backup og meta

မွေးလာမယ့် ရင်သွေးငယ်မှာ နှလုံးပြဿနာရှိ၊ မရှိ အက်ကိုးနည်းပညာဖြင့် ရှာဖွေခြင်း (Fetal Echocardiogram)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးလာမယ့် ရင်သွေးငယ်မှာ နှလုံးပြဿနာရှိ၊ မရှိ အက်ကိုးနည်းပညာဖြင့် ရှာဖွေခြင်း (Fetal Echocardiogram)

    မိခင်ကိုယ်ထဲကဖွံ့ဖြိုးဆဲ ရင်သွေးငယ်မှာ နှလုံးပြဿနာရှိမရှိ ရှာဖွေပေးတဲ့ နှလုံးအက်ကိုးနည်းပညာအကြောင်း ပြောပြသွားပါ့မယ်။

    မွေးရာပါရောဂါတွေထဲမှာ မွေးရာပါနှလုံးဖွံ့ဖြိုးတဲ့ ပုံစံမမှန်လို့ဖြစ်တဲ့ နှလုံးပြဿနာလည်းအဖြစ်များပါတယ်။ ကလေးငယ်ရဲ့ နှလုံးအစိတ်အပိုင်းက မိခင်ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာတည်းက စပြီးဖွဲ့စည်းပါတယ်။ စစချင်းမှာတော့ နှလုံးဟာ ပြွန်လိုလို၊ ပိုက်လိုလို ရှည်မျောမျောပုံစံ ဖြစ်ပါတယ်။ နောက်မှဖြည်းဖြည်းချင်းပုံစံ ပြောင်းလာပြီး နှလုံးသွေးလွှတ်ခန်း၊သွေးပြန်ခန်းတွေ၊ နှလုံးအဆို့ရှင်တွေ ဖြစ်သွားတဲ့အထိ ပုံဖော်သွားတာပဲ ဖြစ်ပါတယ်။ ပုံဖော်တဲ့နေရာမှာ မှန်မှန်ကန်ကန်မဖြစ်ဘဲ တစ်ခုခုလွဲမှားသွားတာနဲ့ နှလုံးအခန်းတွေတည်ဆောက်ပုံ မှားယွင်းတာ၊ အဆို့ရှင်တွေ ကောင်းကောင်းမပွင့်တာတွေ ဖြစ်ကုန်ပါတယ်။ ဒီလိုဖွဲ့စည်းပုံမမှန်တော့ရင် မွေးရာပါ နှလုံးရောဂါခံစားရမှာပဲ ဖြစ်ပါတယ်။

    ဘာ့ကြောင့် မွေးရာပါနှလုံးပြဿနာ ဖြစ်ရတာလဲ

    ဘာ့ကြောင့် တချို့ကလေးတွေမှာ မွေးရာပါနှလုံးပြဿနာရှိပြီး တချို့ကဘာလို့မဖြစ်ရသလဲဆိုတာကိုတော့ အခုထိရှာဖွေနေတုန်းပါ။ ဒါပေမဲ့ မိခင် ဒါမှမဟုတ် မိသားစုထဲမှာ မွေးရာပါနှလုံးပြဿနာရှိသူပါဝင်ရင် ကလေးငယ်မှာ နှလုံးပြဿနာ ပိုဖြစ်နိုင်တယ်လို့တော့ ယေဘုယျအားဖြင့်ယူဆထားကြပါတယ်။

    မွေးရာပါနှလုံးပြဿနာက စိုးရိမ်ရလား

    မွေးရာပါနှလုံးပြဿနာလို့ ဆိုတိုင်းလည်း တအားကြီး စိတ်ပူစရာတော့ မလိုအပ်ပါဘူး။ အခြေအနေအရမ်းဆိုးပြီး အသက်အန္တရာယ်စိုးရိမ်ရရင် ခွဲစိတ်ကုသမှုလုပ်ပြီး ကုသဖို့လိုအပ်ပေမဲ့ သူ့အလိုလိုပြန်ကောင်းသွားနိုင်တဲ့ နှလုံးပြဿနာတွေလည်းရှိပါတယ်။

    ကလေးကို နှလုံးအက်ကိုး ဘယ်လိုရိုက်သလဲ

    မွေးလာမယ့် ကလေးမှာ နှလုံးပြဿနာရှိမရှိ ကြိုတင်ရှာဖွေပေးနိုင်တဲ့ နည်းပညာတွေလည်းရှိနေပါပြီ။ ကလေးနှလုံး ဖွဲ့စည်းပုံမှာ ပြဿနာရှိမရှိကို နှလုံးအက်ကိုးရိုက်ပြီး ရှာဖွေပေးနိုင်ပါတယ်။ အက်ကိုးရိုက်ခြင်းက တကယ်တော့ အဆင့်မြင့် အယ်လ်ထရာဆောင်း နည်းပညာတစ်ခုပါပဲ။ ဘာနာကျင်မှုမှ မခံစားရဘဲ သက်သောင့်သက်သာလုပ်နိုင်ပြီး မိခင်နဲ့ကလေးအတွက်လည်း ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အက်ကိုးရိုက်တဲ့အခါမှာ Transducer လို့ခေါ်တဲ့ ကြိမ်နှုန်းမြင့်အသံလှိုင်း ထုတ်ပေးတဲ့ ကိရိယာလေးကို မိခင်ဗိုက်ပေါ်ထောက်ပြီး ရိုက်ကူးပါတယ်။ Transducer က ထုတ်လွှင့်လိုက်တဲ့ အသံလှိုင်းတွေက ကလေးရဲ့ ကိုယ်တွင်းကလီစာတွေကို ပုံဖော်ပေးပါတယ်။ ဒီပုံရိပ်တွေကို ကြည့်ပြီး ကလေးရဲ့နှလုံးတည်ဆောက်ပုံမှာ ပြဿနာရှိမရှိ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ နှလုံးအက်ကိုးကနေ နှလုံးတည်ဆောက်ပုံတင်မကဘဲ နှလုံးသွေးစီးဆင်းမှုကိုပါ ကြည့်ရှုနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်တိုင်း ကလေးနှလုံးအက်ကိုးရိုက်ဖို့ လိုအပ်သလား

    ကိုယ်ဝန်ဆောင်တိုင်းမဟုတ်ပေမဲ့ ဒီလိုအခြေအနေတွေရှိနေရင်တော့ ရိုက်ကူးသင့်ပါတယ်

    – မွေးချင်းမောင်နှမ (ဒါမှမဟုတ်) မိဘ တစ်ယောက်ယောက်မှာ မွေးရာပါနှလုံးရောဂါရှိနေခဲ့ရင်

    မျိုးရိုးလိုက်တဲ့ရောဂါတစ်ခုခု ခံစားနေရသူဖြစ်ရင်

    – မွေးလာမဲ့ကလေးမှာ ဗီဇချို့ယွင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုခုရှိနေခဲ့ရင် (ဥပမာ-ဒေါင်းရောဂါလက္ခဏာစု)

    – မွေးရာပါ နှလုံးရောဂါဖြစ်စေတဲ့ ဆေးတစ်မျိုးမျိုးကို မိခင်ဖြစ်သူက သောက်သုံးနေခဲ့ရင်

    – ကိုယ်ဝန်မဆောင်ခင်ကတည်းက မိခင်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် ကိုယ်တွင်းခုခံအားနဲ့ဆိုင်တဲ့ရောဂါ တစ်ခုခုရှိသူဖြစ်နေခဲ့ရင်

    – ကိုယ်ဝန်ဆောင်မိခင်မှာ ကူးစက်ရောဂါတစ်ခုခု ရှိနေခဲ့ရင် (ဥပမာ-ဂျာမန်ဝက်သက်ရောဂါ)

    – ပုံမှန်ဗိုက်အပ်တဲ့အချိန်မှာ ကလေးအခြေအနေနဲ့ပတ်သက်ပြီး မသင်္ကာစရာတစ်ခုခု စမ်းသပ်တွေ့ရှိရင်

    ကလေးနှလုံးခုန်သံက ပုံမှန်ဖြစ်မနေဘူးဆိုရင်

    စတဲ့အခြေအနေတွေဖြစ်ပါတယ်။

    ကလေးနှလုံးအက်ကိုးမရိုက်ခင်ဆောင်စရာ၊ ရှောင်စရာတွေရှိလား

    ဘာမှထွေထွေထူးထူးလုပ်စရာမလိုပါဘူး။ အစားအသောက်ကို ပုံမှန်အတိုင်း စားသောက်နိုင်ပြီး အယ်ထရာဆောင်း မရိုက်ခင်မှာလို ဆီးတင်းစရာလည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ နှလုံးအက်ကိုးရိုက်မယ့် နေ့မှာတော့ ဗိုက်ကို လိုးရှင်းတွေ၊ ပေါင်ဒါမှုန့်တွေ မလိမ်းထားရင်ပိုကောင်းပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement