backup og meta

သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။

    သည်းခြေကျောက် တည်တဲ့ ဝေဒနာ တော်တော့်ဆိုးဆိုးပါ။ ဒီတိုင်းကျောက်က သည်းခြေအိတ်ထဲမှာဆို ပြဿနာ သိပ်မရှိပေမယ့် သည်းခြေပြွန်ထဲရောက်လာပြီဆိုရင်တော့ တော်တော်ခံရခက်ပါတယ်။ ဗိုက်တွေအောင့်၊ ချွေးစေးတွေပြန်၊ အော့အန်၊ အဖျားတွေတက်၊ အသားတွေဝါနဲ့ လူနာခမျာ အတော်ခံစားရရှာတာပါ။

    ဒီဝေဒနာကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်ပြီးမှတော့ မတတ်နိုင်ဘူးလေ။ အစကတည်းက ဖြစ်မလာအောင် နေခဲ့ရင် အကောင်းသားလို့ တွေးနေမိပြီဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းတချို့ကို လိုက်နာရပါမယ်။

    ၁၀၀ရာခိုင်နှုန်း မဟုတ်တောင် ရာနှုန်းတော်တော်များများတော့ ကာကွယ်နိုင်မှာပါ။

    သည်းခြေကျောက်က ဘယ်လိုလူတွေ ပိုဖြစ်နိုင်ခြေရှိလဲ။ ဘယ်လိုအကျင့်တွေကြောင့် ဖြစ်တတ်လဲ။

    ဘယ်လိုကာကွယ်မလဲဆိုတာ မပြောခင် ဘယ်လိုလူတွေ ပိုဖြစ်နိုင်လလဲဆိုတာ ပြောပြပေးပါမယ်။ ဒါမှ ဒီအချက်တွေကို ရှောင်ပြီး ကာကွယ်လို့ရမှာပါ။

    • 5Fs

    ပထမတစ်ချက်က 5Fsပါ။ Female, fatty, fertile, forty, flatulenceလို့ အလွယ်မှတ်ပါတယ်။ အမျိုးသမီးဖြစ်နေခြင်း၊ အဝလွန်ခြင်း၊ ကလေးတွေ အများကြီး မွေးထားခြင်း၊ အသက်လေးဆယ်ကျော်လာခြင်း၊ မကြာခဏ အစာမကြေ လေပွ တတ်ခြင်း စတဲ့အချက်တွေပါပဲ။

    တစ်ခုချင်းစီ ပြန်ကြည့်ရအောင်။ အမျိုးသမီးဖြစ်ခြင်းကတော့ ကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်စေတာပါ။ ဖြစ်နိုင်ခြေ ပိုများတာပါ။ အမျိုးသမီးဖြစ်တိုင်း ကျောက်တည်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။

    အဝလွန်တာကတော့ အဝလွန်ရင် ကိုလက်စထရောတွေများမယ်။ ဒီကိုလက်စထရောတွေက ကျောက်တည်စေပါတယ်။

    ကလေးတွေ အများကြီး မွေးထားတယ်ဆိုတာကတော့ ကိုယ်ဝန်ခဏခဏ ဆောင်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် သာမန်အချိန်ထက် ကျောက်တည်နိုင်ခြေ ပိုများပါလာတယ်။ ကိုယ်ဝန်ခဏခဏဆောင်လေလေ ကျောက်တည်ဖို့ အခွင့်အလမ်း များလေလေပါပဲ။

    နောက်အသက်လေးဆယ်ကျော်လာရင် သဘာဝအရကို ကျောက်တည်နိုင်ခြေ များလာပါတယ်။ အမျိုးသားတွေ အသက်ကြီးရင် ဆီးကျိတ်ကြီးလာတတ်သလိုပေါ့။

    လေပွ လေထပြီး မကြာခဏ အစာမကြေတတ်သူတွေကလည်း သည်းခြေကျောက် တည်နိုင်ခြေများပါတယ်တဲ့။

    • စားသောက်တဲ့ပုံစံ

    စားတဲ့ထဲမှာ အဆီအဆိမ့်တွေ စားမယ်။ အသီးအရွက်တွေ အစားနည်းမယ်ဆိုရင် ကိုလက်စထရောတွေများလာပြီး ကိုလက်စထရောသည်းခြေကျောက် တည်နိုင်ခြေ ပိုများပါတယ်။

    • မိသားစုထဲမှာ မျိုးရိုးရှိတာ

    မျိုးရိုးရှိတဲ့သူတွေက မရှိတဲ့သူတွေထက် ဖြစ်နိုင်ခြေ နည်းနည်းတော့ ပိုများတာပေါ့။

    • ဝိတ်အမြန်ချတာ၊ အစားမစားဘဲ နေတာ

    ဝိတ်အမြန်ချတဲ့အခါကျတော့ အဆီတွေ အထူးသဖြင့် ကိုလက်စထရောတွေ အများကြီး သည်းခြေရည်ထဲမှာ စုပုံပြီး ကျောက်တည်တတ်ပါတယ်။

    နောက်တစ်ခုက အစားမစားဘဲ နေပေမယ့် သည်းခြေရည်က ပုံမှန် နှုန်းလေး တစ်ခုနဲ့ ထွက်နေပါတယ်။ ထွက်ပြီး သည်းခြေအိတ်ထဲမှာ သိမ်းထားတာပါ။ အစာစားတဲ့အခါကျ အူထဲကို သည်းခြေရည်တွေ လွှတ်ပေးတာပေါ့။ အစားကို အချိန်မှန် မစားတဲ့အခါ၊ စားတဲ့အချိန်စား၊ မစားချင်ရင်လည်း အကြာကြီး ဗိုက်ဟောင်းလောင်းနဲ့ နေတဲ့အခါ ပိုနေတဲ့ သည်းခြေရည်က ကျောက်တည်သွားပါတယ်။

    • အသည်းမကောင်းတာ၊ သွေးရောဂါ ရှိနေတာ

    အသည်းမကောင်းတာ၊ တချို့သော သွေးရောဂါတွေမှာ ဘီလီရူဘင်လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး များတတ်ပါတယ်။ ပုံမှန်လည်း သွေးဆဲလ်တွေ ပျက်စီးတဲ့အခါ ဘီလီရူဘင် ထွက်ပါတယ်။ ဒါကို အသည်းက ရှင်းပေးရတာပါ။

    ဒါပေမယ့် သွေးရောဂါကြောင့် ဘီလီရူဘင် အထွက်များတဲ့အခါ ဒါမှမဟုတ် အသည်းမကောင်းလို့ ကောင်းကောင်း မချေဖျက်နိုင်တဲ့အခါ များလာပြီး ဘီလီရူဘင် သည်းခြေကျောက်ဆိုတာ ဖြစ်တတ်ပါတယ်။

  • ဆေးတွေ သောက်နေတာ
  • အထူးသဖြင့် အီစထရိုဂျင်ပါတဲ့ ဟော်မုန်းဆေးတွေ၊ တချို့သော သွေးတွင်း ကိုလက်စထရော ကျဆေးတွေက သည်းခြေကျောက်တည်တတ်ပါတယ်။ ဒီဆေးတွေကို ဆက်သောက်မှာလား၊ မသောက်ရဘူးလား နောက်ကျရင် ပြောပြပါမယ်။

    • သန်မချတာ

    မြန်မာပြည်မှာ အပေါဆုံးပါပဲ။ သန်ကောင်တွေက သည်းခြေအိတ်ထဲမှာ ပိတ်မိပြီး သေသွားတဲ့အခါ သည်းခြေရည်နဲ့ပေါင်းပြီး ကျောက်ဖြစ်သွားတာပါ။ ဒါကြောင့် တချို့တွေ ပိန်ပိန်လေးနဲ့ ကျောက်တည်တယ်ဆိုတာ ဒါကြောင့် ဖြစ်နိုင်ပါတယ်။

    သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။

    ဖြစ်နိုင်တဲ့ အချက်တွေကို ကြည့်ရင် တချို့က ကာကွယ်လို့ ရပေမယ့် တချို့အချက်တွေက မရပါဘူး။ ဥပမာ အမျိုးသမီးဖြစ်နေတာ၊ ကိုယ်ဝန်ခဏခဏ ဆောင်တာ၊ မျိုးရိုးရှိတာ ဒါတွေက မတတ်နိုင်ပါဘူး။ ဒါကြောင့် ရာနှုန်းပြည့် ကာကွယ်ဖို့ ခက်တယ်လို့ ပြောတာပါ။ ဒါပေမယ့် အောက်က နည်းလမ်းတွေ လိုက်နာရင်တော့ ဖြစ်နိုင်ခြေ တော်တော်လျော့သွားမှာပါ။

    • အဝမလွန်ပါစေနဲ့။

    အဝလွန်ရင် ကိုလက်စထရောတွေ များပြီး ကျောက်တည်တတ်တယ်ဆိုတာ သိပြီးပြီနော်။ ဒါကြောင့် အဝမလွန်အောင် လေ့ကျင့်ခန်းလေးလုပ်၊ အစားအသောက်လေး ဆင်ခြင်ပြီး စားရမှာပါ။

    • ဝိတ်အမြန်မချပါနဲ့။

    အဝမလွန်နဲ့လည်း ပြောသေး၊ ဝိတ်လည်း အမြန်မချနဲ့ ဆိုပါလား။ ဟုတ်တယ်လေ။ အမြန်ချရင် ကိုလက်စထရောတွေ အများကြီး သည်းခြေအိတ်မှာ သွားပုံနေတတ်လို့ ကျောက်တည်နိုင်လို့ပါ။ ဒါကြောင့် တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်လောက်ထိပဲ ချပေးပါ။

    • အစားအသောက် ဆင်ခြင်ပါ။

    အဆီအဆိမ့်တွေ လျော့စားပြီး အသီးအရွက်များများစားပါ။ အမျှင်ဓာတ်ပါတာတွေ ရွေးစားပေးပါ။

    • အစားကို အချိန်မှန်စားပါ။

    အစားကို အချိန်မှန်မစားဘူး။ အနပ်တွေ ကျော်နေမယ်ဆိုရင် ကြာလာရင် သည်းခြေရည်တွေ များလာပြီး ကျောက်တည်လာမှာပါ။

    • ဆေးဝါးတွေ သောက်မယ်ဆိုရင်

    ခုနကပြောတဲ့ အီစထရိုဂျင်ပါတဲ့ဆေးတွေ၊ သွေးတွင်းကိုလက်စထရောကျဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ပါ။ သည်းခြေကျောက်တည်ဖူးရင် ဆရာဝန်ကို ပြောပြပါ။ အကျိုးအပြစ်ကို ချိန်ဆပြီး လိုသလို ညွှန်ကြားပါလိမ့်မယ်။

    • သန်ပုံမှန်ချပါ။

    သန်ချတာ ကလေးတွေနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ လူကြီးတွေလည်း သန်ချဖို့ လိုပါတယ်။ ဒါကြောင့် ၆လတစ်ခါ သန်ပုံမှန်ချပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement