backup og meta

အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် ၁၂ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် ၁၂ချက်

    အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် တွေက ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။  ညကြီးသန်းခေါင် ရင်ပူလို့ဆိုပြီး လန့်နိုးလာရတာမျိုး ဖြစ်ဖူးပါသလား။ ဒီလိုမျိုး ညဖက်ရင်ပူခြင်းဟာ အိပ်ရေးပျက်စေတဲ့အတွက် နောက်နေ့တွေမှာလည်း အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

    ဒါကြောင့် သင့်အနေနဲ့ ရင်ပူတဲ့ ဝေဒနာကို နေ့စဉ်ခံစားနေရတဲ့အတွက် သက်သာပျောက်ကင်းချင်တယ်ဆိုရင် အောက်မှာမျှဝေပေးမယ့် အချက်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။

    အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက်

    အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် တွေကတော့

    ၁။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

    တကယ်လို့ သင့်အနေနဲ့ အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားပေးရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်းဟာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အရေးပါ ပါတယ်။

    တကယ်လို့ ဝိတ်ချရတာ အခက်အခဲရှိတယ်ဆိုရင် အနည်းဆုံးတော့ ကိုယ်အလေးချိန်ထပ်တက်မလာဖို့ ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန်တက်လေလေ ရင်ပူတာပိုဆိုးလေမို့ပါပဲ။

    ၂။ အိပ်စက်တဲ့ အနေအထား မှန်ကန်ပါစေ

    ဘယ်ဘက်ကို စောင်းအိပ်ဖို့နဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းကို အောက်ပိုင်းထက် အနည်းငယ် ပိုမြင့်နေစေဖို့ မမေ့ပါနဲ့။ ညီညာတဲ့ မွေ့ယာပေါ်မှာ ခေါင်းအုံးခပ်နိမ့်နိမ့်နဲ့ အိပ်စက်ခြင်းက ရင်ပူတာကို ပိုဆိုးစေပါတယ်။

    ဘာလို့လဲဆိုတော့ အဆိုပါ အနေအထားမှာ သင့်လည်ချောင်းနဲ့ အစာအိမ်တို့ တတန်းတည်းမှာ ရှိနေတာမို့ အစာအိမ်ထဲက အက်ဆစ်တွေ အစာရေမြိုထဲ ပြန်ဆန်တက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

    ၃။ အရမ်းကြပ်တဲ့ အဝတ်အစားတွေကို ရှောင်ပါ

    အထူးသဖြင့် ခါးနားတဝိုက် ကြပ်နေတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့။ ခပ်ကြပ်ကြပ်အဝတ်အစားတွေ ဝတ်ခြင်းဟာ အစာအိမ်ပေါ်ကို ဖိအားများစေတဲ့အတွက် ရင်ပူတာကို ပိုဆိုးစေပါတယ်။

    ဒါကြောင့် ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်ပေးမယ်ဆိုရင် အစာအိမ်ပေါ် ဖိထားတာမျိုးမရှိတော့တဲ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။

    ၄။ ရှောင်ကျဉ်ရမယ့် အစားအစာတွေ

    လူတဦးနဲ့တဦးအပေါ် အစားအစာတွေရဲ့ အကျိုးသက်ရောက်မှုက မတူညီကြဖူးဆိုပေမယ့် အချို့အစားအစာတွေကတော့ သင်ခံစားနေရတဲ့ ရင်ပူခြင်းဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

    အရက်၊ကဖင်းပါတဲ့ အစားအစာတွေဖြစ်ကြတဲ့ ကိုလာ၊ကော်ဖီ၊လက်ဖက်ရည် စသည်၊ချောကလက် နဲ့ ကိုကာ၊အပူအစပ်တွေ၊ကြက်သွန်ဖြူ၊နီ၊နို့၊အဆီအဆိမ့်နဲ့ ဆီကြော်တွေ၊အချဉ်ဓါတ်များတဲ့ အစားအစာတွေ နဲ့ ခရမ်းချဉ်သီး စတာတွေကို ရှောင်ရှားရပါမယ်။

    ၅။ ညအိပ်ယာဝင်ခါနီးမှာ အစားတွေ အများကြီးစားတာမျိုးကို ရှောင်ပါ

    အစာအိမ်ကနေ အက်ဆစ်ဓါတ် ထွက်ရှိမှုကို လျှော့ချနိုင်ဖို့နဲ့ အစာအိမ်အတွင်းက အစာတွေကို သင်မအိပ်ခင်မှာ တစိတ်တပိုင်း ချေဖျက်ထားနိုင်ဖို့အတွက် သင့်အနေနဲ့ မအိပ်ခင် နှစ်နာရီ၊သုံးနာရီ အတွင်းမှာ အစာမစားသင့်ဖူးလို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။

    ဒါ့အပြင် အစာများများစားရင်လည်း သင့်အစာအိမ်အနေနဲ့ ပိုပြီးအလုပ်လုပ်ရမှာဖြစ်တာမို့ ရင်ပူခြင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ကာကွယ်ဖို့အတွက် အစာနည်းနည်းပဲ စားသင့်ပါတယ် (အထူးသဖြင့် ညနေဖက်တွေမှာပေါ့)။

    ၆။ ပီကေဝါးပါ

    ပီကေဝါးခြင်းဟာ တံတွေးထွက်ရှိမှုကို အားပေးပြီး အဆိုပါ တံတွေးဟာ သင့်လည်ချောင်းကို ချောမွေ့စေတဲ့အပြင် အက်ဆစ်တွေကို အစာအိမ်ထဲ ပြန်လည်ဆင်းသွားစေတဲ့အတွက် အကျိုးရှိပါတယ်။

    ၇။ အစာစားရင် ဖြည်းဖြည်းစားပါ

    အလျင်အမြန် အစာစားခြင်းဟာ အစာအိမ်ကနေ အက်ဆစ်ထွက်ရှိမှုကို ပိုမိုများပြားစေပါတယ်။

    ၈။ အစာစားနေရင်း လှဲအိပ်တာ ဒါမှမဟုတ် မတ်တပ်ရပ်တာမျိုး မလုပ်ပါနဲ့

    သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမှာ ထိုင်ပြီးစားသောက်ခြင်းဟာ အစာအိမ်ကို ပိုမိုအေးဆေးစွာ အလုပ်လုပ်စေနိုင်သလို အစာမြိုချတဲ့အခါမှာလည်း လွယ်ကူစေပါတယ်။

    ၉။ အစာစားပြီးပြီးချင်း မလှဲပါနဲ့

    အစာစားပြီးပြီးချင်း လဲလျောင်းတာကို ရှောင်ကျဉ်မယ်ဆိုရင် အက်ဆစ်တွေ သင့်အစာရေမြိုထဲဆန်တက်တာကို သိသာစွာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်အစာအိမ် အလုပ်လုပ်နေချိန်မှာ (ဆိုလိုတာက အစာစားပြီး နှစ်နာရီ၊သုံးနာရီလောက်အတွင်းမှာ) ကုန်းကွတာ၊အလေးအပင်တွေ မ တာတွေကိုလည်း ရှောင်ကျဉ်ရပါမယ်။

    ၁၀။ အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ပါနဲ့

    အစာစားပြီး အနည်းဆုံး တနာရီလောက် အကြာမှ လေ့ကျင့်ခန်းလုပ်ပါ။ ဒီလိုမှ မဟုတ်ဖူးဆိုရင် သင့်အစာအိမ်ပေါ် ဖိအားတွေများလာစေမှာဖြစ်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် ရင်ပူခြင်းဝေဒနာကို ပိုမိုခံစားရစေပါလိမ့်မယ်။

    ၁၁။ ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်ခြင်းဟာ ရင်ပူတာကို နည်းလမ်းနှစ်မျိုးနဲ့ ဖြစ်စေပါတယ်။ စီးကရက်သောက်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေတဲ့အပြင် အစာရေမြိုကြွက်သားတွေကိုလည်း ပြေလျော့စေတဲ့အတွက် အက်ဆစ်တွေ အထက်ကို ပြန်ဆန်တက်လာစေပါတယ်။

    ၁၂။ သင်လက်ရှိသောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို ရှင်းလင်းစွာ အသိပေးပါ

    စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊အရိုးပွရောဂါမှာ သုံးတဲ့ဆေးအချို့၊နှလုံးနဲ့ သွေးတိုးရောဂါတွေမှာ သုံးတဲ့ဆေးအချို့၊ဟော်မုန်းဆေးအချို့၊ပန်းနာရင်ကြပ်ဆေးအချို့ နဲ့ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ ဆေးအချို့ဟာ ရင်ပူတာကို ဖြစ်စေ ဒါမှမဟုတ် ပိုဆိုးစေတဲ့အတွက် အဆိုပါဆေးတွေသောက်နေရင် ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။

    ရင်ပူတာဟာ မကြာခဏဖြစ်လွန်းရင် စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် သင့်ရဲ့ နေ့စဉ်နေထိုင်သွားလာစားသောက်မှုအချို့ကို ပြုပြင်ပြောင်းလဲပေးလိုက်ရုံနဲ့ ဒီရောဂါလက္ခဏာကို ကာကွယ်ပေးနိုင်လေ့ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement