backup og meta

အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ ဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ ဆိုတာ ဘာလဲ

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါသည် အူလမ်းကြောင်း တစ်လျှောက်တွင် မူမမှန်မှုများဖြစ်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ အူလမ်းကြောင်းဆိုရာတွင် ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်နှင့် အူမကြီး တစ်လျှောက်လုံးပါဝင်ပါသည်။ အူလမ်းကြောင်း၏ တာဝန်မှာ အစာချေဖျက်ခြင်း၊ အာဟာရများကို စုပ်ယူခြင်းနှင့် အညစ်အကြေးများ စွန့်ထုတ်ခြင်းတို့ဖြစ်ပါသည်။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ အမျိုးအစားများက ဘာလဲ။

    အဖြစ်အများဆုံး အမျိုးအစား ၂ ခုမှာ အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ခရုန်းအူရောင်ရောဂါ တို့ဖြစ်ပါသည်။

    အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းကို ဖြစ်သော နေရာနှင့် ရောဂါ အခြေအနေအပေါ်မူတည်ပြီး အမျိုးအစားများထပ်ခွဲထားပါသေးသည်။

    · စအိုရောင်ခြင်း

    ထိုရောင်ရမ်းမှုသည် ရောဂါ၏ အနုဆုံး အမျိုးအစားဖြစ်ပါသည်။

    · အူကောက်ပိုင်းနှင့် စအိုရောင်ခြင်း

    ယင်းသည် အူမကြီး နောက်ဆုံးအပိုင်းနှင့် စအိုနေရာတို့ ရောင်ခြင်းဖြစ်ပါသည်။

    · ဘယ်ဘက် အူမကြီးရောင်ခြင်း

    ယင်းသည် အစာဟောင်းအိမ်မှ အူမကြီး ဘယ်ဘက်အပိုင်း ရောင်ခြင်းဖြစ်ပါသည်။

    · အူမကြီးတစ်ခုလုံးရောင်ခြင်း

    · အူမကြီးတစ်ခုလုံး ပြင်းထန်စွာ ရုတ်တရက်ရောင်ခြင်း

    ယင်းသည် အူမကြီးတစ်ခုလုံး ပြင်းထန်စွာရောင်ခြင်းဖြစ်ပြီး ဖြစ်ခဲပါသည်။

    ခရုန်း အူရောင်ရောဂါသည် အူသိမ်နှောင်းပိုင်းနှင့် အူမကြီးတွင် အဓိကရောင်ရမ်းခြင်း ဖြစ်ပါသည်။

    အူရောင်ခြင်းနှင့် အူလှုပ်ရှားမှုများ မမှန်ခြင်း ရောဂါနှစ်မျိုး မတူညီပါ။ အူလှုပ်ရှားမှုများ မမှန်ခြင်းသည် အူလမ်းကြောင်းတွင် အူလှိုင်းတွန့်မှုများ မမှန်သောရောဂါဖြစ်ပြီး အူရောင်ခြင်းမပါဝင်ပါ။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါလက္ခဏာများက ဘာလဲ။

    အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ခရုန်းအူရောင်ရောဂါ တို့၏ လက္ခဏာများမှာ

    · ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း

    · ပျို့ခြင်း၊ အန်ခြင်း

    · ဝမ်းလျှောခြင်း

    · စအိုမှ သွေးထွက်ခြင်း

    · ကြွက်တက်ခြင်း

    · ကိုယ်အလေးချိန် ကျဆင်းခြင်း

    · ဖျားခြင်း၊ နွမ်းနယ်ခြင်း

    · ခံတွင်းပျက်ခြင်း တို့ဖြစ်ပါသည်။

    အူနံရံများရောင်ပြီး အချိန်ကြာလာသည်နှင့်မျှ အနာဖြစ်လာပါသည်။ အူလမ်းကြောင်းသည် ယင်း၏ တာဝန်များဖြစ်သော အစာချေခြင်း၊ ရေနှင့် အဟာရများကို စုပ်ယူခြင်းတို့ မပြုလုပ်နိုင်တော့ဘဲ ဝမ်းလျှောရပါသည်။ အူလမ်းကြောင်းအနာများကြောင့် ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်လာရပါသည်။

    ယင်းသည် မျက်လုံးများ၊ အရေပြား၊ အဆစ်များ စသည့် ကိုယ်ခန္ဓာ၏ အခြားသော အစိတ်အပိုင်းများကိုပါ ထိခိုက်စေပြီး မျက်လုံးရောင်ခြင်း၊ အရေပြား အနာဖြစ်ခြင်း၊ အဆစ်ရောင်ခြင်းတို့ကို ဖြစ်စေပါသည်။

    ရောဂါလက္ခဏာများ ကြွလာသည့်အချိန်လည်း ရှိသလို မပြသော အခါများလည်း ရှိပါသည်။ ခရုန်းရောဂါသည်များ၏ ၃၅ %သည် ၅ နှစ်အတွင်းတွင် ၁ ကြိမ် ၂ကြိမ် ပြန်ဖြစ်နိုင်ပါသည်။ အူမကြီးရောင်သူများ၏ ၃၀% သည် နောက်တစ်နှစ်အတွင်း ပြန်ဖြစ်ကြောင်း တွေ့ရပါသည်။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ဖြစ်စေသောအကြောင်းများနှင့် ဖြစ်နိုင်ချေများစေသော အကြောင်းများက ဘာလဲ။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ဖြစ်စေသော အကြောင်းရင်းကို တိတိကျကျ မသိသေးသော်လည်း ကိုယ်ခံအားစနစ် မူမမှန်ခြင်းနှင့် မျိုးရိုးလိုက်ခြင်းဟူသော အချက်နှစ်ချက် ကအဓိကကျပါသည်။

    · ကိုယ်ခံအားစနစ် မူမမှန်ခြင်း

    ကိုယ်ခံအားစနစ်များ မူမမှန်ဖြစ်ကာ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို တိုက်ခိုက်ခံရမည့် အစား အူလမ်းကြောင်းနံရံများက တိုက်ခိုက်ခံရခြင်းကြောင့် အူရောင်ခြင်း ဖြစ်ရသည်။

    · မျိုးရိုးလိုက်ခြင်း

    မိဘမျိုးရိုးထဲတွင် အလားတူရောဂါ ဖြစ်ဖူးလျှင် မိမိတွင်လည်း ဖြစ်နိုင်ချေရှိပါသည်။

    · အသက်

    ထိုရောဂါသည် အသက် ၃၅ နှစ်အောက်များတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေး ဖြစ်နိုင်ပါသည်။

    · လိင်

    အူရောင်ခြင်းရောဂါသည ်ကျားမ မရွေးတွင်ဖြစ်နိုင်သော်လည်း အူမကြီးရောင်ခြင်းသည် အမျိုးသားများတွင် အဖြစ်များပြီး ခရုန်းရောဂါသည် အမျိုးသမီးများတွင် ပို အဖြစ်များကြောင်း တွေ့ရပါသည်။

    · ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်ခြင်းကြောင့် ခရုန်းရောဂါပိုဆိုးလာနိုင်သော်လည်း ဆေးလိပ်သောက်သူများတွင် မသောက်သူများနှင့် ဆေးလိပ်ဖြတ်ထားသူများနှင့် စာလျှင် အူမကြီးရောင်ခြင်းဖြစ်နိုင်ချေ နည်းကြောင်း တွေ့ရပါသည်။

    · Isotretinoin (Amnesteem®, Claravis®, Sotret®; formerly Accutane®)

    အူရောင်ခြင်းရောဂါ နှင့် Isotretinoin အသုံးပြုမှုကြားမှ အချိတ်အဆက်ကို ကောင်းစွာ မသိသေးပါ။ Isotretinoin ကို ဝက်ခြံကုသရန် အများဆုံး အသုံးပြုပါသည်။

    · NSAID အကိုက်အခဲပျောက်ဆေးများ

    ibuprofen (Advil®, Motrin IB®, others), naproxen sodium (Aleve®, Anaprox®), diclofenac sodium (Voltaren®, Solaraze®) စသည့် NSAID အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများသည် အူရောင်ခြင်းရောဂါကို ဖြစ်နိုင်ချေများစေပြီး ရောဂါကို ပိုပြင်းထန်စေပါသည်။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။

    ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ မိသားစုရာဇဝင်ကို မေးမြန်းခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။ ထိုနောက် ရောဂါကို တိကျစွာသိရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။

    သွေးစစ်ခြင်း

    · သွေးဥ အရေအတွက် စစ်ခြင်း

    · အာဟာရဓါတ်များ စစ်ခြင်း

    ဗီတာမင် B12, သံဓါတ်, ဖောလိတ်ဓါတ် နှင့် အခြားသော ဓါတ်များ စစ်ခြင်း

    · ESR နှင့် CRP စစ်ခြင်း

    · ဝမ်းထဲတွင် Calprotein စစ်ခြင်း

    · အခြားသွေးအဖြေများစစ်ခြင်း

    Perinuclear antineutrophil cytoplasmic antibodies, anti-Saccharomyces cerevisiaeantibodies.

    · ဝမ်းစစ်ခြင်း

    ဝမ်းထဲတွင် ကပ်ပါးပိုးကောင်များ၊ ဥများ၊ ဘက်တီးရီးယားပိုးများ၊ Clostridium difficile ပိုးများစစ်ခြင်း

    ပုံရိပ်ဖော် စစ်ဆေးမှုများ

    · ရင်ဘတ်နှင့် ဝမ်းဗိုက်ဓါတ်မှန်ရိုက်ခြင်း

    · ပုံရိပ်ပြတ်သားစေရန် ဘေရီယမ် ဓါတ်မှန်ရိုက်ခြင်း

    · ဗိုက်ကို အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း

    · ဗိုက်နှင့် ခါးအောက် ဝမ်းဗိုက်ပိုင်းကို ကွန်ပျူတာဓါတ်မှန်နှင့် သံလိုက်ဓါတ်မှန်များ ရိုက်ခြင်း

    · အူလမ်းကြောင်းကို ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်း

    အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း

    · အူမကြီးကို မှန်ပြောင်းကြည့်ပြီး အသားစယူခြင်း

    · အူသိမ်ထဲသို့ အကွေးအဆန့်ပြုလုပ်နိုင်သော မှန်ပြောင်းကြည့်ခြင်း

    · အူသိမ် အပေါ်ပိုင်းကို မှန်ပြောင်းကြည့်ခြင်း

    · ဘောလုံး ၂ ထပ်ဖြင့် မှန်ပြောင်းကြည့်ခြင်း

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ဘယ်လိုနည်းများနဲ့ ကုသမလဲ။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါကို ကုသနည်းများစွာရှိပါသည်။ ဆေးဖြင့် ကုသပြီး မသက်သာမှ ခွဲစိတ်ကုမှုများကို ပြု လုပ်ကြပါသည်။

    သောက်ဆေးများ

    အူရောင်ခြင်းကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေရန် အောက်ပါဆေးများဖြင့် ကုသပါသည်။

    အဆင့် ၁

    Aminosalicylates သည် ရောဂါကို ပြန်မဖြစ်စေရန် အထောက်အကူ ပြုပါသည်။ ယင်းသည် ခရုန်းရောဂါထက် အူရောင်ခြင်းတွင် ပိုအသုံးဝင်ပါသည်။ Aminosalicylates ကို သောက်ဆေး၊ စအိုထဲ့ဆေးတောင့် အနေဖြင့် ရရှိနိုင်ပါသည်။

    Aminosalicylates အနွယ်ဝင်ဆေးများမှာ sulfasalazine, mesalamine, balsalazide, olsalazine တို့ဖြစ်ပါသည်။

    အဆင့် ၁ အေ

    metronidazole, ciprofloxacin, rifaximin ပိုးသတ်ဆေးများကို အူရောင်ခြင်းအတွက် အသုံပြုသော်လည်း ဘေးထွက်ဆိုးကျိုးများကို သတိပြုရပါမည်။

    Monoclonal antibodies (eg, natalizumab) ကိုလည်း အသုံးပြုနိုင်ပါသည်။

    အဆင့် ၂

    hydrocortisone, prednisone, methylprednisolone, prednisolone, budesonide, dexamethasone စသည့် စတီးရွိုက်အရောင်ကျဆေးများကို ရောဂါပြန်ဖြစ်လာလျှင် အသုံးပြုနိုင်ပါသည်။ ထိုဆေးများကို သောက်ဆေး၊ လိမ်းဆေး၊ စအိုထဲ့ဆေးများ အနေဖြင့် ရရှိနိုင်ပါသည်။

    အဆင့် ၃

    ရောဂါပြန်ဖြစ်လာလျှင်စတီးရွိုက်အရောင်ကျဆေးများအစား azathioprine, 6-mercaptopurine, methotrexate, cyclosporine စသည့် ကိုယ်ခံအားစနစ်ကို ညှိပေးသောဆေးများကို သုံးနိုင်ပါသည်။ ထိုဆေးများသည် ဂရင်ဂျီနာများအတွက် အဓိက သုံးပြီး aminosalicylates နှင့် ဆေးမတိုးသူများ၊ မခံနိုင်သူများတွင် သုံးပါသည်။

    အဆင့် ၄

    အူရောင်ခြင်းနှင့် ခရုန်းရောဂါများအတွက် ဆေးဝါးစမ်းသပ်မှုများ ပြုလုပ်နေဆဲ ဖြစ်ပါသည်။

    ထို့ပြင် ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို အောက်ပါဆေးများဖြင့် ကုသနိုင်ပါသည်။

    · H2 ဆန့်ကျင်ဆေးများ (eg, cimetidine, ranitidine, famotidine, nizatidine)

    · ပရိုတွန် ပန့် ဆန့်ကျင်ဆေးများ(eg, omeprazole, lansoprazole, esomeprazole magnesium, rabeprazole sodium, pantoprazole)

    · ဝမ်းတိတ်ဆေးများ(eg, diphenoxylate and atropine, loperamide, cholestyramine)

    · ဗိုက်ရစ်ပျောက်ဆေးများ(eg, dicyclomine, hyoscyamine)

    ခွဲစိတ်ကုသမှုများ

    ခွဲစိတ်ခြင်းကို အူမကြီးရောင်ခြင်းတွင် အသုံးပြုနိုင်သောလည်း ခရုန်းရောဂါတွင်မူ ခွဲစိတ်သော်ငြား ရောဂါ ပြန်ဖြစ်နေမည်ဖြစ်ပါသည်။

    အူမကြီးရောင်ခြင်းတွင် အူမကြီးတစ်ခုလုံးနှင့် အစာဟောင်းအိမ် တစ်ခုလုံးကို ဖယ်ထုတ်လိုက်ခြင်းဖြစ်ပြီး အညစ်အကြေးများကို စွန့်ထုတ်ရန် အူသိမ်အဆုံးပိုင်းနှင့် စအိုကို ဆက်လိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန် အခြေအနေ မပေးပါက ခွဲစိတ်ဆရာဝန်သည် ဗိုက်တွင် အပေါက်ဖောက်ပြီး ဝမ်းသွားစေပါလိမ့်မည်။ ထို့နောက် ဗိုက်တွင် ဝမ်းအိတ်ကို တပ်ထားပေးပါသည်။

    ခရုန်းရောဂါတွင်မူ ခွဲစိတ်သော်ငြား ရောဂါ ပြန်ဖြစ်နေမည်ဖြစ်ပါသည်။ အများစုသော ဝေဒနာရှင်များသည် ခွဲစိတ်မှုကို တစ်ခါထက်ပို ပြီး ခံယူရလေ့ရှိပါသည်။ ခွဲစိတ်မှုတွင် ပျက်စီးနေသော အူအပိုင်းများကို ဖယ်ထုတ်ပြီး ကျန်းမာသော အပိုင်းများကို ဆက်ခြင်းဖြစ်ပါသည်။

    အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါသည် မည်သူမဆိုဖြစ်နိုင်ပါသည်။ ကံမကောင်းစွာပင် ထိုရောဂါကို မည်သည့်နည်းနှင့် မျှ အမြစ်ပြတ်မကုနိုင်သေးပါ။ သို့သော် ရောဂါ ပြန်မဖြစ်အောင် ကုသရန်နှင့် ဝေဒနာများကို သက်သာစေရန် ကုသနိုင်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်ကာ ကာကွယ်ရမည့်နည်းများနှင့် အစားအသောက်များကို မေးမြန်းသင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement