခပေးနိုင်တဲ့ ရောဂါအခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို ကာကွယ်ဖို့အတွက် သင်သိထားရမှာက တကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးဖို့ပါပဲ။ ဒါတင်မကသေးပါဖူး။ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးကို သုံးဖို့ဟာလည်း ဒီရောဂါအတွက်ကော တခြားနောက်ဆက်တွဲ ပြဿနာတွေအတွက်ပါ အရမ်းအရေးကြီးလှပါကြောင်း။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement