backup og meta

ဝမ်းလျှောဝမ်းပျက်စေသော အစားအသောက်များ


Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းလျှောဝမ်းပျက်စေသော အစားအသောက်များ

    ဝမ်းလျှောဝမ်းပျက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း ပြဿနာပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူအများစုဟာ နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောခြင်းကို ကြုံတွေ့ရပါတယ်။ များသောအားဖြင့် မကောင်းတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတာတွေကို ကိုယ်ခန္ဓာကနေ ဖယ်ရှားဖို့ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝမ်းလျှောဝမ်းပျက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

    အများအားဖြင့် အဆိုပါအစားအစာတွေမှာ သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ဖန်တီးထားတဲ့ ဆိုးဆေး၊ ဟင်းခတ်ပစ္စည်း စတာမျိုးတွေ ပါဝင်ပြီး စားမိသူတွေကို အစာအိမမ်အူလမ်းကြောင်းကို ထိခိုက်စေတတ်ပါတယ်။

    ၁။ ပူစပ်သော ဟင်းခတ်ပစ္စည်းများ

    အစပ်အရသာဟာ လူတွေရဲ့ ခံတွင်းကို နှိုးဆွနိုင်ပေမယ့် အစာကြောင့် ဝမ်းပျက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အထူးသဖြင့် စားဖူးနေကြသိပ်မဟုတ်တဲ့ အစပ်ပြင်းတဲ့ အရသာမျိုးဖြစ်ပါတယ်။ ပူစပ်ေသာအရသာဟာ အစာအိမ်နံရံကိုပါ နာစေပါတယ်။ လေပွခြင်း၊ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတွေအပြင် ဝမ်းပျက်ခြင်းကိုပါ ဖြစ်စေတတ်ပါတယ်။ ငရုတ်သီးမှုန့်တွေ ငရုတ်ဆီတွေဟာ ဖြစ်စေပါတယ်။

    ခံတွင်းမြိန်စေဖို့ သုံးချင်တယ်ဆိုရင် အပူအစပ် သိပ်မပြင်းတဲ့ ဟင်းခတ်ပစ္စည်းတွေကို သုံးနိုင်ပါတယ်။

    ၂။ ဆေးသကြားများ

    သဘာဝပစ္စည်းများကနေမဟုတ်ဘဲ ဓာတုဗေဒနည်းနဲ့ ထုတ်လုပ်ထားတဲ့ aspartame၊ saccharine စတဲ့ ဆေးသကြားများဟာ အူလမ်းကြောင်းရဲ့ ဇီဝဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဆေးသကြားတွေဟာ အူလမ်းကြောင်းကို ထိခိုက်စေကြောင်း သိပ်ပြီးသတိမထားမိကြပါဘူး။

    ၃။ နို့

    ဗိုက်သိပ်မကောင်းချိန်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းဟာ ဝမ်းပျက်စေနိုင်ပါတယ်။ အထူးသဖြင့် လက်တို့စ်မတည့် (Lactose intolerance) သူများမှာ ပိုဆိုးတတ်ပါတယ်။ လက်တို့စ်ဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ချေဖျက်တဲ့အင်ဇိုင်းဖြစ်ပြီး အဆိုပါအင်ဇိုင်းချို့တဲ့အခါ နို့ထွက်ပစ္စည်းတွေကို ချေဖျက်နိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီအခါမှာ ဝမ်းပျက်ခြင်းဖြစ်စေပါတယ်။

    ယနေ့အခါမှာ နွားနို့အစားထိုး စားသောက်ဖွယ်ရာတွေ ရှိနေပြီဖြစ်ပါတယ်။ လက်တို့စ်မလိုတဲ့ နို့တွေ ဈေးကွက်မှာ ရှိနေပါတယ်။

    ၄။ ကော်ဖီ

    ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ စိတ်အာရုံကို နိုးကြားစေသလို အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း လှုံ့ဆော်မှု ပေးပါတယ်။ တခါတရံမှာ ဝမ်းပျက်ခြင်းထိပါ ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ဆေးသကြားနဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်ချိန်မှာ ဖြစ်ပါတယ်။

    ကော်ဖီအတွက် အစားထိုးပစ္စည်းတော့ သီးသန့်မရှိပါဘူး။ ကဖိန်းဓာတ်ကို လျှောပထားတဲ့ ကော်ဖီတွေတော့ ရှိပါတယ်။ ချိုစေချင်ရင်တော့ ရိုးရိုးသကြားကိုပဲ အနည်းငယ်ထည့်သုံးတာ ကောင်းပါတယ်။ နို့အစား နို့အစားထိုး တခြားပစ္စည်းတွေ ထည့်သုံးတာ ပိုကောင်းပါတယ်။

    ၅။ ကြက်သွန်ဖြူ/နီ

    ကြက်သွန်အဖြူရော အနီမှာပါ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်ဓာတ်နဲ့တွေ့ရင် လေပွလာစေတတ်ပါတယ်။ အစာခြေရခက်တဲ့ ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းတမျိုးလည်း ပါဝင်ပါတယ်။ ဒါကြောင့် အခန့်မသင့်ရင် ဗိုက်အောင့်တတ်ပါတယ်။

    ကြက်သွန်ဖြူ/နီ အရသာ မပျောက်စေချင်ရင် ကြက်သွန်နီဥသေး ဒါမှမဟုတ် ကြက်သွန်မြိတ်ကို အစားထိုးသုံးစွဲသင့်ပါတယ်။ ကြက်သွန်အုပ်စုကို လုံးဝရှောင်ချင်ရင်တော့ စမုန်နက်၊ တရုတ်နံနံ စတာတွေကို ပြောင်းသုံးသင့်ပါတယ်။

    ၆။ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ

    ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်လည်း များစွာပါဝင်ပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ဖြစ်ပေမယ့် တဖက်ကပြန်ကြည့်ရင် အမျှင်ဓာတ်များလွန်းခြင်းဟာ အူလမ်းကြောင်းရဲ့ ချေဖျက်နိုင်မှုကို အပြောင်းအလဲဖြစ်စေပါတယ်။ ပုံမှန်စားနေကြမဟုတ်ဘဲ များများစားမိရင် ဝမ်းချုပ်ခြင်း၊ တခါတရံ ဝမ်းပျက်ခြင်း၊ လေပွခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီကို ရှောင်ကြဉ်ရမယ်လို့ မဆိုလိုပါဘူး။ ပမာဏကို ချင့်ချိန်စားသုံးရုံပါပဲ။

    ၇။ အသင့်စား သရေစာများ

    အသင့်စားသရေစာတွေမှာ ပြည့်ဝဆီတွေ အများကြီးပါဝင်ပါတယ်။ ၎င်းတို့ကို ကိုယ်ခန္ဓာထဲမှာ အလွယ်တကူ မဖြိုခွဲနိုင်သလို အစာချေရခက်ပါတယ်။ အာဟာရဓာတ်လည်း နည်းပါးပါတယ်။ အူလမ်းကြောင်းထဲ မြန်မြန်ရောက်ပြီး မြန်မြန်ပဲ ပြန်ထွက်ပါတယ်။ ဒီလိုသရေစာတွေကို စားချင်စိတ်ရှိရင်တော့ အလွန်အကျွံကြော်ထားတဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

    ဝမ်းပျက်ခြင်းဟာ ရက်ပေါင်းများစွာ ကြာနေရင်၊ အောက်ပါလက္ခဏာတွေလည်း ရှိနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

    – ဝမ်းထဲတွင် သွေး၊ ပြည် ပါနေခြင်း

    – ဗိုက်အလွန်အောင့်ခြင်း၊ ရစ်နာခြင်း

    – ရေဓာတ်ခန်းခြောက်ခြင်း

    – မကြာခဏဝမ်းပျက်ခြင်း

    မကြာခဏ ဝမ်းပျက်တတ်သူဆိုရင် အစားအစာတွေကို သတိပြုစားသုံးသင့်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေမယ့် အစားအစာတွေ ရှောင်ကြဉ်ရပါမယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement