backup og meta

အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားကြမယ်


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားကြမယ်

    အသည်းက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲမှာ အကြီးမားဆုံးအစိတ်အပိုင်းပါ။ အသည်းက ခန္ဓာကိုယ်အတွက် လုပ်ငန်းဆောင်တာပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးနေပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေထဲမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလည်း တစ်ခုအပါအဝင်ပေါ့။

    အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျန်းမာတဲ့ အစာခြေစနစ်ဖြစ်ပေါ်လာစေဖို့အတွက် သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ အသည်းကျန်းမာနေမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်မှာပါ။ ဒါကြောင့် အသည်းကျန်းမာရေးက မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ အသည်းမှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းနည်းလာပြီး အမျိုးမျိုးသော ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။

    ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေတာပါ

    ခန္ဓကိုယ်အတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်တဲ့ အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုရင် –

  • အရေပြားတွေ ယားယံမယ်
  • အသားတွေ ဝါလာမယ်
  • ရောင်ရမ်းမယ်
  • သွေးကြောဆိုင်ရာ ရောဂါတွေခံစားရမယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • မအီမသာဖြစ်မယ်
  • ဝမ်းလျှောမယ်
  • ဆီးအရောင်ရင့်မယ်
  • ဗိုက်ထဲကအောင့်မယ်
  • အစားစားချင်စိတ်မရှိဖြစ်မယ်။
  • အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာတဲ့ အသည်းလေးဖြစ်စေဖို့

    အသည်းကျန်းမာစေဖို့ အတွက် နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထနဲ့ အစားအစာ အမူအကျင့်လေးတွေကို သတိထားလုပ်ဆောင်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ အသည်းကျန်းမာပြီး အဆိပ်အတောက်ကင်းစင်စေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။

    နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် B များများပါဝင်အောင်စားသုံးပေးပါ။

    ဗီတာမင် B ကဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်စေပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် B များများထည့်သွင်းစားသုံးမယ်ဆိုရင် စွမ်းအင်တွေဖြစ်လာစေဖို့အတွက် ဆဲလ်တွေက အာဟာရဓာတ်တွေ ဖြိုခွဲလုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး အသည်းတဝိုက်မှာ အဆီပိုတွေ စုစည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဗီတာမင် B ကခြေကုန်လက်ပမ်းကျတာကို သက်သာစေပြီး တစ်နေကုန်လန်းဆန်းတက်ကြွနေအောင်လုပ်ဆောင်ပေးမှာပါ။ အဆိပ်အတောက်ကင်းပြီး ကျန်းမာတဲ့ အသည်းဖြစ်စေဖို့ဆိုရင် နေ့စဉ် ဗီတာမင် B ကိုစားသုံးဖို့ မမေ့ပါနဲ့။

    ဗီတာမင် C ပြည့်ပြည့်ဝဝရရှိအောင် စားသောက်ပါ

    ဗီတာမင် C ကစွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဗီတာမင် C က အသည်းလိုမျိုး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေနဲ့ Free radicals တွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်အောင်စားသုံးပေးမယ်ဆိုရင် အသည်းကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

    ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ

    ကိုယ်တွင်းက ကိုလက်စထရောတွေကို လျှော့ချဖို့၊ နှလုံးသွေးကြောစနစ်တွေကို ကျန်းမာစေဖို့နဲ့ သွေးပေါင်ချိန်တိုးတာတွေကို လျော့ပါးသက်သာစေဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးက ပိုတက်ဆီယမ်ပါ။ အသည်းကျန်းမာစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးခရမ်းချဉ်သီးဟင်းနုနွယ် တို့လိုမျိုး အသီးအရွက်တွေကို ထည့်သွင်းစားသုံးပေးပါ။

    သံဓာတ်လုံလောက်အောင် စားသုံးပေးပါ

    သွေးနီဥဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပေါ့။ အသည်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်တွေကို ထုတ်ပေးရတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အသည်းက သံဓာတ်တွေကို စုဆောင်းထားပြီး ခန္ဓာကိုယ် လိုအပ်တဲ့အခါ ထုတ်ပေးတာပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ သံဓာတ်မလုံလောက်တဲ့အခါမျိုးမှာ အသည်းက စုဆောင်းထာတဲ့ သံဓာတ်တွေကို ထုတ်လုပ်ပေးရပါတယ်။ သံဓာတ်ပမာဏကို အများကြီးထုတ်ပေးရတဲ့အခါ အသည်းမှာ ထိခိုက်ပျက်စီးတာတွေဖြစ်လာပါတော့တယ်။ ဒါကြောင့် ကျန်းမာတဲ့ အသည်းဖြစ်ဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ်ရရှိစေနိုင်မယ့် အစားအစာတွေကို စားသုံးပေးပါ။

    ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ သန့်စင်ထားတဲ့ သကြားတွေကို ရှောင်ပါ

    ပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ အချိုများတဲ့ အစားအစာတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒီအစားအစာတွေထဲမှာ တာရှည်ခံဆေးတွေနဲ့ ဓာတုပစ္စည်းတွေများစွာ ပါဝင်နေပြီး အသည်းကို ထိခိုက်စေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ အစားအစာတွေများများပါဝင်အောင် စားသုံးပေးပါ။

    အသည်းကျန်းမာစေနိုင်မယ့် အားဆေးသောက်သုံးပေးပါ

    အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လို့ရသလို အစားအစာတွေကို စားသုံးမှုကပြည့်စုံမှုမရှိဘူးလို့ ယူဆရင် အသည်းအားဆေးတွေ သောက်သုံးပေးလို့ရပါတယ်။  အသည်းအတွက်လိုအပ်တဲ့ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် B3 နဲ့ Essential phospholipids တွေက အသည်းကျန်းမာရေးကို အနည်းနဲ့ အများတော့ အထောက်အကူပြုပါတယ်။

    ဒါပေမယ့် ဒါက အတိုင်းအတာ တစ်ခုအထိပဲ ဖြစ်ပြီး ရေရှည်မှာ အသည်းကို ကျန်းမာစေချင်တယ်ဆိုရင် အသည်းကို ထိခိုက်စေမယ့် အချက်တွေကို ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement